ရွယ်လူးကို ရွတ်မပြရသေးတဲ့ ငါ့ကဗျာ – 
ရာမိုးဇင်

.

မသေတဲ့ကမ္ဘာမှာ
ဒီကဗျာကို နားသောတဆင်ပါ ရွယ်လူး

ဒေဝဒတ်လမ်းစဉ်နဲ့
ကမ်းမမြင် လမ်းမမြင် ပင်လယ်မှာ
ငါတို့ လူညွန့်မတုံးခဲ့ဘူး ရွယ်လူး

ခွေးအူတာ ထမကြည့်မိခဲ့လို့
အရိုးကိုက် အရင်းကိုက် ခွေးရူးရဲ့ ကိုက်ခဲတာ
ခံခဲ့ရပြီ ရွယ်လူး

ရူးနေတဲ့ လူ့အဖွဲ့အစည်းမှာ
ရူးမနေခဲ့သူဟာ 
သူရူးလို့ စွပ်စွဲပြစ်တင်ခံရဖို့ပဲ

ခံတွင်းချဉ်လာခြင်းဟာ ကင်ဆာဆဲလ်မျိုးစိတ်ရဲ့
အာဏာပါးကွက်သား လက်ထဲက ဓားပဲ

ရွယ်လူးရဲ့ဇက်ပိုးကို ခုတ်ချလိုက်တယ်
သူ့ရင်သွေးနဲ့ သူ့ခွေးလေးပါ သေအောင်သတ်ခဲ့တယ်
လုပ်ကြံသူရဲ့ သူရဲဘောကြောင်ခြင်းဟာ
ရွယ်လူးကို အသေမသတ်နိုင်ခဲ့

နှလုံးသားတည့်တည့် ရေခဲချွန်နဲ့ တစ်ဆုံးထိုးသွင်းပြီး
လူသတ်လက်နက်ကို ဖျောက်ဖျက်လိုစိတ်နဲ့ အပျောက်ရိုက်ခဲ့

ရွယ်လူးရဲ့ ရယ်မောသံမှာ 
အမှန်တရားဟာ သွေးပျက်ခဲ့လေပြီ
သမိုင်းအ .အ မှာ
မျိုးဆက်တုံးရေးတရားကို အဆိပ်လိုခတ်ပြီး 
နိုင်ငံရေး
နိုင်ငံအရေးကို သားဆက်ခြားခဲ့

အဲ့ဒီ ခေတ်အပျက်မှာ လူဖြစ်ခဲ့ပြီး
ဦးနှောက်အသေတွေ တပ်ဆင်ခဲ့
လူ လူချင်း အတူတူ ဖက်ဆစ်ပြုခဲ့

ရွယ်လူး
သမိုင်းရဲ့အရေခွံကို ဆွဲဆုတ်ဖြဲပစ်ခဲ့တယ်
သမိုင်းရဲ့အရွေ့ဟာ 
ကဗျာဆရာရွယ်လူးရဲ့
အံကြိတ်သံတွေနဲ့ လည်ပါတ်ခဲ့တယ်

သမိုင်းရဲ့ အလှည့်အပြောင်းဟာ
ရွယ်လူးရဲ့ တောက်ခေါက်သံတွေနဲ့
မာန်တင်းနေတယ်

သမိုင်းရဲ့ တရားစီရင်ရေးဟာ
ရွယ်လူးရဲ့ ကဗျာရွတ်သံတွေနဲ့
ဥပဒေစိုးမိုးရေး တုန်ဟီးနေတယ်
အခုထက်ထိ 
မသေတဲ့မျက်စိနဲ့ ရွယ်လူးကြည့်နေခဲ့တယ်

ပြောင်းလဲချိန်တန်ပြီလို့
သူ …
မအော်ဟစ်ခဲ့ရရှာဘူး
မဲဆွယ်မစည်းရုံးခဲ့ဘူး
ကျမ်းကျိန် ကတိသစ္စာ မပြုခဲ့ဘူး

မိသားစု ဆင်းရဲဒုက္ခနဲ့
ပွင့်ခဲ့ရရှာတဲ့ ဒီမိုကရေစီပန်းကို
သူ့လက်နဲ့ ဆွတ်ခူးဖို့ ဘယ်တော့မှ မလှမ်းခဲ့

သမိုင်းနဲ့အတူချီတက်ခဲ့ပြီး
သမိုင်းမှာနေရာမတောင်းဆိုခဲ့

သူဟာ
ခွေးငတ်နဲ့ ဖိနပ်ပြတ် တရားကို ဟောခဲ့
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေကို ရွံရှာခဲ့
အရူးရှူးတိုက် ဟောင်သံတွေကို တော်လှန်ပစ်ခဲ့
တိုက်ပွဲရှိနေခြင်းဟာ အဓမ္မထွန်းကားနေခြင်းလို့
မိုးမွှန်အောင်ဆဲရေးခဲ့

တာဝန်ကျေခဲ့တယ် ရွယ်လူး
အကြောက်တရားများတဲ့ ထူးကို တူးဆွ
ယုံကြည်ရာကို စွဲကိုင်ပြီး တော်လှန်
မျိုးစေ့မှန်ရင် သမိုင်းမှာ အပင်သန်မယ် 

ဒါ
ခင်ဗျားဝါဒ
အရိုးတွန်ပြပါ ရွယ်လူး

သမိုင်းသစ်ရဲ့ အနှံအဖူးမှာ
ပြည်သူဟာ အရူးမဟုတ်ဘူး
ပြည်သူဟာ အကန်းမဟုတ်ဘူး
ပြည်သူဟာ အ အ မဟုတ်ဘူး
ပြည်သူဟာ အမှန်တရား ရွယ်လူး
သမိုင်းကို ဆက်တူးဆွဖို့
ရွယ်လူးတွေ အလိုရှိနေတယ်။       ။

ရာမိုးဇင်
(26/11/2017)

စာကြွင်း ။     ။
လုပ်ကြံခံရပြီး ကွယ်လွန်သွားတဲ့
၁၄/ ကဗျာဆရာရွယ်လူးတို့ သားအဖသို့
ဝမ်းနည်းစွာဖြင့် ဒီကဗျာကိုရေးခဲ့ပါတယ်။