ကောင်းကင်ကြီး ငါ့အပေါ်ပြိုတယ် – 
အောင်သာငယ်

.

ဘယ်လိုပဲ လင်းလက်နေတဲ့နေ့ဖြစ်ဖြစ်
ဘယ်လောက်ပဲ မဲနက်နေတဲ့ ညဖြစ်ဖြစ်
အချိန်ကာလတွေနဲ့ပဲ ထုဆစ်ရတာ မဟုတ်လား…

နေ့၊ လ၊ နှစ်တွေရဲ့
အမှုမဲ့ အမှတ်မဲ့ အမှား အယွင်းနဲ့
မကြိုဆို မလိုလားအပ်တဲ့ ကျိန်စာ
အလိုမတူပဲ တွန့်လိမ်သွားရရှာတဲ့ နာရီတလုံးပေါ်မှာ
ရက်ရက်စက်စက် ကျရောက်လာတဲ့အခါ…

နေ့တွေဟာ ပိုမှောင်
ညတွေဟာ ပိုပြီးနက်ပြောင်လာ
အရာရာ လွဲချော်နေခဲ့တဲ့ မြစ်တစင်း
ရုတ်တရက်ကြီး လမ်းကြောင်းပြောင်း စီးဆင်းသွား
တမင်သက်သက် တိုက်စားခံရရှာတဲ့ ကမ်းများ
ကမန်းကတမ်း ပြိုကျကြ….

ငါကတော့
ငါ့ရဲ့
လမဲ့ ညတွေကိုပဲ ကြိုးစားမေ့နေမိ…

ငါကတော့
ငါ့ရဲ့
အဆုံး အစ မရှိခဲ့တဲ့ နေ့တွေကိုပဲ လိုက်လိုက်ရှာကြည့်…

ငါဟာ
အတိတ်မေ့နေသည့် ရာသီဥတု တခုလေလား
င့ါ နှလုံးသားထဲ ကောက်ထည့်ပစ်မိတဲ့
ငါ့ရဲ့ ကောက်ကွေးနေခဲ့တဲ့ မြစ်တစင်းကိုတော့
ငါ့ဘာသာပဲ ငါ
ငါ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဖြောင့်တန်းစေဖို့ ကြိုးစားခဲ့…

ငါ့ရဲ့ မနက်ဖန်တွေကိုလည်း
ငါ့လိုပဲ ရိုးသားနေစေခဲ့ချင်
မည်သို့ပင်ရှိပါစေ
ငါ့ပြက္ခဒိန်တွေရဲ့ကမ်းခြေတခုလုံးသည်လည်း
လောကဓံပင်လယ်ကြီးထဲကို
တဝုန်းဝုန်း ပြိုပြိုကျနေခဲ့…

အချိန်ကာလကို သိဖို့
ဘ၀ကြီးတခုလုံးနဲ့ လဲလှယ်ပြီး
ငါ ၀ယ်ယူဝတ်ဆင်ထားခဲ့မိတာ
ထာဝရ ကောက်ကွေး တွန့်လိမ်နေမယ့်
အေးစက်စက် နာရီတလုံးတဲ့လား…

ငါ…
ဖျားနာသွားပါပြီ
ဟောသည် ကမ္ဘာမြေပေါ်မှာ
ငါဟာ
ဘယ်လိုများ အလွဲလွဲ အချော်ချော်ဖြစ်နေခဲ့တဲ့
မြစ်တစင်းပါလဲ
ဘယ်အရပ်ကိုများ
ငါက
ရုတ်တရက် စီးဆင်း ရပါ့မလဲ…

ဟေး… …
သည်မှာ…
ကမ်းပြိုတာချင်း အတူတူတောင်
တချို့သူတွေကတော့
လူတကာရဲ့ ဂရုဏာတွေ ရရဲ့…

ငါက ကမ်းပြိုနေတဲ့ကောင် မဟုတ်ရဘူး…
ငါ့အပေါ် ပြိုပြိုကျတာ
ကောင်းကင်ကြီး…
ညီမလေးရဲ့…
“နှင်း”ရဲ့…
ငါက
မိုးပြိုကျနေခဲ့တဲ့ကောင်ပါ…

အောင်သာငယ်

Credit @ http://aungthange.blogspot.com