ဂိုးဖမ်းသမားများ – 
လေပြည်ချမ်းချမ်း

.

ရွှီ ….

ဒိုင်လူကြီး၏ ခရာမှုတ်သံနှင့်အတူ ပွဲက စတင်လာခဲ့ပါပြီ ။

ပွဲ မစခင်က မာန်တကြွကြွ ခြေတဆဆ၊ ပွဲစဉ်အတွင်းမှာ တွန်းလိုက်ထိုးလိုက် ၊ ပွဲစဉ်အလယ်မှာ မောပန်းပေမယ့် ခြေကုန်သုတ်ရ ၊ ပွဲအပြီးမှာတော့ အနိုင်-အရှုံးဆိုတာ ကွဲပြားလာသည်မှာ ဘောလုံး၏ အဓိပ္ပာယ်တစ်ရပ်ပင်။

ရု ရှားမှ ကမ္ဘာ့ဖလားဖြင့် တစ်ကမ္ဘာလုံးကို တံခါးခေါက်ချိန် …. ။ 
သည်အချိန်မှာတော့ တစ်ကမ္ဘာလုံးသည် နိုင်ငံရေးအမြင်ဝါဒအယူအဆတွေ၊ လူ့အခွင့်အရေးယဉ်ကျေးမှုချိန်ခွင်တွေ ပစ်ချထားခဲ့ကာ ‘ဘောလုံး’ ဆိုသည့် ဦးတည်ချက်တစ်ခုဆီ မြစ်တစ်စင်းလို တူညီစွာ စီးဆင်းသွားကြပြီ ။ ဇွန်လ၏ အစပထမနေ့စွဲများသည် ကင်မ် နှင့် ထရမ့် တို့၏ အပြုံးတွေအောက် နူးညံ့စွာ အိပ်စက်ပျော်ခဲ့ပြီး နောက်နှစ်ရက်အကြာမှာတော့ ဒိုင်လူကြီးတို့၏ ဝီစီခရာသံအောက်တွင် ပျော်မြူးစွာ နိုးထခဲ့ကြပါပြီ ။

နမာတို့ ကော်တင်ညိုတို့ရဲ့ ဘရာဇီးလ်လား ။ ရိုနယ်ဒိုရဲ့ ပေါ်တူဂီလား။ အဂွယ်ရိုတို့ မက်ဆီတို့ရဲ့ အာဂျင်တီးနားလား ။ လူကာကူ၊ ဒီဘရွန်း၊ ဟက်ဇ်ဇတို့ရဲ့ ဘယ်လ်ဂျီယမ်လား ။ ပေါ့ဂ်ဘာတို့၊ ဒမ်ဘယ်လီတို့ရဲ့ ပြင်သစ်လား ။ Defending Champion ကလို့စ်တို့  အိုဇေးတို့ရဲ့ ဂျာမဏီပဲလား။ ဒါမှမဟုတ် အိမ်ရှင်ပီသစွာ ခြေစွမ်းသိပ်ကောင်းနေသော ရုရှားတို့လား ။

ကမ္ဘာ့ဖလားပွဲကို ရုရှားပြည်၊ မြို့ဆယ်မြို့ ကွင်း (၁၂)ကွင်းမှာ ကျင်းပပြုလုပ်ပါသည် ။ ခြေစစ်ပွဲအောင်မြင်ကာ ယှဉ်ပြိုင်ကြမည့် အသင်းက (၃၂)သင်း။ အာရှအသင်းအနေဖြင့် ဂျပန်၊ တောင်ကိုးရီးယား၊ အီရန်၊ သြစတေးလျတို့ ပါဝင်သည် ။ ကလပ်အသင်းတွေမှာ နာမည်ကြီးသလောက် မက်ဆီတို့ ကမ္ဘာ့ဖလားမှာ ခြေစွမ်းမပြနိုင်ချိန်။ ရိုနယ်ဒို၏ ပေါ်တူဂီအသင်းကလည်း ကံကောင်းနေ၍သာ တော်တော့သည်။ ဒိုလေးသည်လည်း ထင်သလောက်လှုပ်နိုင်တာမတွေ့ခဲ့ရပါ ။ လီဗာပူးလ်အားအထားရဆုံးရှေ့တန်းလူ မိုဆာလာသည်ပင် အီဂျစ်အသင်းမှာတော့ ဂိုးသွင်းစက် မလုပ်နိုင်တော့ ။ နာမည်ကြီးရှေ့တန်းကစားသမားတို့ ကမ္ဘာ့ဖလားမှာ အခြေမဟန်ချိန် ။ 

ကမ္ဘာ့ဖလားမှာ ကျွန်မ သတိထားမိလာသည်က ဂိုးသမားတွေကို ဖြစ်သည်။ သိပ်နာမည်မရှိသော အသင်းငယ်များမှ ဂိုးသမားတွေကအစ လက်စွမ်းပြနေသောအခါ ကမ္ဘာ့ဖလားသည် တစ်မျိုးတစ်ဖုံပျော်စရာကောင်းလာသည်။ အရပ်မြင့်မြင့် ခြေရှည်လက်ရှည် ဂိုးသမားတွေသည် ကမ္ဘာ့ဖလားကျမှ ပိုတော်နေသည်။ အရပ်နိမ့်ပေမယ့် ဖျတ်လတ်လျင်မြန်သော ဂိုးသမားတွေသည် သဘောကျဖွယ်ရာဖြစ်နေသည်။ 

ဘာလုံးပရိသတ်တို့အဖို့ နာမည်ကြီးကစားသမား ဘောလုံးဆွဲယူလာတိုင်း ဂိုးသမားတွေကချည်း ကာကွယ်နိုင်နေသောအခါ တဟာဟာ တဟင်ဟင်ဖြင့် ရင်မောကြရသည်။ ဘောလုံးပွဲတစ်ပွဲ၏ အနှစ်သာရက ဂိုးသွင်းနိုင်မှုဆိုလျှင် ဂိုးသမားတွေ၏ အခန်းကဏ္ဍဆိုသည်မှာ ဗီလိန်တစ်မျိုးပင် မဟုတ်ပါလား ။ 

သို့ သော် ဒီကမ္ဘာ့ဖလားမှာတော့ ကျွန်မက ဗီလိန်တွေကိုသာ သဘောကျနေမိသည်ပင် ။ အသင်းလိုက်စုဖွဲ့မှု အားနည်းလျှင် အားနည်းသလို ဗီလိန်တွေ ပို၍ အားသာတတ်သည်မှာ လူ့သဘာဝနှင့် ခပ်ဆင်ဆင်။ ကျွန်မကိုသာ ဘောလုံးပွဲတစ်ပွဲမှာ ဘယ်နေရာက ကစားချင်သလဲဟု မေးလာလျှင် ကျွန်မအတွက်တော့ အတော်ပင် ဦးနှောက်ခြောက်ဖွယ်ရာ ဖြစ်လေသည်။ 

ရှ့တန်းကစားပြီး အမိအသင်းအတွက် ဂိုးတွေသွင်းယူကာ အဖနိုင်ငံတော်အတွက် သူရဲကောင်းလည်း လုပ်လိုသည်။ ပင်ကိုက တစ်ကိုယ်ကောင်းဆန်မှုကို မကြိုက်သော ကျွန်မက လီဗာပူးလ်က စတီဗင်ဂျရတ်ကြီးလို အလယ်တန်းကစားသမားလုပ်ကာ ကစားသမားတွေကို ဟန်ချက်ညီညီပေးပို့ထောက်ကူပေးချင်မိသည်။ သို့မဟုတ် နောက်တန်းကစားသမားတွေလို တစ်သက်လုံး တစ်ကြိမ်မဟုတ် တစ်ကြိမ် အပြစ်တင်ခံပြီးပဲ နေသွားမလား စဉ်းစားစရာပဲ ဖြစ်သည်။ 

ဒါ မှမဟုတ်လျှင် ဂိုးသမားနေရာကပဲ နေလျှင်ရော။ ပြဇာတ်တစ်ပုဒ်မှာ ဗီလိန်မပါလျှင် မပြည့်စုံသလို ဘောလုံးပွဲတစ်ပွဲမှာ ဂိုးသမားသည် မပါမဖြစ် ဆားတစ်ပွင့်မဟုတ်လား ။ သူသည် လူအများသတိမထားမိသော အမှောင်ရိပ်ထဲမှ သူရဲကောင်းလိုလို  ဗီလိန်လိုလို ဒရမ်မာဇာတ်ကောင်ကြီးပင် ဖြစ်လေသည်။ 

သို့ သော် အတွေးနက်သော ကျွန်မအနေဖြင့် ‘ဘ၀’ဆိုသည့် ကစားပွဲကို ကစားမည်ဆိုလျှင် ဂိုးသမားနေရာကတော့ဖြင့် မကစားလိုပါ ။ ကိုယ့်ဆီဝင်လာမည့် လောကဓံကန်သွင်းချက်တွေကိုကြိုတင်မှန်းဆရင်း တထိတ်ထိတ်နှင့် ကစားပွဲထဲ ဝင်မသွားချင်ပါ ။

နိုင်သည်ရှိ၊ ရှုံးသည်ရှိ လောကဓံကန်သွင်းချက်တွေကို ပူပင်ကြောင့်ကြပြီး တကာကွယ်ကွယ်လုပ်ရင်း ပွဲစဉ်တစ်လျှောက်မကစားချင်ပါ။ ဂိုးသွင်းနိုင်မည်ဆိုသည့် ‘အကောင်းမြင်စိတ်’ကလေးဖြင့် လှုပ်ရှားရင်း ၊ ‘မျှော်လင့်ချက်’ဆိုသည့် ပျော်ရွှင်မှုလေးနှင့်ပဲ ဘဝကို တက်တက်ကြွကြွ လွတ်လွတ်လပ်လပ် ပြေးလွှားကစားသွားရရင် မကောင်းဘူးလား ။

နေရာရာမှာပဲ ကုပ်ကပ်ဖက်တွယ်ပြီး ကြောက်ရွံ့မှုနှင့် ကာကွယ်နေရတာမျိုး ကျွန်မ မဖြစ်ချင်ပေ ။ ဘဝကိုလှုပ်ရှားကစားရခြင်း၏ ရည်ရွယ်ချက်သည်ကား‘ကြောက်ရွံ့မှု’ကြောင့် မဖြစ်သင့်ပါ ။‘ပျော်ရွှင်မှု’ဆိုသည့် မျှော်လင့်ချက်ကလေးအတွက်သာ ဖြစ်သင့်သည်။

ချိန်တိုင်း အချိန်တိုင်းမှာ ကျွန်မအပါအဝင် ကျွန်မတို့ပတ်ဝန်းကျင်က တစ်စုံတစ်ယောက်ပေါင်းများစွာသည်ကြောက်ရွံ့မှုတွေနှင့် နပန်းလုံးလို့ ဂိုးဖမ်းသမားတွေ ဖြစ်နေတတ်ကြသည်။ ‘ဘဝ’ဆိုသည်မှာ အကန့်အသတ်နှင့်ပါ။ ထို့ကြောင့် မှန်ကန်အပြစ်ကင်းစွာနေထိုင်ဖို့၊ မျှော်လင့်ချက်အတွက် အသက်ရှင်ဖို့၊ ပျော်ရွှင်စွာနေထိုင်တတ်ဖို့သာ ကိုယ့်စိတ်ကိုယ်သင်ကြားပါ။ 

ဟာ ပြောရင်းဆိုရင်း …. မနေ့ညက ဂျာမဏီသည် ကံကောင်းထောက်မစွာ ဆွီဒင်အသင်းကို ပွဲပြီးကာနီး မိနစ်ပိုင်းလောက်အလိုမှ ကပ်ကာ အနိုင်ရရှိသွားလေသည်။ အရင်နှစ်က အိမ်ရှင်အသင်းလည်းဖြစ်ပြီး ကမ္ဘာ့ဖလားချန်ပီယံလည်းဖြစ်သော ဂျာမဏီအသင်းအဖို့ ဖိအားက ကြီးမားလှလေသည် ။ သို့သော် သူတို့သည် ပျော်ရွှင်စွာပင် နောက်ဆုံးအချိန်ထိ အကောင်းမြင်မျှော်လင့်ချက်နှင့် ယုံကြည်ကြိုးစားရင်း ကံကောင်းသွားကြပါလေပြီ ။

ဂိုး သမားတစ်ယောက်အတွက် အောင်မြင်မှုသည် တခါတရံ ဗီလိန်ဆန်ပြီး တစ်ခါတစ်ရံ သူရဲကောင်းဆန်သည်။ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှ မျက်နှာငယ်လေးဖြင့် ပရိသတ်ကို လက်အုပ်ချီကာတောင်းပန်နေသော လီဗာပူးလ်ဂိုးသမား ကားရီယက်စ်ကို မျက်လုံးထဲမြင်ယောင်လာလျှင် စိတ်ထဲမကောင်းမိ ။ 

ည်သို့ပင်ဖြစ်စေ …. အလိုဆန္ဒတိုင်း အလုံးစုံပြည့်ဝနိုင်ချေမရှိသော လူ့လောကကြီးအလယ်မှာ တခါတရံကျတော့ မလွှဲမရှောင်သာ ကျွန်မတို့ ဘ၀အတွက် အရေးကြီးသော ကမ္ဘာ့ဖလားလိုအရပ်မှာ ဂိုးသမားနေရာမှ ရှောင်လွှဲမရ ပါဝင်ကပြအသုံးတော်ခံရမည့် အချိန်တွေ ကြုံလာဦးမည် ။ ဗီလိန်ချင်းအတူတူဆိုလျှင် ကျွန်မကတော့ ရီးရဲမက်ဒရစ်မှ စပိန်ကစားသမား ရာမို့စ်လို ဗီလိန်မျိုးအစား …. ဘ၀ကဇာတ်မှာ ကားရီးယက်စ်လို ဂိုးသမားတစ်ယောက်အဖြစ်သာ ရဲရဲကြီးပါဝင်အသုံးတော်ခံလိုက်ပါဦးမည် …. ။ ဘ၀မှာ ကိုယ့်သမိုင်းကြောင်းကောင်းဖို့နှင့် နောင်တမရှိဖို့က အဓိကမဟုတ်လား ။

သင်ဆိုလျှင်ရော ….

‘ဘ၀’ဆိုသည့် ‘ကစားပွဲ’မှာ မည်သည့်နေရာမှ ပါဝင်ကစားဖြစ်မည်လဲ …. ။

လေပြည်ချမ်းချမ်း