ဒေါက်တာစင်သီယာဆေးခန်း

ဒေါက်တာစင်သီယာဆေးခန်း စာမျက်နှာနှင့်ပတ်သက်၍ ..

ဒေါက်တာစင်သီယာ ဆေးခန်း၊ ကျောင်းသားဆေးခန်း၊ မယ်တော်ဆေးခန်းဆိုပြီး နာမည်(၃)မျိုးနဲ့ ခေါ်ဝေါ်သုံးနှုန်းကြတဲ့ ဆေးခန်းကလေးတခုဟာ စစ်အာဏာရှင်စနစ်ကြောင့် အတိဒုက္ခရောက်ကြရလို့ ရေခြားမြေခြားကို ထွက်ခွာလာကြရရှာတဲ့ ဒေသစုံက လူမျိုးစုံပြည်သူတွေအတွက် ကန္တာရထဲက အိုအေစစ်ကလေးတခုလို့ဆိုရင်ရနိုင်သလို၊ အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ ဘာသာမရွေး၊ လူမျိုးမရွေး၊ အသားအရောင်ခွဲခြားဆက်ဆံမှုလည်းမရှိဘဲ စစ်အာဏာရှင်စနစ်ကြောင့် အတိဒုက္ခရောက်ကြသူတိုင်းအတွက် အားကိုးတကြီး ခိုလှုံရာ အရိပ်ကောင်းတဲ့ သစ်ပင်တပင်ဆိုရင်လည်း မမှားပါဘူး။

ဒီစာမျက်နှာမှာ ဒီဆေးခန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ ဒီဆေးခန်းကလုပ်ဆောင်နေတဲ့ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အများသူငါသိရှိနားလည်အောင် ဖော်ပြသွားမှာဖြစ်ပါတယ်။

ကွမ်းယာဆိုင်က ဆေးမြီးတိုနဲ့ ဥုံခံပြီးသောက် ပျောက် ဆိုတာမျိုးကုကြတယ်။ ခြစ်ခြစ်ကုပ်ကုပ်စုထားနိုင်သူတွေက နေထိုင်မကောင်းဖြစ်တဲ့အခါ ဆေးရုံသွားတယ်၊ ဆရာဝန်ညွှန်ကြားတဲ့ဆေးကို အပြင်ကဆေးဆိုင်မှာဝယ်ပြီး အိမ်ပြန်လာတယ်။ ဒိ့ထက် နည်းနည်းတတ်နိုင်တဲ့သူက အထူးကုနဲ့ပြတယ်၊ နာမည်ကြီး ဓာတ်ခွဲခန်းမှာ ဆေးစစ်တယ်၊ နာမည်ကြီးပုဂ္ဂလိကဆေးရုံမှာ ကိုယ်ပိုင်အခန်းနဲ့ လေအေးပေးစက်ဖွင့်ပြီး ငွေခင်းကုတယ်။ အားလုံးထက် နှာခေါင်းတပေါက် ပိုရှူခွင့်ရနေကြသူတွေက ယိုးဒယားသွားကုတယ်၊ စင်္ကာပူသွားကုတယ်။

အဲဒါ ငါတို့ရဲ့ ကျန်းမာရေးပဲလို့ နားလည်ထားကြသူတိုင်းကို “ကျန်းမာခြင်းသည် လာဘ်တပါး”ဆိုတဲ့ ဆောင်ပုဒ်နဲ့ မိန်းမူးမနေကြဖို့ ဒေါက်တာစင်သီယာဆေးခန်းက နှိုးဆော်ပါတယ်။ “ကျန်းမာရေးသည် လူ့အခွင့်အရေးဖြစ်သည်”ဆိုတဲ့ အယူအဆနဲ့ ကိုယ့်ဘဝကိုယ်၊ ကိုယ့်အခွင့်အရေးကိုယ် သတိရကြဖို့ နှိုးဆော်ပါတယ်။

ဒီစာမျက်နှာမှာ ဒေါက်တာစင်သီယာဆေးခန်းရဲ့  လှုပ်ရှားမှုတွေ၊ ထုတ်ပြန်ကြေညာချက်တွေနဲ့ ပြောဆိုရေးသားချက်တွေကို ဖော်ပြသွားဖို့ ရည်ရွယ်ထားပါတယ်။ ဒေါက်တာစင်သီယာဆေးခန်းက ထုတ်ဝေနေတဲ့ စာစောင်စာတမ်းတွေကိုလည်း ထပ်ဆင့်ဖော်ပြပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီလိုလုပ်ရတဲ့ တခုတည်းသောအကြောင်းကလည်း မျိုးဆက်တိုင်းကို များများလေ့လာခွင့်ရရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

ဒေါက်တာစင်သီယာဆေးခန်းရဲ့ ထုတ်ပြန်ကြေညာချက်တွေ၊ အခြားရေးသားဖော်ပြချက်တွေနဲ့ ရုပ်သံမှတ်တမ်းဖိုင်တွေကို ပေးပို့ဖို့နဲ့ လက်လှမ်းမီရာနေရာတွေကနေ ကူးယူဖော်ပြခွင့်ပြုဖို့ကိုလည်း တပါတည်း မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။ ဒီ ပန်ကြားချက်နဲ့အတူ အထက်က အချက်အလက်တွေကို ပေးပို့တဲ့အခါ Microsoft Word ပေါ်မှာ ဇော်ဂျီဖောင့်အမျိုးအစားနဲ့ စာရိုက်ပြီး ပေးပို့ဖို့ကိုလည်း ထည့်သွင်းပြောကြားလိုပါတယ်။

Speech by Dr. Cynthia Maung for Mae Tao Clinic’s Fundraising

အထက်က အချက်အလက်တွေကို အောက်ပါ အီးမေးတခုခုကို လိပ်မူပြီး ပေးပို့နိုင်ပါတယ်။

အယ်ဒီတာအဖွဲ့ –
editor@thefreedomwave.com

ခင်လွန်း (အယ်ဒီတာ) –
khinlunn@thefreedomwave.com

မောင်စိုးသစ် (အယ်ဒီတာ) –
mgsoethit@thefreedomwave.com

တခုခု သိချင်လို့ မေးမြန်းစုံစမ်းလိုတဲ့အခါ –
info@thefreedomwave.com

အယ်ဒီတာအဖွဲ့
လွတ်လပ်လှိုင်းမဂ္ဂဇင်း