အိပ်မက်ဆိုးနဲ့ပိတ်မိနေတဲ့ကလေးတယောက် –
သုတလင်း(ဆင်ပေါင်ဝဲ)

.

အဲဒီနေ့က
ကစားစရာအသစ်တွေရောက်လာမယ်လို့
မေမေ ဆရာမကပြောတယ်။

တကယ်ရောက်လာတော့
သေနက်တွေနဲ့ဗုံးတွေ
ကစားမလား နားမလား မဟုတ်ပဲ
ဗုံးကျဲမှာလား တိုက်မလား
အဲဒီနေ့ကစလို့
မေမေ ဆရာမနဲ့ ဝေးခဲ့ရတယ်။

အဲဒီနေ့က
ပန်းကန်ပြားပျံကြီးကျလာမယ်လို့
အမေကပြောတယ်။

တကယ်ကျလာတော့
ဗုံးသံတွေ သေနက်သံတွေနဲ့
အံ့သြစရာ ပန်းကန်ပြားပျံကြီးအစား
စစ်လေယာဉ်ပျံကြီးတွေ တဝီဝီ ပျံသန်းလို့
ကြည့်နေမလား ပြေးမလား
အဲဒီနေ့ကစလို့
မိသားစုထမင်းအိုးလေး ကွဲခဲ့ရတယ်။

တောင်တန်းကြီးတွေနဲ့ ဝေးခဲ့ရသလို
မိသားစုတွေနဲ့လည်း ကွဲခဲ့ရ
ကြာတော့
မောင်လမင်းမောင်ဆိုတဲ့ နာမည်လေးပျောက်ပြီး
ဒုက္ခသည်ဆိုတဲ့ နာမည်ဆိုးနဲ့ ယဉ်ပါးလာ
ငတ်ချင်းပြတ်ချင်းနဲ့ ခံနိုင်ရည် ရှိလာ
အကြင်နာမဲ့တဲ့ စစ်အတ္တ
သူပုန်အတ္တတွေကြား
မေတ္တာတရားဟာ ဆီလိုရှားပါးလာ။

မောင်လမင်းမောင်ရဲ့ နိုင်ငံသားစီစစ်ရေးကဒ်မှာ
အမည်=ဒုက္ခသည်
ဖခင်အမည်=စစ်တလင်း
မိခင်အမည်=တိုက်ပွဲမှာကျ မေမေဆရာမ
ပညာအရည်အချင်း=မရှိ/မသိ
နေရပ်=ဒုက္ခတို့ပေါက်ရောက်ရှင်သန်ရာမြေကြီး
ဘယ်မှာလည်း အကြင်နာတရားရယ်
ဘယ်မှာလည်း မေတ္တာတရားရယ်။

ပြည်တွင်းစစ်ထဲ
ဘဝတွင်း နစ်နစ်ထဲကို ဖိတ်စင်ကျ
ဘယ်လိုမှ ပြန်မရတော့ ဘဝမှာ
အဖေက ဘယ်မှာ
အမေက ပြန်မလာ
ဘယ်ဆီဘယ်ဝယ်များ ထွက်ခွာသွားလေသလား။

အဲဒီနေ့တွေကိုအစပြုလို့
ပြန်ရောက်မလာတော့တဲ့ အမျှော်နဲ့ ယဉ်ပါးရင်း
အားလုံးနဲ့ ဝေးခဲ့ရတယ်
ဝေးနေရဦးမယ်။

အားလုံးပြီးသွားပြီဆိုတဲ့တစ်နေ့
ကစားစရာ အသစ်တွေနဲ့ ကစားမယ်
ကစားလည်း ကစားမယ်
နားလည်း နားမယ်
ပန်းကန်ပြားပျံကြီး ကြည့်မယ်
ကြည့်မယ် ကစားမယ် နားမယ်။

ပုံပြင်အဆုံးမှာ
မျက်ရည်တွေ စီးကျလို့
နားထောင်သူတွေဆီမှာ
မေတ္တာနဲ့ ကရုဏာတရားကို တွေ့တယ်
ထပ်တူ မျက်ရည်ကျမိတယ်
ပုံပြင်ထဲမှာ တခုခုကိုတွေ့တယ်။ ။

သုတလင်း(ဆင်ပေါင်ဝဲ)