အိပ်မက်ရထား – 
ဝင်းဌေးဦး

.

အချိန်ကာလရဲ့ ရွေ့လျားနှုန်းတွေလို
ဖမ်းဆုပ်မမီအောင်ပဲဆိုပါတော့ ။

လေလိုသွားနေတယ်
ရေလိုစီးနေတယ်
ဒါပေမယ့်
မြေသားလိုတည်ငြိမ်ခွင့်အတွက်
ကျောက်ချရပ်နားစရာ ကမ်းခြေတခုအာမခံမရှိဘူး ။

မျဉ်းပြိုင်တခုရဲ့ အားပြိုင်မှုအတွက်
မနာလိုဖြစ်နေတဲ့ သင်္ချာရဲ့နိယာမတချို့ကိုမကျေနပ်ခဲ့
ကျေနပ်သည်ထိ မျှော်လင့်နေမယ် ။

သဘာဝလား
နိယာမလား
သေချာခြင်းတခုကတော့
သစ္စာတရားဆိုတာ
အများကြိုက် မိုးခါးရေမဟုတ်သလို
မျက်ကန်းကြိုက်တဲ့ တဖက်ပွင့် ရေတွင်းမဟုတ်ဘူး ။

ရင်မောမှုများကိုနေ့စဉ်ခပ်သောက်ခဲ့ရ
ပိုးဖောက်ရာတွေနဲ့ဥတုကပ်များထဲမှာ
သစ္စာတရားဟာ
မိုးဦးကျအမှတ်အသားရဲ့ ရွက်ကျပင်ပေါက်လို
စိမ်းစိုနုရွ မြရည်ရွှန်းလဲ့လာမှာမဟုတ်ဘူး ။

ဒါပေမယ့်
မျဉ်းပြိုင်တခုရဲ့အသံတိတ်ကြေကွဲနေမှုများကိုတော့
ဗြမ္မစိုရ်နှလုံးသားနဲ့နားထဲကိုထည့်မိလေ
မောပမ်းနေတဲ့ မျဉ်းပြိုင်ရဲ့
တောင်ပံတွေဟာ နှင်းတွေလို စိုစွတ်လေးလံ
တစုံတခုက တစုံတရာသောဖိစီးမှုတွေနဲ့
သစ္စာကိုဗဟိုပြုထားတဲ့ အလွမ်းတေးတပုဒ်လို
မိုးမချုပ်မီ လာလာနေကျအသံရှည်ရှည်တွေနဲ့
ဥသြသံတခုမှာလေ
အိပ်မက်ပန်းတွေရဲ့ ကံကြမ္မာကို
သစ္စာဝတ်ရုံခြုံရင်းစောင့်ပါရစေတော့ ။ ။

ဝင်းဌေးဦး
၂ ၅ ၂ ၁ ၈