နရီမင်း – ငါ့မြို့(၃)

.

(၃)

ငါ့မြို့ဟာ ငါ စပြီး ဝင်လာကတည်းကိုက
တစုံတရာ မှားယွင်းနေတယ်လို့ ခံစားရတယ်
တောက်တောက်ပြောင်ပြောင် အဆောက်အအုံသစ်တွေ
အစီအစဉ်​မကျ ပြွတ်သိပ်နေလို့လည်း ဖြစ်နိုင်ပါတယ်။

ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊
ကေတီဗွီတွေ၊ ဘီယာဆိုင်​တွေက တောထလို့
သစ်ပင်အစစ်တွေ မရှိသလောက် နည်းကုန်ပြီ။

ကော်ဖီကောင်းကောင်းလေးတခွက်လောက် သောက်ချင်လိုက်တာ
မြို့မှာ ကော်ဖီဆိုင် မရှိဘူးလား မေးတော့
ငါ့ညီ အဆိုးမြင်သမားလေးက
ဒီမြို့က လူတွေက ယီးပဲ အရသာခံတတ်တယ်
လျှာအရသာမခံတတ်ဘူးလို့ ခပ်ကြမ်းကြမ်း ပြန်ပြောတယ်။

ထားပါ။
ငါ့မြို့ရဲ့ မင်းလမ်းအတိုင်း လာတဲ့အခါ
ကုပ်ချောင်းချောင်းနဲ့ စာသင်ကျောင်းတကျောင်းဟာ
ငါ့ ကျောင်းပေါ့
နေရှင်နယ်ကျောင်းရယ်လို့ တချိန်က နိုင်ငံကျော်ဖူးပါတယ်။

ငါတို့နှစ်မှာ
တနိုင်ငံလုံး ၁၀ တန်းအောင်ချက် အကောင်းဆုံးရယ်လို့
ဂုဏ်ပြုခံရတဲ့ ကျောင်းပေါ့
ငါဟာ အဲ့ဒီကျောင်းရဲ့ ဂုဏ်ထူးဆောင် ကျောင်းသားပါ
အဲ့ဒီကျောင်းရဲ့ ရုံးခန်းကိုတက်သွားမယ်ဆို
ငါ့ဓာတ်ပုံကို ဂုဏ်ယူစွာ ချိတ်ဆွဲထားတာတွေ့ရပါလိမ့်မယ်
ခုတော့ ဖြုတ်ချလိုက်ပြီလား မသိ၊ ငါလည်း သွားမကြည့်မိဘူး။

ငါ တောထဲမှာ ရှိတုန်း
ပိုလီယို ထိထားလို့ ခြေထောက်တစ်ဖက် မသန်တဲ့
ကိုးတန်းကျောင်းသား ထော့ကျိုး ထော့ကျိုး ငါ့ညီဟာ
အဲ့ဒီကျောင်းရှေ့က ဒို့တာဝန်အရေးသုံးပါး ဆိုင်းဘုတ်​ကို
သောက်မြင်ကတ်လို့ ဆိုပြီး
သဘောင်္ဆေးနီ နှစ်ပုံးနဲ့ ပက်ခဲ့လို့
ငယ်​ငယ်​​ရွယ်ရွယ်နဲ့ ​ထောင်​ကျဖူးတယ်။

အဲ့ဒီဆိုင်းဘုတ်နေရာမှာပါပဲ
ငါ့ သူ့လို ကိုးတန်းကျောင်းသားအရွယ်က
ဖင်အကြီးကြီး ရေကူးဝတ်စုံနဲ့  မှောက်ခုံကြီး လုပ်နေတဲ့
ခင်သီတာထွန်းရဲ့ ပုံနဲ့ ရုပ်ရှင်ပိုစတာကြီးကို
ကျောင်းသွား ကျောင်းပြန် ဘယ်​ပြန်​ညာပြန်​ ကြည့်ဖူးတယ်။

အဲ့ဒီပိုစတာရဲ့ ဟိုဘက် ငါးကိုက်လောက်အကွာမှာ
၁၉၈၈ ဇွန်လက ဘတ်စ်ကားပေါ် တရားတက်ဟောနေတဲ့
အထက်​တန်းကျောင်းသားလေးကို
ချက်​ချင်း မာရှယ်လော ကြေညာပြီး
ရဲတွေက ​သေနတ်​နဲ့ ပစ်ချလို့
သွေးသံရဲရဲနဲ့ ပြုတ်ကျတာ ငါ မြင်ဖူးတယ်။

အဲ့ဒီနားက လက်​ဖက်​ရည်​ဆိုင်မှာပဲ
ငယ်ငယ်က အဖေ ငါ့ကို မနက်မနက်
နို့မလိုင်ဆိုတာနဲ့ နံပြား ကျွေးတော့
.နွားနို့ ကျိုရင် မလိုင်တွေ အဲ့လောက်မတက်နိုင်ဘူး
အဖေ့ဟာက ချီးကုံးစက္ကူတွေ စိမ်ထားတာ ဖြစ်​မှာလို့ ပြောတာ
အဖေ တဟားဟား ရယ်တာ မှတ်မိတယ်။

ငါက အဲ့နားက ပဲ ဝက်ကလီဇာနဲ့
တရုတ်ကြီးဆန်ပြုတ် သောက်ချင်တာ
အဲ့ဒီရှေ့က လက်​ဖက်​ရည်​ဆိုင်မှာက
ဝက်သားပေါက်စီ တအားကောင်းတယ်
မနက် မနက်မှာ ငါ အိမ်ကနေ လမ်းလျှောက်ပြီး
ဝက်သားပေါက်စီ လာဝယ်ရဖူးတယ်။

ငါတို့ မောင်နှမတွေ များလွန်းတော့
တယောက် တလုံး ခွဲတမ်းကျပဲ
ငါ တလုံးနဲ့ မဝဘူး
တရုတ်ကြီးကလေ အဲ့ဒီ ​ပေါက်​စီနောက်မှာ
စက္ကူတွေကို လျှာနဲ့ လျက်လျက်ပြီး
တံ​တွေး​ဆွတ် ကပ်တာလို့ ငါ ပြောတော့
ရွံတတ်တဲ့ အမလတ်က
သူ့ပေါက်စီကို မစား​တော့ဘဲ ငါ့ကို ကျွေးရော။

နရီမင်း

အပိုင်း(၁)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=35392

အပိုင်း(၂)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=36351

အပိုင်း(၃)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=38548

အပိုင်း(၄)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=39070

အပိုင်း(၅)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=41106

မှတ်ချက်။ (“ ငါ့မြို့ ” ကဗျာ အပိုင်း- ၆ ကို ဆက်လက်ဖော်ပြသွားပါမည်)

Credit@ https://www.facebook.com/min.lwin.351