လေခံနေတဲ့ နေ့လည် – 
ငြိမ်းသွေး

.

ဘွဲ့ဓာတ်ပုံကြီး အိမ်ဦးခန်းချိတ်ထားရုံနဲ့
ပညာတတ်ကြီး ဖြစ်လာမှာမှ မဟုတ်တာ
တခါက
ဆယ်တန်းအောင်ဖူးပြီး ဘွဲ့ရဖူးတယ်ဆိုတာ သတိရနေရုံနဲ့
နောင်လာနောက်သားတွေ ဂုဏ်ယူဖို့
မလုံလောက်ကြမှာစိုးလို့ ဓာတ်ပုံရိုက်ကြတာလား

ဒီလိုပါဘဲ
အမှတ်တရဆိုတဲ့ စကားလုံးနဲ့ 
ကြွားဝါမှုတွေကို ဖုံးဖိခဲ့ကြတာပဲ မဟုတ်လား

တခါသေဖူးရုံနဲ့
တစ်သက်စာ ဖူလုံသွားသူပါ
ဘာမျှော်လင့်ချက်မှမထားလို့ ဘယ်မီးမှ လာမဟပ်ရဲတာ
မဖြစ်မနေရယ်လို့ ဘာတခုမှ မလိုအပ်တော့ပါဘူး

လူပဲ
လိုချင်တပ်မက်မှုကိုတော့ ဘယ်သတ်ပစ်လို့ရမလဲ
ဧရာဝတီရဲ့သမီးပျိုလေးကို အရင်လို ပြန်ချစ်ခွင့်ရချင်တယ်
အရင်လို ပြန်စောင့်ရှောက်ခွင့်ရချင်တယ်
အရင်လို ပြန်ကူညီခွင့်ရချင်တယ်
ဒါကလည်း
အရင်လို အခွင့်သာမယ်ဆိုမှပါ

ဘဝကိုက ထိလွယ်ရှလွယ်လွန်းလေတော့
သစ်ရွက်ကလေးကြွေကျလာတာမြင်ပြီးတော့တောင်
ယောင်ပြီး မျက်ရည်ကျခဲ့မိသူပါ

အရင်လိုတော့ ခဏ…ခဏဆိုပြီး
ခဏ ခဏ မထားခဲ့ရဘူးနော်
ကျွန်တော်က တကိုယ်တော်နာကျင်တတ်လွန်းလို့ပါ
စိတ်ထဲတကယ်မပါရင် ညရောက်လည်း အိပ်မပစ်လိုက်ပါနဲ့

ဆန်ပေးမှ ဆီပြန်ရမယ့်အခြေအနေမှာ
မဖြစ်မနေတွေဟာ သိပ်စိတ်ပျက်စရာကောင်းတယ်…….။      ။

ငြိမ်းသွေး