ဟိုတုန်းကအဖြစ်ရော အခုလစ်မစ်ရော – 
သူ့ထက်ကဲ(မန်း)

.

ဟို တလောက
အသည်းနှစ်ခြမ်း
ဗြန်းဗြန်းကွဲသွားတဲ့ 
ပေါက်ကျော်မလို
မင်းကို ကြည့်လို့ကို မရဘူး……။

နေပါဦး 
ရင်ဘတ်ထဲက
သံစဉ်တွေ မြွက်ဆိုလိုက်တာဟာ
စိန်ခေါ် အကွက်ချတာမဟုတ်ဘူး
ကာရန်တွေ ပျံသန်းနေတာ

တိမ်ပေါ်တက်တာ မဟုတ်ဘူး
အတိုင်အဖောက်ညီခဲ့တာ
ကျည်ဆန်ထည့်နေတာမဟုတ်ဘူး
အက္ခရာတွေ ရေးခြစ်နေတာ

မဆီမဆိုင် ညှစ်တာမဟုတ်ဘူး
အံတစ်ချက်ကြိတ်လိုက်တာ
သေနတ်နဲ့ပစ်တာ မဟုတ်ဘူး
အဆိုးတရားကို လက်ညှိုးထိုးပြလိုက်တာ

ထိုးကျွေးတာ စားချင်လို့မဟုတ်ဘူး
အကြောင်း အကျိုး မီးမောင်းထိုးပြလိုက်တာ
တစိမ်းဆန်လို့ မဟုတ်ဘူး
အိမ်ပြန်ချိန်တွေ သိပ်နောက်ကျနေလည်း
မုန့်ပို မလိုချင်ခဲ့ဘူး

ငါ ဒီကဗျာရွတ်လိုက်တာ
လက်မထောင်နေတာ မဟုတ်ဘူး
ငါတို့ကဗျာရွတ်လိုက်တာ 
နေခြည်မှာ ရွှေရည်လောင်းဖို့။

အေး ဟုတ်တယ်
အခု
ငါတို့အိမ်ခေါင်မိုးကို
တစ်စစီထိုးခွဲသွားတဲ့
လေနီကြမ်းလိုပဲ

မင့်ကို
အခုရော
နောင်ရော
ဘယ်တော့ဖြစ်ဖြစ်
ကြည့်လို့မရဘူး

ကဲ အမေ……
ဘုရားခန်းက ကျည်ဆန်ပန်းအိုးကို
.နွံထဲမှာ ကုပ်ချိုးလိုက်ပါတော့……။ ။

သူ့ထက်ကဲ(မန်း)