နေဇော်နိုင် – 
ဆူရှီဘွိုင်းဆိပ်ခံကလေး

.

သူ့စကားလုံး ကိုယ့်စကားလုံးတွေကို
ရေနည်းနည်း ထပ်ရောကြတယ်
တချို့ခေါင်းတိုင်တွေက မီးခိုးတလူလူနဲ့ပေါ့
အစုန်အဆန်ခုတ်မောင်းသွားသမျှ
အကြည့်တွေနဲ့ မြိုချကြ
အာဂန္တုခေါင်းစဉ်တွေအပေါ်
မဟော်သဓာလုပ်ကြ

ဖန်ခွက်ထဲမှာ မုန်တိုင်းထန်ရင်
ဆူနာမီအန္တရာယ်ကို သတိပေးကြ
ဆည်းဆာက ကဗျာရွတ်တဲ့အခါ
စားပွဲတိုင်းလိုလို တိတ်ဆိတ်လို့
တချို့ ကိုယ့်ဒိုင်ယာရီ ကိုယ်ပြန်လှန်ကြတယ် ။

တယောက်က စပြီး
တမိသားစုလုံး ရောက်လာတတ်ကြ
တချို့က အသည်းနဲ့ တချို့က အဆဲနဲ့ 
တချို့က ကလေးနဲ့  တချို့က အကြွေးနဲ့ 
တချို့က FB နဲ့  တချို့က COC နဲ့ ။

စားဖိုမှူး ၂ စားပွဲထိုး ၂ ပိုင်ရှင် ၎
နေ့ စဉ်လိုလို သူတို့ ဆိုင်သူတို့ 
ပြန်အားပေးတတ်ကြတယ်။

ဒီဆိပ်ခံပေါ်မှာ
ရေခဲတုံးတွေ အပျော်မြန်တယ်
ဖန်ခွက်ထဲက အမြှုပ်တွေ ခဏခဏသေတယ်
အသားအရောင်တွေစုံတယ် မာတိကာတွေများတယ်
အမှားပြင်ဆင်ချက်တွေ လှိုင်းထကြတယ်
တယောက်နဲ့ တယောက် ဆေးထိုးကြတယ်။

တခါတရံ လရောင်နမ်းတဲ့ သစ်ရွက်များ
အမှောင်က အိပ်ငိုက်နေတဲ့ညများ
ဂစ်တာတလက်နဲ့ ဝင်လာတတ်ရဲ့
ဖန်သားပြင် မရှိတော့ စာသားနည်းနည်းမေ့တာကလွဲလို့ 
စီဒီတချပ်စာတော့ ရင်ဖွင့်ဖြစ်ကြတယ်။

ကျီးတွေအိပ်ပြီ မီးတွေမှိတ်ပြီ
စားပွဲဝိုင်းတွေ အမှောင်ထဲတိုးဝင်ပြီဆို
ဆိပ်ခံကလေး ကန်ဘောင်ပေါ်မှာ ခေါင်းအုံးလို့ 
သူ့ ကိုယ်သူ မေးခွန်းထုတ်နေခဲ့တော့တယ် ။ ။

နေဇော်နိုင်
၅ မေ ၂၀၁၅

ဆူရှီဘွိုင်း ( ရန်ကုန် – ကန်တော်ကြီးဘောင်ပေါ်က ဂျပန်စားသောက်ဆိုင်လေး )

Credit @ https://www.facebook.com/nayzaw.naing