လင်းနွေးအိမ် – 
ဟံသာဝတီဦးဝင်းတင်ရဲ့ဘဝနိဂုံးပိုင်း နေအိမ်လေး

.

ဘဘဦးဝင်းတင်ကို ၁၉၈၉ ခုနှစ်မှာ စစ်အစိုးရက အမှုဆင်ဖမ်းပြီး၊ လမ်းသစ်ရိပ်သာက အခန်းကို ထောက်ချုပ်ဗိုလ်ခင်ညွန့်တို့က ချိပ်ပိတ် သိမ်းဆည်းလိုက်တော့ သူပြန်လွတ်လာတဲ့အချိန်မှာ နေစရာမရှိတော့ဘူး။ အဲဒီတော့ သူ့မိတ်ဆွေ ဦးမောင်မောင်ခင်ရဲ့အိမ်မှာ သွားနေရ၊ သူ့ဦးလေး အိမ်မှာသွားနေရနဲ့ နောက်ဆုံးတော့ သူ့ငယ်သူငယ်ချင်း ဦးအုန်းထွန်းအိမ်မှာ သွားနေရတယ်။ 

ဦးအုန်းထွန်းရဲ့အိမ်က ကျောက်ကုန်းမှာ။ အိမ်က နှစ်ထပ်အိမ်။ ဒါပေမယ့် သူ့ခြံထဲက အိမ်မကြီးရဲ့အရှေ့ဖက် အဝင်ဝရဲ့ညာဖက်မှာ အိမ်လေးတလုံး ရှိတယ်။ ဘဘဦးဝင်းတင်ရဲ့ နောက်ဆုံးအချိန်တွေကို အဲဒီအိမ်လေးမှာ ကုန်သွားခဲ့တယ်။ 

အဲဒီအိမ်လေးမှာ သူ့မိတ်ဆွေတွေနဲ့  မနက်ဆို လက်ဘက်ရည်သောက်ရင်း နိုင်ငံရေးအခြေအနေတွေပြောကြတယ်။ တနေ့လုံး နိုင်ငံရေး အင်အားစုတွေ၊ သတင်းထောက်တွေကို လက်ခံပြီး တွေ့တယ်။ 

အဲဒီအိမ်လေးကို ကျနော်သွားလည်တော့ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ။ ကျနော်လဲ အမှတ်မထင် အိမ်လေးကိုတယ်လီဖုန်းနဲ့ ဓာတ်ပုံရိုက်ခဲ့တယ်။ ကျနော်သူ့ကိုတွေ့ခဲ့ပြီး ၄ လလောက်အကြာ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှာ ဘဘ ကွယ်လွန်သွားခဲ့တယ်။ 

အဲဒီသတင်းဆိုးကိုကျော်ဖြတ်နိုင်ဖို့ ဘဘနေခဲ့တဲ့ အိမ်လေးကိုလဲ ရေဆေးနဲ့ မတတ်တတတ်ဆွဲခဲ့ပါတယ်။ 

စစ်အစိုးရက ဘဘကို နေစရာမရှိအောင်လုပ်ခဲ့ပေမယ့်၊ သူ့ရဲဘော်ရဲဘက်တွေက သူ့ကိုနေစရာပေးခဲ့လို့ ကျေးဇူးတင်ရပါတယ်။ ရဲဘော်ရဲဘက်စိတ်ရဲ့ အနက်အဓိပ္ပာယ်ကိုလဲ ပိုပြီးနားလည်ခဲ့ရပါတယ်။

လင်းနွေးအိမ်