အစစ်​ – ဖိုးရွှေညီမှိုင်း

.

အသိမ်းခံထားရတဲ့
လယ်​​မြေ​တွေ ပြန်​မ​ပေးဘူး
ဥပ​ဒေနဲ့ အညီ။

အဖမ်းခံထားရတဲ့
သတင်း​ထောက်​​တွေ ပြန်​မလွှတ်​ဘူး
ဥပ​ဒေနဲ့ အညီ။

လူသတ်​သမား​တွေ လွတ်​​နေတယ်
ဖမ်းမမိဘူး
ဥပ​ဒေနဲ့ အညီ။

“ငြိမ်းချမ်း​ရေး ကဗျာ” 
ရွတ်​ခွင့်​မရှိဘူး
ဥပ​ဒေနဲ့ အညီ။

တရားခွင်​မှာ
အမှန်​ကို
သက်​​သေထွက်​ဆိုခွင့်​ မရှိဘူး
ဥပ​ဒေနဲ့ အညီ။

မင်းတို့​ရေးတဲ့
ဥပ​ဒေနဲ့ အညီ။ 

အမှန်​​ပြောသူ​တွေကို ဆဲ​ရေးဆိုခွင့်​ လိုချင်​ရင်
အမှန်​လုပ်​သူ​တွေကို ထိုး​ကြိတ်​ရိုက်​ခွင့်​ လိုချင်​ရင်
အမှန်​တရားအားလုံးကို ​ထောင်​ချထားခွင့်​ လိုချင်​ရင်

လက်​​မောင်းမှာ အနီ​ရောင်​အဝတ်​စကို ပတ်​ပါ
အမျိုး ဘာသာကို အလွန့်​အလွန်​ချစ်​​ကြောင်း​ပြောပါ
မကြာခင်​မှာ တတိယကမ္ဘာစစ်​ ဖြစ်​​တော့မယ်​အ​ကြောင်း
အ​ထောက်​အထားဓာတ်​ပုံ တ​သောင်း​လောက်​ရှာပြီး 
ဖေ့စ်​ဘွတ်​​ပေါ်တင်​ပါ
ပညာရှိ​လေသံ​နဲ့
လက်​ရှိအစိုးရ လုံးဝ အသုံးမကျ​ကြောင်း
စောင်းပါးရိတ်​​ခြေ ဆိုပါ။

မင်းတို့
ပျက်​​စေချင်​တိုင်း ပျက်​လို့ရတာ 
လျှပ်​စစ်​မီး ရှိတယ်
လူညံ့​တွေရဲ့စိတ်​ဓာတ်​ညံ့​တွေ ရှိတယ်
အောက်​တန်းစား ရုပ်​ရှင်​​တွေ ရှိတယ်
အောက်​တန်းစား သီချင်း​တွေ ရှိတယ်
အောက်​တန်းစား စာနယ်​ဇင်း​တွေ ရှိတယ်
အခွင့်​အ​ရေးနဲ့ ​ငွေ ရရင်
ဘာမဆိုလုပ်​​ပေးမယ့်​သူ​တွေ ရှိတယ်​။

မင်းတို့
ဖျက်​ချင်​တိုင်း ဖျက်​လို့မရတဲ့အရာ​တွေက​တော့
သဘာဝမှာ ရှိတယ်
ဓမ္မမှာ ရှိတယ်
သစ္စာမှာ ရှိတယ်
ကဗျာမှာ ရှိတယ်
ကဗျာဆရာအစစ်​​တွေမှာ ရှိတယ်
လူအစစ်​​တွေမှာ ရှိတယ်​။

ဖိုး​ရွှေညီမှိုင်း
၂၀၁၈ ​မေလ