တလက်လက်အသံ ၂ – 
မိုးသက်ငြိမ်ဦး

.

အသံတွေဟာ အတွင်းကလာတယ်
အသဲစွဲအောင်လဲ ချစ်တတ်ပြီးပြီ နှစ်ပေါင်းများစွာ
အကွဲအပြဲမှာလဲ ကျင့်သားရနေပြီ မြည်သံစွဲနေတဲ့ ထူးမခြားနားဟာ

နေ့စဉ်ဘဝမှာ ဂါထာတစ်ပုဒ်လို သီဆိုနေသူတို့
ပန်ဒိုရာအိုးကိုလဲဖွင့်ခဲ့ပြီးပြီ နောက်တစ်ခါ 
အိပ်မက်အသေတွေကိုလဲ အသက်သွင်းခဲ့ပြီးပြီ
အိမ်ခါးပန်းမှာ ကြွက်ရောင်းရန်ရှိသည်ကိုလဲ ရေးခဲ့ပြီးပြီ

အသံတွေဟာ အတွင်းကလာတယ်
အပြောင်းအလဲဟာ ပြောင်းနဲ့လွဲသွားခြင်းပဲ
အထိအခိုက်များတဲ့ခေတ်ထဲ ထူးပြီးမငိုညဉ်းလိုတော့

နိုင်ငံတော်ကိုယ်တိုင် နာတာရှည်နေမှတော့ နိုင်ငံသားတွေက
ရောဂါသည်ဖြစ်နေတာ ဘာမှမဆန်းဘူး စိတ်ရောဂါသည်များ
ဒဏ်ရာအနာတရများက ကုသဖြတ်တောက်ရန်ခက်ခဲသော
ဟိုတစ်စဒီတစ်စမှ အုံကြွဖိစီးလာစရာ အသံတစ်စွန်းတစ်စများ

အသံတွေဟာ အတွင်းကလာတယ်
နယ်နိမိတ်အနားသတ်မျဉ်းမှအစ အလယ်ဗဟိုချက်အထိ
တစ်ဦးချင်း တစ်ယောက်ချင်းက အစ
လူထုအော်သံ ပဲ့တင်ထပ်တဲ့အထိ မကြေနိုင်မချမ်းနိုင်

သောကဟာ ကျောချမှ ဓားပြမှန်းသိနိုင်သလိုမျိုး
ကြွက်စီညံလာတဲ့ အသံတွေကို အလေးမထားရင်
အသံတွေ ထွက်နေဦးမှာပဲ 
အသံတွေဟာ အတွင်းကလာတယ်။

မိုးသက်ငြိမ်ဦး
24.3.2017

(ငါ့ကို Like ပါ ကဗျာစာအုပ်မှ)

Credit @ https://www.facebook.com/moethet.nyeinoo