ဆရာမ – 
ရွှေကြယ်​မိုး

.

(၁)

ဆရာမ မဆုံးမလို့ မာနေတဲ့ခေါင်းတွေထဲမှာ
၂၀၁၄ ခုနှစ်​ဟာ အခုထိ ချမ်းနေတုန်းပဲ
ဇီဇဝါရောင် နေရောင်ခြည်တွေအောက်မှာ

ခုတော့လည်း ဆရာမက သက္ကရာဇ်တခု
ကျနော်က သက္ကရာဇ်တခု
နှစ်​ပေါင်းများစွာ ကျန်ခဲ့ပြီ

ဆရာမ သဘောကျတဲ့ လက်ဖျံပေါ်က တက်တူးနဲ့
ဆရာမ မကြိုက်တဲ့ ကာလများမှာ
အနာဂတ်ကို ယုံကြည်သူတယောက်
စာသင်ခန်းကို စွန့်ခွာခဲ့တယ်။     ။

(၂)

ဆရာမ မကြိုက်တဲ့ တပည့်တယောက်ဖြစ်သွားပြီလား
ရက်ပေါင်း သုံးလေးနှစ်ကြာပြီး ဝေးခဲ့တယ်

ဆေးလိပ်သောက်နှုန်းမြင့်
ရင်ခုန်သံမြင့်မြင့်တွေနဲ့
၂၀၁၄ ဆောင်းရာသီ မနက်ခင်းမှာ
ရည်စားဦးအတိတ်ပါတဲ့ အနွေးထည်ဝတ်ပြီး
ယုံကြည်ချက်အကြောင်း ဖုန်းပြောချင်တဲ့
ကျောင်းသားတယောက်
ခုထိ သောက်ဆေးမတိုးလောက်အောင် ဖျားဆဲ။   ။

(၃)

ဒီကမ္ဘာမှာ
ကျနော်တို့ နှစ်ယောက်က မတွေ့မမြင်ရတော့ဘဲ
တယောက်တလှည့် သေဆုံးသွားမယ့်လူတွေထင်ရဲ့

ဖုန်းထဲမှာ
လေလှိုင်းတွေကြားမှာ
အသံတွေ နားစွင့်ရင်း
တိတ်တိတ်သွားတဲ့ နွေမိုးဆောင်းများ
ဘာလို့ အသံတွေ တင်းမာနေတာလဲမေးရင်
ဖြေစရာမရှိဘူး

သက်ပြင်းချသံနောက်က ကမ္ဘာကြီးအကြောင်း
ကျနော့်မှာ သင်ကြားပြသစရာမရှိဘူး ဆရာမ

စာသားတွေ အသံတွေ တခါတခါ 
ကြည်လင်တတ်ပေမဲ့
၂၀၁၄
၂၀၁၅
၂၀၁၆
ခုထိ မုန်တိုင်းက
တဒီးဒီးဖြတ်တိုက်ဆဲ

အဖြူ အစိမ်းများက အိပ်မက်ထဲထိ စကားပြောခဲ့
.နွေးခနဲ နွေးခနဲ နွေးတယ်
ဘွဲ့လက်မှတ်တွေ ဘယ်လိုရရ
တဘဝလုံး ကျနော် စာမေးပွဲကျခဲ့ပါတယ် ဆရာမ။     ။

ရွှေကြယ်​မိုး