ယူချင်မှ ယူတတ်မှ ရမည့် သင်ခန်းစာ – 
နောင်ကျော်

.

တိုင်းရင်းသားပါတီတွေ ရွေးကောက်ပွဲနိုင်ကြခြင်းကို
ဝမ်းသာပေးနိုင်ဖို့ (မုဒိတာစိတ်မွေးနိုင်ဖို့) လိုမည်။
သို့မှသာ နိုင်ငံရေးပါတီ လမ်းကြောင်းပေါ်မှ
ညီညွတ်မှု၊ အစိုးရနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏
အပြန်အလှန် ယုံကြည်နားလည်မှုဖြင့်
တိုင်းပြည်၏ အနာဂတ်ကောင်းကို အတူလက်တွဲ၍ လှမ်းလျှောက်နိုင်ပါလိမ့်မည်။
ဤသို့ မစဉ်းစား၊ လက်တွေ့မလုပ်နိုင်ပါက 
ချောင်းဆုံနှင့် ကျိုင်းတုံလို
ဒီမိုကရေစီနှင့် ဖက်ဒရယ်အင်အားစုများ၏ အရှုံးမျိုးကို
၂ဝ၂ဝ တွင် အကြီးအကျယ် ကြုံရနိုင်ခြေ ရှိလာမည်ထင်သည်။

.

(၁)

ပြီး

ခဲ့သည့် ၂ဝ၁၇၊ ဧပြီလ ၁ ရက်တုန်းက ကျွန်တော်တို့ တိုင်းပြည်တွင် ကြားဖြတ်ရွေးကောက်ပွဲလုပ်ခဲ့သည်။ အနောက်ကမ္ဘာခြမ်းမှာတော့ ဧပြီ ၁ ရက်ကို အရူးလုပ်သည့်နေ့ (April Fools’ Day) ဖြစ်သည်။ ဤယဉ်ကျေးမှုကလည်း ဒီတိုင်းပြည်ကို ကူးစက်နေခဲ့သည်မှာ အတော်လေးကြာခဲ့ပြီ။ ခင်မင်သူတွေ အချင်းချင်းကြားမှာ အတည်ပေါက်နောက်ပြောင်ကျီစယ်ပြီး မဟုတ်တာကို အဟုတ်ထင်အောင်စကြ နောက်စကြသော ဓလေ့ဖြစ်သည်။  

ဤသို့သော ဧပြီအရူးလုပ်သောနေ့မျိုးမှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်ခြင်းဖြစ်လေရာ ဘယ်သူတွေက အရူးလုပ်ပြီး ဘယ်သူတွေက တစ်ကယ်ထင်ခဲ့ကြသလဲ ဆိုသည်ကိုသာမက ဘယ်သူတွေ တစ်ကယ် ခံခဲ့ကြရသလဲဆိုသည်ကိုပါ ဆန်းစစ်ကြည့်ဖို့ ကောင်းမည်။

ကြား ဖြတ်ရွေးကောက်ပွဲနေ့တွင် မဲထည့် ခွင့်ရှိသူထဲမှ အများစုတွေ မဲမပေးခဲ့ကြခြင်းကတော့ ဧပြီဖူးလ်လုပ်ခြင်း မဟုတ်တာကတော့ သေချာသည်။ အထူးသဖြင့် ရန်ကုန်တိုင်းထဲမှ မဲဆန္ဒနယ်မြေများတွင် မဲပေးခွင့်ရှိသူတွေ အတော်များများက မဲရုံ များသို့လာရောက်ပြီး မဲမပေးခြင်းကိုတော့ စိတ်ဝင်စားမိသည်။ ဤအထဲမှ တချို့ကတော့ စားဝတ်နေရေးကိစ္စကြောင့် မဲမပေးနိုင်ကြခြင်းဖြစ်နိုင်ပြီး မဲလာမပေးသူ အများစုကတော့ နိုင်ငံရေးအကြောင်းခံကြောင့် မဲလာမပေးကြခြင်းများလားဟုပင် စဉ်းစားစရာဖြစ်သည်။

သာ မန် ပြည်သူလူထုအများစုသည် စစ်အာဏာ ရှင်စနစ်အောက်တွင် ကျပ်တည်းကျဉ်းမြောင်းစွာနေထိုင်ရင်း အာဏာ ရှိသူဟု ဆိုသူများကို ကြောက်နေခဲ့ရသူတွေဖြစ်သည်။ ထို့ကြောင့်လည်း ၂ဝ၁၅ ရွေးကောက်ပွဲ တွင် ဒီမိုကရေစီဟုခေါ်ကြသော အပြောင်းအလဲကို ပြင်းပြင်းပြပြလိုလားသောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပုံအောခဲ့ကြသည်။ သို့သော် အစိုးရသစ်၏ တစ်နှစ်တာကာလအတွင်းမှာ ထူးခြားသော အပြောင်းအလဲကို မတွေ့လာကြရသောအခါ ‘ဘယ်အစိုးရ တက်တက်၊ ဒုံရင်းက ဒုံရင်းပါပဲ’ဟု တွေးမိလာနိုင်သည်။ အကြောက်တရား ကလည်း သိသိသာသာ ပျောက်သွားရခြင်းမျိုးမရှိခဲ့။

ထို အခါတွင် ၂ဝ၁၅ တုန်းကလို ရွေးကောက်ပွဲအပေါ် ထက်ထက်သန်သန် စိတ်ဝင်စားမှု မရှိတာမျိုးတွေဖြစ်လာမည်။ နိုင်ငံရေးလေ့လာသူတွေလို အစိုးရ၏ အကျပ်အတည်းတွေကို မြင်မှာ သိမှာမဟုတ်။ သိရလောက်အောင်လည်း တာဝန် ရှိသူတွေက ပွင့်ပွင့်လင်းလင်း ဝန်ခံထားတာမျိုးကမရှိ။ ထိုအခါတွင် အားကိုးစရာလမ်း မမြင်ရ၊ လူမမြင်ရသောအခါ အချိန်ကုန်၊ အလုပ်ရှုပ်သော မဲရုံသွား၍ မဲပေးခြင်းကိစ္စကို မလုပ်ကြတော့တာဖြစ်မည်။

ရှုထောင့်မှနေ၍ သုတေသနပြု၍ လေ့လာဆန်းစစ်အကဲဖြတ်ခြင်းမျိုးလုပ်ဖို့ လိုမည်ထင်သည်။ ဤသုတေသနမျိုးကို အားလုံးကောင်းပါသည်ခင်ဗျားဆိုသော အကောင်းမြင်ရှုထောင့်၊ အခြေအနေမှန်ကို ဖုံးကွယ်ချင်သော သဘောထားတွေပေါ် အခြေခံပြီး အချက်အလက်ရှာခြင်းမျိုး မလုပ်မိဖို့လိုသည်။ လူတွေ့မေးမြန်းချိန်တွင်လည်း ဖြေမည့်သူတွေကို မစိုးရိမ်ဖို့၊ မကြောက်ဖို့ အာမခံချက်ပေးနိုင်သူတွေက မေးမြန်းမှ သင့်မည်။ မဲမပေးခဲ့သူတွေက နိုင်ငံရေးပါတီတွေအပေါ် အယုံအကြည်မဲ့လာခြင်းကြောင့်လားဟူသော မေးခွန်းကတော့ အဓိကကျသော မေးခွန်းဖြစ်ဖို့ လိုပါလိမ့်မည်။

(၂)

ကြားဖြတ်ရွေးကောက်ပွဲ၏ ပြည်နယ်မဲဆန္ဒနယ်များတွင် ဒေသခံတိုင်းရင်းသားပါတီတွေ အနိုင်ရသည့် သတင်းကတော့ ကျွန်တော့်အတွက် ဝမ်းသာစရာသတင်းဖြစ်သည်။ ပြည်ထောင်စုနိုင်ငံတော် တည်ထောင်ရေးတွင် သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ်များအတွက် ပြည်နယ်သား အများစုကို ကိုယ်စားပြုသော နိုင်ငံရေးပါတီများက ရွေးကောက်ပွဲတွင် အနိုင်ရပြီး ပြည်နယ်လွှတ်တော်တွင် စီးမိထားဖို့လိုသည်။ သို့မှသာ ဖက်ဒရယ်စနစ်ကို ပြည်နယ်သားတွေက အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ အားရှိလိမ့်မည်။

ခု NCA လမ်းကြောင်းပေါ်မှာ ညှိနှိုင်းသဘောတူချက်များသည် ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ၏ အပြင်ဘက်မှဖြစ်သည်။ အစိုးရ၊ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ NCA သဘောတူညီချက်များသည် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်း ဖြစ်သည်။ EAO ဟုခေါ်သော UNFC ဟု ခေါ်သော အဖွဲ့များသည် ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်မခံသော အဖွဲ့များဖြစ်သည်။ သူတို့က NCA လမ်းကြောင်းမှ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်မည့် အဖွဲ့များဖြစ်သည်။

NCA ကို ယခင် ပြည်ခိုင်ဖြိုးအစိုးရနှင့် စစ်တပ်က သဘောတူအတည်ပြုပြီးခဲ့ရာ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အစိုးရက NCA လမ်းကြောင်းကိုလိုက်လျှောက်နေရခြင်းမှာ အကြောင်းရှိသည်။ NLD ၏ ရည်မှန်းချက် တစ်ခုဖြစ်သော ဖွဲ့စည်းပုံပြင်ရေးကိစ္စအတွက် လွှတ်တော်လမ်းကြောင်း (လွှတ်တော်တွင်း) မှ ပြင်၍မရနိုင်မှန်း သဘောပေါက်ထားသည်။ လူထုတိုက်ပွဲ (လွှတ်တော်ပြင်ပ)ကိုလည်း NLD က ဦး ဆောင်ပြီးလုပ်ရဲမည့် ပုံမရှိ။ လူထုတိုက်ပွဲ တစ်ခါမျှ မလုပ်ခဲ့ဖူးကြောင်းကိုပါ ပါတီ ခေါင်းဆောင်က ဝန်ခံကြေညာထားပြီးသား ဖြစ်သည်။ ထိုအခါတွင် NLD ပါတီအတွက် NCA လမ်းကြောင်းအတိုင်းသာ မျှောလိုက်ဖို့ ဆုံးဖြတ်လာရခြင်းဖြစ်သည်။

အခြေအနေအောက်တွင် ပြည်နယ်လွှတ်တော်များ၌ တိုင်းရင်းသား ပါတီတွေ အင်အားကောင်းဖို့လိုသည်။ အင်အားကောင်းနေသော တိုင်းရင်းသား နိုင်ငံရေး ပါတီတွေက တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေး အင်အားစုတွေနှင့် နားလည် ညီညွတ်မှုရှိထားဖို့လိုသည်။ ပြည်နယ်အသီးသီးမှ တိုင်းရင်းသား အင်အားစုတွေနှင့် လက်ရှိ NLD အစိုးရတို့ လည်း အပြန်အလှန် နားလည်ယုံကြည်မှုတည်ဆောက်ထား ဖို့လိုမည်။ သို့မှသာ ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ၂ဝဝ၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးတို့ကို လက်တွဲညီညီ၊ အားကောင်းကောင်းဖြင့် ဆက်တွန်းနိုင်မည်ဖြစ်သည်။

အမြင်မျိုးကို အာဏာရ (ဟုဆိုသော) ပါတီဘက်ကနားလည် သဘော ပေါက်နိုင်ဖို့လိုမည်။ ဖက်ဒရယ်လမ်း ကြောင်းပေါ်မှာ လျှောက်နေပါသည်ဟု ကြေညာထားပြီး ဖက်ဒရယ်၏ အနှစ်သာရကို ဆန့်ကျင်သော အပြုအမူတွေ၊ အပြောအဆိုတွေ၊ လုပ်ရပ်တွေကို ရှောင်ရှားသင့်၊ ဆင်ခြင် သင့်သည်။ ပါတီကြီးဝါဒ လူမျိုးကြီးဝါဒတွေကို ထင်ဟပ်သည့် ပြုမူပြော ဆိုပုံတွေကို ရှောင်ရှားသင့်သည်။

ငြိမ်းချမ်းရေး၊ ပြည်ထောင်စုတည်ဆောက်ရေး၊ ဖွဲ့စည်းပုံပြင်ရေး ဆိုသည်တွေကို အာဏာရနေသည်ဆိုသော အခြေအနေ တစ်ခုတည်းဖြင့် အစိုးရချည်းသက်သက် လုပ်၍မရကြောင်းကို တစ်နှစ်တာကာလ အတွေ့အကြုံတွေက ကောင်းကောင်းကြီး သဘောပေါက်စေခဲ့ပြီး ဖြစ်သည်ဟု ယူဆသည်။ ထို့ကြောင့် ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ ရွေးကောက် ပွဲနိုင်ကြခြင်းကို ဝမ်းသာပေးနိုင်ဖို့ (မုဒိတာစိတ် မွေးနိုင်ဖို့) လိုမည်။ သို့မှသာ နိုင်ငံရေးပါတီ လမ်းကြောင်းပေါ်မှ ညီညွတ်မှု၊ အစိုးရနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ အပြန်အလှန် ယုံကြည်နားလည်မှုဖြင့် တိုင်းပြည်၏ အနာဂတ်ကောင်းကို အတူလက်တွဲ၍ လှမ်းလျှောက် နိုင်ပါလိမ့်မည်။
ဤသို့ မစဉ်းစား၊ လက်တွေ့မလုပ်နိုင်ပါက ချောင်းဆုံနှင့် ကျိုင်းတုံလို ဒီမိုကရေစီနှင့် ဖက်ဒရယ်အင်အားစုများ၏ အရှုံးမျိုးကို ၂ဝ၂ဝ တွင် အကြီးအကျယ်ကြုံရနိုင်ခြေရှိလာမည်ထင်သည်။

(၃)

စ်ဆက်တည်းမှာ ပြောရမည့်ကိစ္စက ချောင်းဆုံတံတားကိစ္စဖြစ်သည်။ ဤကိစ္စကို လွှတ်တော်ထဲတွင် မဲခွဲပြီး အင်အားဖြင့် အနိုင်ယူခဲ့ခြင်းက အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းအတွက် ကြီးမားသော မှားယွင်းမှုဟု ပြောရပါမည်။ တံတားပြဿနာကို ချဉ်းကပ်ဖြေရှင်းအနိုင်ယူခဲ့မှုပုံစံသည် မွန်ပြည်နယ်တစ်ခုတည်းအတွက် ပြဿနာဖြေရှင်းရေး နည်းလမ်းနမူနာတစ်ခုသာမက ပြည်နယ်တိုင်း အတွက်ပါ ဤသို့ကြုံလျှင် ဤပုံဖြင့် ဖြေရှင်းမည်ဟူသော နည်းလမ်းဖော် ပြချက်လည်း ဖြစ်စေခဲ့သည်။

ထို့

ကြောင့်လည်း NLDနှင့် အကျဉ်းအကျပ် အခက်အခဲဆုံးကာလတွင် လက်တွဲ ခဲ့သည့် UNA လိုအဖွဲ့မျိုးကပင်လျှင် လက်မခံနိုင်ကြောင်း သဘောထားကြေညာချက်ထုတ်ရသည့် အခြေအနေသို့ ရောက်ခဲ့သည်။ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း အင်အားသုံးပြီး မဲခွဲဆုံးဖြတ်ခဲ့သည့်အပေါ်တွင် ဒီမိုကရေစီ အနိုင်ကျင့်မှုဟု သဘောထားရုံသာမကဘဲ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုဖော်ဆောင်ရေး လမ်းကြောင်းအမြင်ပေါ်မှ ကန့်ကွက်တာမျိုးတွေအထိ ပြောခဲ့ကြသည်။

ဤတိုင်းပြည်တွင် တန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ တွေပေါ်ခဲ့သည်မှာ ပြည်တွင်းစစ်သက်တမ်းနှင့်အမျှကြာပြီဟု ပြော၍ရသည်။ ပင်လုံစာချုပ်ဖြင့် တိုင်း ရင်းသား လူမျိုးများပူးပေါင်းပါဝင်ခဲ့၍ ပြည်ထောင်စုနိုင်ငံဟု ခေါ်ခဲ့ရသည့် သမိုင်းကို မေ့ဖျောက်ထား၍မရ။

င်လုံကတိကဝတ်ဖြစ်သော တန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အစိုးရအဆက်ဆက်က ဥပေက္ခာပြုခဲ့၊ ချိုးဖောက်ခဲ့၍ လက်နက်ကိုင်တော်လှန်ရေးတွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး ပြည်တွင်းစစ်ဧရိယာကျယ်ပြန့်ခဲ့သည့် သမိုင်းကို မသိထား၍မရ။ အတိတ်သမိုင်းမှာ မှားခဲ့သည်များကို ပြန်လည်ကုစား၍ ညီညွတ်ရေးတည်ဆောက်ရမည့် အချိန်တွင် ကရွတ်ကင်းလျှောက် အမှားမျိုးတွေကို ထပ်မံ ကျူးလွန်၍ မဖြစ်သင့်ကြောင်းကို သဘောပေါက်ဖို့ ကောင်းသည်။

ယ်သူတွေက သဘောပေါက်ဖို့ ကောင်းသလဲဟုဆိုလျှင် အာဏာရပြည်မ အခြေစိုက် ဗမာ(မြန်မာ) ပါတီတွေဟုပဲ တည့်တည့်ပြောရ မည်ဖြစ် သည်။ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းအစွန်းရောက်သော လူမျိုး ငယ်ဝါဒကို ဆန့်ကျင်သည့် အမြင်ဖြင့် တိုင်းရင်းသားခေါင်းဆောင်တွေက အမျိုးသားညီညွတ်ရေးလမ်းကြောင်းပေါ်တွင် လျှောက်ဖို့ ပြင်နေချိန်တွင် လူမျိုးကြီးဝါဒအမြင်နှင့် စစ်အာဏာရှင်တွေ၏ ဇွတ်တရွတ် အနိုင်ကျင့်ပုံမျိုးတွေဖြစ်မလာအောင် ဂရုစိုက်ဖို့၊ လေးနက်ဖို့ကောင်းသည်။

ချာင်းဆုံတံတားနာမည် ပြဿနာက ကြားဖြတ်ရွေးကောက်ပွဲကို မည်မျှ လောက်အထိ အကျိုးသက်ရောက်မှုရှိခဲ့ သလဲဆိုတာကို သေချာစွာ ဆန်းစစ်နိုင်ခြင်း၊ အတည်ပြုနိုင်ခြင်းမရှိသေးလျှင်တောင်မှ မွန်တိုင်းရင်းသား အပါအဝင် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားတို့၏ ရင်ထဲသို့ ဆူးတစ်ချောင်းထိုးစိုက်ခံရသလို ဖြစ်စေခဲ့တာကတော့ သေချာကြောင်း အတည်ပြု ၍ရသည်။

(၄)

တံတားကိစ္စနှင့်ပတ်သက်၍ ပြောကြဆိုကြ၊ ဝေဖန်ကြသော စကားဝိုင်းထဲတွင် မိတ်ဆွေတစ်ယောက်က ‘ဗေဒင်ကိန်းခန်း သဘောအရ တွက်ချက် ပြီး ဒီနာမည်ပေးခဲ့တာလို့ သိရတယ်’ဟုပြောပြီး ဗေဒင်အမြင်နှင့် အစိုးရ နှစ်ဆက် (ပြည်ခိုင်ဖြိုးနှင့် ဒီချုပ်အစိုးရ)တို့ လုပ်ခဲ့ကြကြောင်း၊ နေရာပေါ်မှာ အခြေခံပြီး ပထမအစိုးရကလုပ်ခဲ့ကြောင်း ဒီချုပ်အစိုးရက နာမည်ပေါ်မှာ အခြေခံထားခဲ့ကြောင်းကိုပါ ရှင်းပြသွားသေးသည်။ ကျွန်တော်က ဗေဒင်တွေ၊ လက္ခဏာတွေကို မယုံသူဖြစ်သဖြင့် ဘာမှပြန်မပြောလိုက်ပါ။

သို့သော် တိုင်းပြည်လွတ်လပ်ရေးရပြီး နောက်ပိုင်း အာဏာရခဲ့ကြသော အစိုးရ အဆက်ဆက်သည် သူတို့အာဏာ တည်မြဲရေးအတွက် ဗေဒင် အခြေခံသော ယတြာနည်းများကို သုံးခဲ့ကြခြင်းကို သတိပြုမိသည်။ ဖဆပလ အစိုးရခေါင်းဆောင် ဦးနုက တစ်ပြည်လုံးတွင် သဲပုံစေတီတွေတည်ပြီး ယတြာချေခဲ့ဖူးသည်။ စစ်အာဏာသိမ်းမှုကို မတားဆီးနိုင်ခဲ့ပါ။

ဗိုလ်နေဝင်း မှ ဦးနေဝင်းသို့ ပြောင်းခဲ့သော မဆလ စစ်အာဏာရှင်ခေတ်တွင် ‘ပြောင်းဘူး၊ ပြုတ်ဘူး’ဟု ပြောင်းဖူးအစိမ်းကို ကိုင်ကာအော်၍ ယတြာချေခဲ့ပြန်သည်ဟု ကြားဖူးသည်။ အနေကြာရအောင် ဟုဆိုကာ ‘နေကြာ’တွေကို စီမံကိန်းအဖြစ် စိုက်ခိုင်းခဲ့ဖူးသည်။ သို့သော် ‘နေကြာ’ကို ‘နာကြေ’ဟု ပြောင်းပြန်ပြောသူတွေများလာသောကြောင့် နေကြာစီမံကိန်းကိုရပ်ပစ်ခဲ့ရသည်။ ထိုယတြာတွေကလည်း ပြည်သူလူ ထုကြီး၏ ရှစ်လေးလုံးအရေးတော်ပုံကြီးကို တားဆီးနိုင်စွမ်းမရှိခဲ့ပါ။

ရေးတော်ပုံကာလအတွင်းမှာပင် လူပေါင်းဘယ်လောက်ကို သတ်ပစ်လျှင် ပြီးနိုင်ကြောင်း အခါတော်ပေးသည့် ယတြာသတင်းတွေ ထွက်လာဖူးသည်။ သို့သော် အရပ်ဝတ် မဆလ စနစ်နောက်ဆုတ်၊ ကတုတ်ကျင်းထဲဝပ်နေသော စစ်တပ်က ရှေ့ပြန်ထွက်ဟူသော အစီအစဉ်ဖြင့် ဗြောင်ကျသော စစ်အာဏာရှင်စနစ်ဖြစ်လာပြန်သည်။ နဝတ၊ နအဖ ခေတ်တွင်လည်း ဗေဒင်၊ ယတြာတွေက ခေတ်စားခဲ့ပြန်သည်။ အသိသာဆုံးက သုံးမရ၊စားမရသော ကြက်ဆူပင် စိုက်ခင်းများ။ တခြား ယတြာတွေရှိနိုင်သေးသည်။ အရေးမကြီးသဖြင့် ထားလိုက်တော့။

စိုးရတစ်ရပ်အတွက် ယတြာဖက်လာလျှင် အာဏာမက်လာသည့် လက္ခဏာ၊ အာဏာလက်မလွှတ်ချင်သည့် လက္ခဏာ၏ ဖော်ပြချက်ဟု ပြော၍ရသည်။ ဗမာပြည် အစိုးရအဆက်ဆက်၏ ဗေဒင်ယတြာလုပ်ခဲ့ပုံများအပေါ်မှ ကောက်ချက်လည်းဖြစ်သည်။ တစ်ကယ်တော့ အစိုးရ ဆိုသည်မှာ ပြည်သူလူထု မငြိုငြင်အောင်၊ ပြည်သူလူထုအဆင်ပြေအောင်၊ ပြည်သူလူထုချစ်အောင် လုပ်နေသမျှ ဘယ်သူကမျှ ကုတ်နှင့်ကော်ချပြီး ဖြုတ်ပစ်၍မရ။ ပြည်သူလူထု၏ အကျိုးစီးပွားနှင့် ဆန့်ကျင်ပြီး ဧကရာဇ် ဆန်ဆန်၊ အာဏာရှင်ဆန်ဆန် လုပ်နေလျှင်တော့ ဘယ်ယတြာကမျှ မကယ်နိုင်ဘဲ မြောင်းထဲရောက်တတ်ကြသည်ပဲ ဆိုခြင်းကို မဝေးသေးသော သမိုင်းတွေမှာ အထင်အရှား တွေ့ကြရပြီးဖြစ်သည်။ 

သို့  ဆိုခြင်းကြောင့် လက်ရှိ ဒီချုပ်အစိုးရကို ဗေဒင်ယတြာအားကိုးသော အစိုးရဟု စွပ်စွဲနေခြင်းမဟုတ်ပါ။ ဗမာပြည်၏ အစိုးရအဆက်ဆက်မှာ ရှိခဲ့သော သဘောသဘာဝနှင့် စပ်ဟပ်ပြခြင်းသာဖြစ်သည်။ ဗေဒင် ယုံသူများက ‘ယတြာကောင်းရင် မင်းလောင်းဖြစ်တယ်’ဆိုသော စကားကိုပါ စွဲလမ်းတတ်သည်ပဲမဟုတ်လား။ ယတြာချေလျှင်၊ ရန်ကြေသည်ဟုလည်း ထင်မှတ်ကြသည်မဟုတ်လား။

(၅)

ကြား ဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက (၁၈)နေရာဝင်ပြိုင်ခဲ့ပြီး (၉) နေရာ အနိုင်ရခဲ့သည်။ ဤကိစ္စနှင့်ပတ် သက်လျှင် ၂ဝ၁၅ ရွေးကောက် ပွဲတုန်းကလောက် ပြည်နယ်ရှိလူထုဘက်က အားပေးထောက်ခံမှု မရှိတော့ကြောင်းကို ဖော်ပြချက်ဟု ပြော၍ရသည်။ ပါတီခေါင်းဆောင်တွေကတော့ ကြိုတင်မျှော်မှန်းပြီးသားဟုပြောသလို သူတို့ပါတီကိုထောက်ခံသော အင်အားက ကျမသွားပါဘူးဟု ပြောတာလည်းရှိသည်။

ဂိုက နိုင်ခဲ့သောနေရာမှာ ယခုရှုံးသွားရသည်ဆိုကတည်းက အဖြေပေါ်နေပြီးသားဖြစ်သည်။ မခံချင်စိတ်အခြေခံပေးမှ ခုခံဖြေရှင်းရလျှင်တောင် အကျိုးအကြောင်းဆီလျော်သော မှတ်ချက်မျိုးဖြစ်မှ နိုင်ငံရေးသမားကောင်း ဖြစ်လိမ့်မည်။ သို့မဟုတ်လျှင်တော့ လူရယ်စရာဖြစ်တတ်သည့်သဘောကိုလည်း သတိထားဖို့ လိုပါလိမ့်မည်။

ကျွန်တော်ကတော့ ၈၈ အရေးတော်ပုံကြီး၏ အကျိုးဆက်အဖြစ် ပေါ်လာခဲ့ကြသော နိုင်ငံရေးပါတီတွေထဲမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖြစ်လာခြင်းကိုဝမ်းသာ ကျေနပ် ခဲ့သူဖြစ်ပါသည်။ သို့သော် အတိုက်အခံပါတီ ဘဝတုန်းက ရွေးကောက်ပွဲ မဲဆွယ် ကာလတုန်းက ပေးခဲ့၊ ရှိခဲ့သော ကတိကဝတ်နှင့် လုပ်ငန်းများကို အောင်မြင်ပြီးမြောက်အောင်ဆောင်ရွက်ရာတွင် ကြုံရမည့် အခက်အခဲ၊ အကျပ်အတည်းများအတွက်လည်း စိုးရိမ်စာနာမိနေသူလည်း ဖြစ်နေပါသေးသည်။

အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို ပုံစံပြောင်းထားသော ၂ဝဝ၈ ဖွဲ့စည်းပုံ၏ အကန့်အသတ်ကို ဘယ်လိုဖြတ်ကျော်ပြီး ပါတီ ရည်မှန်းချက်များကို ပုံပေါ်အောင် အကောင်အထည်ဖော်နိုင်မလဲဆိုသည်ကိုပါ စိတ် ဝင်စားမိသည်။

နှစ် (၇ဝ) နီးပါးကြာလာပြီဖြစ်သော ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ပြည်ထောင်စုစစ်စစ်ဖြစ်လာရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပါအဝင် တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် ကောင်းရာကောင်းကျိုးဖြစ် အောင်လုပ်ရမည့် ကိစ္စပေါင်း များစွာရှိနေပြီး ဤကိစ္စများကို ကိုင်တွယ်ဖြေရှင်းရေးတွင် အစိုးရဟောင်း၏ အဆက်အနွှယ်များ၏ အနှောင့်အယှက်၊ အဟန့်အတားများရှိနေခြင်းကိုလည်း နားလည်ပါသည်။ ယန္တရားဟောင်း၊ အုပ်ချုပ်ရေးဟောင်းတို့၏ အန္တရာယ်ပေးမှုကို တစ်တိုင်းပြည်လုံး၊ တိုင်းရင်းသားပြည်သူအားလုံးက ကျောကော့အောင်ခံခဲ့ကြရပြီးပါပြီ။ ဘဝပေး အသိဖြင့် စစ်အာဏာရှင်စနစ်နှင့် အစွယ်အပါးများကို မုန်းတီးရွံရှာ စက်ဆုပ်ခဲ့ကြပြီးပါပြီ။

ပြည်သူလူထုက အားကိုးယုံစားခဲ့သော အမျှော်လင့်ကြီး မျှော်လင့်ခဲ့သော လက်ရှိ အာဏာရပါတီက ပြည်သူလူထု၏ အားကိုးယုံစားမျှော်လင့်ချက်များကို ဆက်လက်ပွေ့ဖက်ပိုက်ထွေးထားနိုင်ဖို့လိုပါသည်။ မငြိငြင် သင့်သော၊ အကြည်ညို မပျက်သင့်သော၊ နားလည်ညီညွတ်မှု မပျက်သင့်သော အကြောင်းခံများကြောင့် အဆိုးမြင်လာစေ နိုင်ခြင်းမျိုးကိုလည်း ဆင်ခြင်ရှောင်ကြဉ်နိုင်ဖို့ မျှော်လင့်ပါသည်။

က်ရှိအခြေအနေသည် ‘တစ်ဦးဆောင်သော်မရ၊ တစ်သောင်း ဆောင်သော် ရ၏’ဆိုသော စကားကဲ့သို့ပင် စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ရှိသော၊ ဒီမိုကရေစီ လိုလားသော၊ ဖက်ဒရယ်ပြည်ထောင်စု ဘဝကို လိုလာသော အင်အားစု အားလုံးက ဘုံအကျိုးစီးပွားပေါ်တွင် လက်တွဲညီညီ ရှေ့တက်လှမ်းရမည့် ကာလထဲမှာ ပဲရှိ နေပါသေးသည်။ ဒီမိုကရေစီလိုလားသူများဘက်မှ အောင်ပွဲရသည့် အခြေအနေမဟုတ်သေးခြင်းကို သတိပြုမိကြဖို့ လိုပါမည်။

ညီ ညွတ်ရေးထက် နှိုင်းစာလျှင် ဘာမှ မပြောပလောက်သည့် အကြောင်းခံမျိုးဖြင့် ညီညွတ်ရေး၊ ယုံကြည်နားလည်ရေးနှင့် ဆက်လုပ်ရမည့် အလုပ်ကြီးများကို မထိခိုက်အောင်၊ အနှောင့်အယှက်မဖြစ်အောင် ဂရုစိုက်ရမည် ဟု ယူဆပါသည်။ လူမျိုးစုံတိုင်းရင်းသား ပြည်သူများဘက်က ရေရှည်ကာလတွင် ‘ဘယ်နိုင်ငံရေးပါတီမှ ယုံကြည်စရာ မကောင်းဘူး’ဟူသော အမြင်မျိုးမဖြစ်စေဖို့ လိုပါသည်။

ခတ်ဟောင်း စနစ်ဟောင်း၊ ယန္တရားဟောင်းကို အသက်သွင်းချင်သူတွေက နေရာအနှံ့ တွင်ရှိနေချိန်မျိုးမှာ ‘သေချင်တဲ့ကျား တောပြောင်း’ ချင်စိတ်မျိုးဖြင့် ပြုမူပြောဆိုမှုများတွေက တို့မီးရှို့မီးလုပ်ချင်သူတွေကို တစ်တောလုံး ပြောင်အောင်မီးရှို့ခွင့်ပေးလိုက်သလို ဖြစ်လာမှာကိုတော့ စိုးရိမ်မိပါသည်။ မိတ်ဆွေတွေဝမ်းနည်းပြီး ရန်သူတွေ ပျော်ကြမည့် အခြေအနေမျိုးကို မတွေ့မမြင်လိုတော့ပါ။ လက်ရှိကာလကလည်း ဧပြီအရူးလုပ်ကြသည့် အချိန်မျိုး မဟုတ်တော့ပါ။

နောင်ကျော်

(ယနေ့ခေတ်မဂ္ဂဇင်းတွင်ဖော်ပြပြီးဆောင်းပါးဖြစ်ပါသည်)

Credit @ https://www.facebook.com/naung.kyaw.904/posts/1032428853590473?comment_id=1032625216904170&notif_id=1526302888420210&notif_t=comment_mention&ref=notif