ဆာရီမလေးရဲ့ပန်းခြံ – 
ညီဇော်ချစ်

.

တော်လှန်ရေးအတွက်
လက်သီးဆုပ်ရဲဖို့ လိုသလို
ငြိမ်းချမ်းရေးအတွက်
လက်ချင်းဆက်ရဲဖို့လိုတာပေါ့

လက်သဲကြားအပ်စိုက်ရဲမှ
သူရဲကောင်းဝါဒလို့
ငါတို့တွေးခေါ်နေချိန်
ပါလက်စတိုင်းအိမ်ရှင်မတယောက်ဟာ
အစ္စရေးအကြမ်းဖက်သမားတွေရဲ့ ဗုံးဆံတွေကို
ပန်းတခင်းဖြစ်အောင်ဖန်ဆင်းလိုက်ပြီ

နူးညံ့စွာ ရဲရဲရင့် ပြောင်းလဲလိုက်တဲ့
ဆာရီမလေးရဲ့ ချစ်မေတ္တာတွေ
တနေ့နေ့
ဆာရီမလေးရဲ့ ပန်းခြံထဲ
ဂျူးနဲ့ ပါလက်စတိုင်း ကလေးငယ်တွေဟာ
အရောင်အသွေးစုံတဲ့ ပန်းလေးတွေအဖြစ်
ပွင့်လန်းလာလိမ့်

တနေ့နေ့
ဆာရီမလေးရဲ့ပန်းခြံဟာ
ယေရှု နဲ့ အလာအရှင်မြတ်တို့ရဲ့
တခုတည်းသော ကောင်းကင်ဘုံဖြစ်လာလိမ့်

တနေ့နေ့
ဆာရီမလေးရဲ့ပန်းခြံထဲ
ဂျေရုဆလင်ဟာငြိမ်းချမ်းသွားပေလိမ့်

ဆာရီမလေးရဲ့ပန်းခြံအကြောင်း
ဖတ်မိတဲ့နေ့က
“ အမိနိုင်ငံတော်ကိုချစ်မြတ်နိုးပါ” ဆိုတဲ့
ဆိုင်းဘုတ်ကြီးအောက်
ငါနဲ့
ငါ့နိုင်ငံတော်ဟာ
တယောက်မျက်နှာတယောက်ကြည့်ရင်း
အရှက်သည်းနေခဲ့

ဘုရားသခင်ဟာ စောခဲ့တယ်
အမှန်တရားဟာ စောခဲ့တယ်
ဂျုံနဲ့ ပေါင်မုန့်ဟာ စောခဲ့တယ်
မုန့်ပျားသလက်နဲ့ ပဲပြု တ်ဟာ စောခဲ့ပါတယ်

နောင်တနဲ့
နောက်ကျခြင်းမှာ အသားကျနေသူ
ငါတို့သာ……………………။       ။

ညီဇော်ချစ်