မောင်ငြိမ်းလူ (ဟယ်လ်ပင်) – 
၂ဝ၁ဝ အချစ်

.

“အပြောင်းအလဲ” တဲ့  ချစ်သူရေ
မင်းနဲ့ငါ
သက်ဆုံးတိုင်…မပြောင်းလဲကြေးနော်

ကမ္ဘာပူနွေး
ရေခဲပျော်ရ
သစ်ခြောက်ကျိုးကျ
ဗျိုင်းအုပ်လန့်ပျံ
စသည်…..စသည်ဖြင့်….. ညီလာခံ…။

မီးဖိုပေါ်ဒယ်တင်ပြီးမှ
ဆီ ရှာမရတဲ့
တို့…..လူတွေဘဝနဲ့များ…..ကွာပါ့…..  ။

ဆရာနေဇော်နိုင်ရဲ့ သံလမ်းမဲ့ရထားမဟုတ်
လက်မှတ်ကုန်သွား
လမ်းကြောင်းပြောင်းခဲ့
ရထားထွက်မဲ့ ခရီးမှာ
စီးနင်းသူ…များလို့တဲ့…  ။

ကဆုန်မှာ…အတာကူးမှာမို့
ပြောင်းလဲဖို့ရှိသတဲ့
သိကြားမင်းက
ကျွဲစီး ဆင်းမှာနော်
တို့…..တိုင်းပြည်လုပ်
သင်္ကြန်စာရောင်းသူ့အော်သံ…။

တရုတ်တွေ ဒီတခါညံ့တယ်
ကျားနှစ်မဟုတ်
မျက်မမြင်ပုဏ္ဍားတွေ
ဆင်စမ်းမဲ့…..ဆင်နှစ်။

ဟိုမှာကြည့်စမ်း…..
ဓမ္မနဲ့လုပ်အား
ပေါင်းစပ်ထား…စိမ်းစိုနေပါရော့လား…..  ။

ဟော…..ဟိုမှာတော့
၂ဝ၁ဝ …..
အပြောင်းအလဲကို
အမြီးမှာချည်ထားတဲ့ မြွေတကောင်
ပက်ကြားအက်ထဲဝင်သွားလို့
ရှာဖို့ကြိုးစားနေသူတွေနဲ့ စည်ကားလို့နော်…  ။

ပြီးတော့…သူတို့က
မဲပြာအိုးထဲ  ကျသွားတဲ့
မြေခွေးတွေအဖော်ပြုလို့…..။

ချစ်သူရေ…..
မင်းနဲ့ငါတော့
မပြောင်းလဲကြေးနော်

၂ဝ၁ဝ ပဲဖြစ်ဖြစ်
လွန်သွားတာပဲဖြစ်ဖြစ်ပေါ့…..။

မောင်ငြိမ်းလူ ( ဟယ်လ်ပင် )
၁-ဝ၅-၂၀၁ဝ

၂၉ ၊ ၄၊ ၂ဝ၁ဝ နေ့မှာ ကျဆုံးခဲ့တဲ့ 
ရဲဘော်မောင်မောင်ငြိမ်း (ခ) 
ကဗျာဆရာ မောင်ငြိမ်းလူ (ဟယ်လ်ပင်) သို့ …

.