ဆောင်းဝင်းလတ် – 
ကဗျာဆရာအောင်ဇင်မင်းနဲ့ …
ကဗျာဒဿန

.

“ လွတ်လပ်လှိုင်း အင်တာဗျူး ”

.

‘ ဗိုလ်အောင်ကျော်တမ်းချင်း ’  ကဗျာကိုရေးခဲ့သော
ကျွန်တော်တို့ရဲ့ ကဗျာဆရာကြီး
မောင်လေးအောင်သည်ကော
ခေတ်ဆိုးခေတ်ကြပ်ကြီး၏
သားကောင်ဘဝဖြင့်  နိဂုံးချုပ်ခဲ့ရသည်ပဲ မဟုတ်လား။

ကို အောင်ဇင်မင်းရေ .. အလုပ်တွေများနေတဲ့ ကြားထဲကပဲ တစ်ခါတလေမှာ မေမြို့ဘက်ကို ခရီးယာယီ ထွက်ချင်စိတ် ဖြစ်မိတယ်ဗျ။ ကိုကျော်ကြီးရယ်၊ ကိုအောင်ဇင်မင်းရယ်၊ ကျွန်တော်ရယ်ပေါ့ဗျာ။ မေမြို့ကိုရောက်ဖြစ်ခဲ့ရင် “  ပြင်ဦးလွင်က နှင်းဖြစ်စဉ် ” ဆိုတဲ့ ၀တ္ထုထဲက အဓိက ဇာတ်ဆောင် အန်ကယ်လ်ကြီးနေသွားတဲ့ နေရာဟောင်းလေးကိုလည်း သွားကြည့်ချင်တယ်  ဗျ။ ဒီဝတ္ထုလေးကို ကျွန်တော်ရေးဖြစ်ခဲ့တာလည်း ကိုအောင်ဇင်မင်းပြောပြတဲ့  ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို မူတည်ခံစားပြီး ရေးဖြစ်ခဲ့တာ မဟုတ်လားဗျာ။ စန္ဒာမဂ္ဂဇင်းမှာလေ ..။ ပြင်ဦးလွင်ဆိုတဲ့ မေမြို့မှာ ငယ်ဘ၀တုန်းက ကိုအောင်ဇင်မင်း ပျော်မွေ့ခဲ့ဖူးတဲ့ စာပေဘဝလေးလည်း သိချင်တယ်ဗျာ။

ကို ဆောင်းက ကျွန်တော့်ကို ဟိုးခပ်ဝေးဝေးဆီက ကျွန်တော့် ဇာတိ မေမြို့ကို (ပြင်ဦးလွင် ) ကို ပြန်သွားခိုင်း လိုက်သလိုပါပဲလား။ ခရီးစရိတ်ငွေ ကုန်ကျစရာမလိုဘဲ စာရေးဆရာ ဆောင်းဝင်းလတ်ကို ကျွန်တော် ကဗျာဆရာအောင်ဇင်မင်းက ခေါ်ယူသွားရပေဦးတော့မယ်။

နဦးဗျ။ ကျွန်တော်တို့ ငယ်သူငယ်ချင်းထဲက ကိုကျော်ကြီးရယ် .. ။ သူက ပညာမော်ကွန်းစာပေနဲ့ ခေတ်က တောင်းဆိုလို့ လိုအပ်ရင် လိုအပ်သလို “ ငြိမ်းချမ်းရေး ” ဦးတည် စာအုပ်ကိုထုတ် ( ကြည့်စမ်းဗျာ ..  နယ်စပ်ဒေသဘက်ဆီ အခမဲ့ဖြန့် ) အဲ့သလိုလူမျိုးဗျ။ အခုလည်း ခင်ဗျားရယ်၊ သူရယ်၊ ကျွန်တော်ရယ် ( ၃ ) ယောက်ညှိပြီး “ ဒိဌအနိစ္စ ” စာအုပ်ကို ထုတ်ကြ  ပြန်ရောမဟုတ်လား။ ပြီးတော့ သူက ပြော လိုက် ပြန်သေးတယ်။

ကျွန်တော်တို့ လူသားများက သေရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြီးကို သိပါရက်နဲ့ မေ့နေကြ .. ဂရုမထားကြဘဲ သူရဲကောင်းတွေလို လောဘ၊ ဒေါသတွေကို ရင်မှာ ပိုက်ပြီး ”..  တဲ့။ လွှတ်လှတဲ့ သင်ခန်းစာ ပေးပဲဗျာ။ ‘  ငါ ’ ကိုသာပဲ အခြေခံချင်တဲ့ ‘  ရုပ် ’ နဲ့ ‘ စိတ် ’ မျိုးကို  ဖယ်စေချင်သလို ထင်ပါရဲ့။ ( သူကား .. ကမ္ဘာမြေပြင်ပေါ် ကုသိုလ်ကောင်းမှုများ ထည့်ဝင်သွားလို .. သွားနေသူ )။

ကဲ ..  ကိုဆောင်းရေ .. မေမြို့ သို့မဟုတ် ပြင်ဦးလွင် ပုံရိပ်ဟောင်းလေးဆီ ပြန်ပြောကြဦးစို့ရဲ့လားဗျာ။ ၁၉၅၆ ခုနှစ် ‘ ၂၀ ’  ရာစုထဲက ကျွန်တော့် ရဲ့ ၁ဝ နှစ်သား အရွယ်လေးရဲ့ မှတ်ဉာဏ်ထဲမှာ  Uncle Weesin ‘ အန်ကယ်လ်ဝီဆင် ’ ကြီးဆိုတာရှိခဲ့တယ်ဗျ။ သူက ဗြိတိသျှ တပ်သားဟောင်းကြီးဗျာ။ ဒုတိယကမ္ဘာ စစ်ပွဲကြီး ပြီးသွားပေမယ့် မြန်မာပြည်ဖွား မေမြို့သူ  ‘ Aunty Mary ’  ‘အန်တီမေရီ ’ နဲ့ ချစ်ကြိုး သွယ်မိသွားရာကနေ မေမြို့သားအဖြစ် လုံးဝခံယူလိုက်တဲ့ အန်ကယ်လ်ကြီးပေါ့ဗျာ။

အဲ ဒီကတည်းက အင်္ဂလန်ကို မပြန်တော့ဘူး။ သူတို့ဇနီးမောင်နှံမှာ သားသမီးရတနာများလည်း မထွန်းကားရှာဘူးဗျ။ ဘယ်သူ့ရင်သွေးလေးတွေ ပဲဖြစ်ဖြစ် ကလေးတွေမြင်ရင် အလွန် ချစ်ခင် ကြင်နာတတ်ကြတဲ့ ဇနီးမောင်နှံပေါ့ဗျာ။ သူတို့ အိမ်မှာ အဖော်မွန် အဖြစ်နဲ့ ‘ တယ်ရီယာ ’ အမျိုးနွယ်ဝင် အမွေးပွ ခွေးဖြူဖြူလေးတစ်ကောင် ရှိနေခဲ့တယ်။

မမြို့သို့မဟုတ် ပြင်ဦးလွင် ဆိုတာကလည်း  အုတ်ကြွပ်မိုး အုတ်နံရံအကာနဲ့ အိမ်လေးတွေ၊ မီးခိုးခေါင်းတိုင်လေးတွေနဲ့ ချစ်စရာ အိမ်လေးတွေ ရှိနေခဲ့တဲ့ မြို့လေ။ အေးတဲ့ရာသီဆိုရင် တစ်ညလုံး မီးဖိုမီးလှုံကြရတယ်။ တစ်ညမှာတော့ အဲဒီ့ ဗြိတိသျှ စစ်သားဟောင်းကြီးတို့ ဇနီးမောင်နှံ အိပ်မောကျနေတုန်းမှာ သူတို့ အိမ်ထဲက မီးခိုး ခေါင်း တိုင်ထဲမှာ ‘ ကျပ်ခိုး ’ တွေ ပိတ်ဆို့သွားတယ်။ အပြင်ကို အငွေ့ မထွက်နိုင်ဘဲ အိမ်ထဲမှာပဲ အငွေ့တွေက လှိုက်နေတယ်။ အောက်စီဂျင် ပြတ်ပြီး အသက်ရှုရပ်သွား ကြရရှာတာကတော့ ‘ ကံဆိုး ဘဝမှောင် အန်ကယ်လ်ဝီဆင် တို့ ဇနီးမောင်နှံ ’ ပါပဲဗျာ။ တကယ်ကို ဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးပေါ့။

မြို့ လုံးက သူတို့ဈာပနကို လိုက်ပို့ကြတာ လွမ်းစရာကြေကွဲစရာကြီးပါဗျာ။ ကျွန်တော် မျက်ရည် မဆည်နိုင်တာကတော့ အဘိုးကြီး အဘွားကြီးရဲ့ အဖော်မွန် တယ်ရီယာ ခွေးကလေးကလည်း လူတွေကြားထဲကနေပြီး သူ့သခင်မောင်နှံရဲ့ နောက်ဆုံးခရီးကို လိုက်ပို့နေရှာတဲ့ မြင်ကွင်းလေး ကြောင့်ပဲပေါ့။ ခွေးလေးက လွမ်းဖျား လွမ်းနာကျပြီး ဘယ်သူ ဘာလာကျွေးကျွေး ဘယ်လောက် ကောင်းတယ်ဆိုတဲ့ အစားအစာကိုပဲဖြစ်ဖြစ်  လုံးဝမစားတော့ဘဲ တစ်ရက်မှာတော့ သေပွဲဝင်သွားရရှာတယ်။

မမြို့မှာရှိတဲ့ အမှတ် ( ၁ ) ကျောင်းကြီးဝန်းကျင် ရွှေဇီးကုန်း ရပ်ကွက်ထဲမှာ ဖြစ်သွားတဲ့ ဖြစ်ရပ်လေးပေါ့။ ဒီလိုကြေကွဲစရာလေးကို ကျွန်တော်က ကိုဆောင်းကို ပြန်ပြောပြခဲ့တာလေ .. ။ ကိုဆောင်း ကလည်းခံစားတတ်တော့ ၀တ္ထုရေးခဲ့တာ မဟုတ်လားဗျာ။ ‘ ပြင်ဦးလွင်က နှင်းဖြစ်စဉ် ’ တဲ့။ ကိုဆောင်း ၀တ္ထု စန္ဒာမဂ္ဂဇင်းမှာပါလာတော့ အယ်ဒီတာချုပ်ဖြစ်တဲ့ မင်းသားကြီး ကိုဝင်းဦးက ၀တ္ထုကို သဘောကျသွားပြီး နောက်ဆိုရင်သူ့ဆီကို စာမူတွေဆက်ရေးဖို့  ကိုဆောင်းကို ပြောလိုက်တဲ့ အသံတွေဟာ ခုထိတောင်မှ ကျွန်တော့်ရဲ့ နားနဲ့ ‘ ရင်နံရံ  ’ ဆီမှာ ပဲ့တင်ထပ်နေဆဲပါပဲ  .. ကိုဆောင်းရေ   ..။ ခင်ဗျားဖန်တီးတဲ့ ၀တ္ထုတွေထဲမှာ ခင်ဗျားဟာ တစ်ခါတစ်ရံမှာ  ခင်ဗျားက  တရစ်၊ ပြီးတော့ ကျွန်တော်တို့ မမြင်နိုင်တဲ့ ခင်ဗျားရဲ့ နဂိုရှိထားစိတ်က တရစ် .. ။ ‘ ပေါင်းဆုံ အနုပညာ ’ ဗျ။ 

ကို ဆောင်းရေ .. မေမြို့မှာနေခဲ့ရတဲ့  ကျွန်တော့်ရဲ့ ငယ်ဘ၀မှာ စာအုပ်တွေကို ချစ်ခဲ့ရတာလည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ပဲ့တင်သံတွေပဲလေ။ ဟုတ်ပဗျာ .. ။ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ကျွန်တော့်ရဲ့ အစ်ကိုကြီးဟာ အဲဒီ့ တုန်းက ‘ ရှုမ၀ ’ ၊ ‘ သွေးသောက် ’ မဂ္ဂဇင်းတွေကို စာကြည့်တိုက်က ငှား .. ငှား ..  လာရင်းကနေ ကျွန်တော် ဖတ်ခွင့် .. ။

ဒီလိုပါပဲ  .. ရှမ်းကုန်းမြေမြင့်  ဘက်ဆီက မိုးတွေ ညို့မှိုင်းလာတတ်ပုံတွေကလည်း ကျွန်တော့်ရဲ့ ကလေးဘ၀ အမွန်အစဦးအတွက် အနုပညာ လက်ဆောင်တွေ ဖြစ်လာရသလိုပါပဲလေ .. ။ ခံစားတရိပ်ရိပ် နောင်တစ်ချိန် ကဗျာဆရာဘ၀ကို ကျွန်တော် ရယူလာတတ်ချိန်များမှာတော့ …

နှင်းတွေနဲ့ ချုပ်ပြီး ၀တ်ထားသပေါ့
ဟေမာန်ကုန်းမြင့် မြို့ကလေး ချမ်းနေရဲ့
တိမ်မိုးလေတောင်မှ ‘ ချက်ကြိုး ’  ခြွေတယ်

အိုးစည်သံ သဲ့သဲ့၊ နရီရနံ့  စုံ၊မ ဝှက်
ရှမ်းအကွေ့တောင်ခါးပန်း တောင်ယာငွေ့ မီးရိပ်ပက်
ပုံပြင်ဆန်ဗေဒ  ဖွကြည့်စမ်းပ
နှပ်တွဲလောင်းနဲ့ ပေါင်းမသင်တတ်
ကောင်ရိုင်းကလေး ပြေးလွှားခုန်ပေါက် မှောက်လဲခဲ့ရာ
(မြေမျက်နှာပြင်ကို တရှိုက်မက်မက် နမ်းခြင်းဖြစ်ပါသည်)

ငယ်ငယ်ကတော့ ကစားမက်လို့ မှောက်လဲတာ
ခံစားမှုနက်ရှိုင်းချိန် အခုအရွယ်မှာတော့
မှောက်လဲတာလို့ မပြောချင်ဘူး
မြေမျက်နှာပြင်ကို တရှိုက်မက်မက် နမ်းမိပုံမျိုး ဖြစ်လာရတော့တယ်။

‘ ပြင်ဦးလွင် ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော် ကဗျာရေးယူရတဲ့ အထိပါပဲ။ ပြည်သူချစ်တဲ့ ကျွန်တော်တို့ရဲ့ ‘ ဗိုလ်ချုပ်အောင်ဆန်း ’ က ဆိုရင် ‘ အမေလိုအေးတဲ့မြို့’။ ဒါကြောင့် ‘ အမေမြို့ ’ လို့ ခေါ်ချင်တယ်လို့တောင် ပြောခဲ့ဖူးတယ်။ ကဲ .. ကျွန်တော်တို့ ရန်ကုန်ကို ပြန်မှ ဖြစ်တော့မယ်။

န်ကုန်မြို့ကိုရောက်လာပြီး ရန်ကင်းမြို့နယ်ထဲမှာ ကိုအောင်ဇင်မင်းနေတော့ ကွယ်လွန်သူ ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေ၊ ကွယ်လွန်သူ မောင်ကိုကြီး ( ခေါ် ) ကဗျာဆရာအောင်နိုင်သူ တို့နဲ့ လက်ပွန်းတတီး နေခဲ့ပုံလေးတွေ ပြောပြပါဦးဗျာ။

ကိုကိုကြီး .. ကဗျာဆရာအောင်နိုင်သူက  လူချောဗျ။ သီတင်းကျွတ်တို့၊ တန်ဆောင်တိုင်ပွဲတော်တို့ဆိုရင် သူက အသံတုဝိဇ္ဇာဘဝရောက်သွားရော။ ရုပ်ရှင်မင်းသားတွေဖြစ်တဲ့ ကျော်ဆွေလို .. ထွန်းဝေလို ..  ကောလိပ်ဂျင်နေ၀င်းလို .. မောင်သင်လို  .. စကားသံရော ဟန်အမူ အရာရော ..  သူကရုပ်ရှင်မင်းသား လုပ်မလို့တောင် ဖြစ်သေးတယ်။

ဒါ ပေမယ့် ကျွန်တော်တို့ရဲ့ အဲ့သလို ညနေ .. ညနေ ..  စည်သလေ့လေ့ ‘ အကာလ ’ တွေနဲ့ နပန်းတော်တော် လုံးလိုက်ထွေးလိုက်၊ လမ်းပေါ်က .. ကဗျာဆရာဘဝတွေထဲမှာ နစ်မျောကြရင်း [ ဘယ်နေရာ ရောက်ရောက် ကဗျာစိတ်ကို တည်နေတတ်သော ကျွန်တော်တို့လို့ ပြောချင်တာ ] ဘယ်မှာလာပြီး ..  ရုပ်ရှင် မင်းသားဘ၀ ရနိုင်ပါတော့မလဲ။ အခု သူကွယ်လွန်ရှာပေပြီပေါ့ဗျာ။ နေပါဦး ကိုဆောင်းရာ .. အောင်နိုင်သူတစ်ယောက် ရှုမ၀မဂ္ဂဇင်းမှာ အယ်ဒီတာ အဖွဲ့ဝင်ဘ၀နဲ့ နောက်ဆုံးကျန်ရစ်တဲ့အထိ ခင်ဗျားနဲ့ အောင်နိုင်သူ တတွဲတွဲလို့ ကျွန်တော် စွပ်စွဲရင် မမှားဘူး ထင်တယ်ဗျ။

ညီအစ်ကိုတွေလိုပဲ တွဲခဲ့တာ အမှန်ပဲဗျ။ သူကနောက်ပိုင်းမှာ အလင်းတန်းဂျာနယ်နဲ့ ရွှေအမြုတေမဂ္ဂဇင်းမှာ Proof Reader စာပြင်ဆရာ လုပ်သွားသေးတယ်လေ။

ဒါ ပေမယ့် ကိုဆောင်းက အဲသလို ခဏငယ် ညနေစောင်းတွေကို ဆောင်းပါးတွေ၊  ၀တ္ထုတွေ၊ ရုပ်ရှင်ဇာတ်ညွှန်းတွေဖက်  ပိုပိုပြီး အချိန်တွေ ပေးလိုက်နိုင်တာမို့  .. ။ ကိုဆောင်းရေ ..  အတိတ်တွေထဲက လွမ်းစရာတွေ အဖြစ်ကျန်ခဲ့ရုံကလွဲလို့  ခင်ဗျားတို့ ကျွန်တော်တို့ ..  ခင်ဗျားတို့ .. ကျွန်တော်တို့ .. ကိုကျော်ကြီးတို့လည်း သူရာတောကိုကို စွန့်ခွာလိုက်နိုင်ခဲ့ကြပြီနော်။

သြော်
‘ ရေတိမ် ဖန်ခွက် သိပ်မနက်လည်း .. 
နစ်လျှက် သေခဲ့ကြသူ များခဲ့ပြီ ’  .. ။ 

ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေကတော့ ‘ ကျွန်တော့်ရဲ့ အန္တိမဆရာ၊ ကဗျာကန့်ကူလက်လှည့် ’ .. ။ ဟုတ်လှပြီ အထင်နဲ့ ဆရာ့ရဲ့  … ‘ မိသဲပို ’ ကဗျာကို ကျွန်တော်ဝေဖန်ဖူးတယ်ဗျာ။

မိသဲပို

ဆူးပေါ်ဖက်ကျ
ဖက် ပေါက်ရလည်း
ဖက်က မပေါက်
ဆူးသာ ကောက်သည်
အံ့လောက်ဖွယ်ရာပါတကား .. ။

ကဗျာကို ကျွန်တော်က  ..
“ ဆရာ .. ‘   ဆူးက မကောက်ဘူး .. ကျိုးတာ ..  ဆရာက ကောက် နဲ့ ပေါက်ကို အတင်းကာရန် ယူထားတာပဲ လို့ ကျွန်တော် ဆရာ့ကို ပြောမိအဆုံးမှာပဲ …

ဆရာက …
“ ဖက်ကိုမတိုး ..  ဆူးသာကျိုးသည် ’ လို့ ငါရေး လို့ ရတာပဲကွ။ ငါ့ကဗျာ ခေါင်းစီးက ‘ မိသဲပို ’ လေကွာ။ မိသဲပိုက ဆူးကို ကျိုးပစ်နိုင်အောင်၊ ဒီ့ထက်ဒီ  ..  ‘ ကောက် ’  ပစ်နိုင်တဲ့ ခွန်အား ပိုင်ရှင်ကွ” .. တဲ့။ 

ပြီးတော့ ကျွန်တော့်ကို …
“ မင်းဟာလေ .. ကာရန်သာ မြင်ပြီး ကဗျာ မမြင်တတ်သေးဘဲ ကိုးကွ၊ ကဗျာကိုမြင်တတ်အောင်  မင်းဖြတ်သန်းရဦးမယ်ကွာ ’ လို့  …
ကျွန်တော့်ရဲ့ မှောင်မည်းနေတဲ့ စိတ်အခန်းကို အလင်းပြတင်း ဖွင့်ပေးသွားသူ  ဆရာဒေါင်းနွယ်ဆွေ ..  ပါ။ ၁၉၅၉ခုနှစ် ကတည်းက ဆရာဒေါင်းရေးခဲ့တဲ့ နှစ်ကြောင်းတည်းသော ကဗျာလေး တစ်ပုဒ်ဆိုရင် တစ်ခါတစ်ရံ ဟောပြောပွဲကြုံရင်ကြုံသလို ကျွန်တော် ထည့်ထည့် ဖတ်ပြမိတယ်။ 

ဒီလိုဗျာ ..

‘ ရောင်နီဦး ’

      ( ဘ၀သို့ )

မှောင်မှောင် မင်းမှ
လင်းလင်း လာလိမ့်လှည့်တကား။

                              ဒေါင်းနွယ်ဆွေ

မှ တ်မိလာပြန်ရော။ ဆရာဒေါင်းက ကျွန်တော့်ကို မင်းလက်ဖဝါး ဖြန့်ဆိုပြီး ဆရာက သူ့ လက်ဖဝါးနဲ့  ကျွန်တော့် ကဗျာရေးလက်ပေါ်တင်ပြီး ‘ အောင်ဇင်းမင်း ’ .. ‘ အောင်ဇင်မင်း ‘ ..  ‘ အောင်စေ သတည်း ’ ..  တဲ့။ အဲသလိုနဲ့ မောင်မင်ဇင် ( ရန်ကင်း )နဲ့ ရေးခဲ့တဲ့ ကျွန်တော့်ကို ကဗျာဆရာ အောင်ဇင်မင်း အမည်ဆရာရွေးပေး။ ဒုတိယအမည်နဲ့ ဒုတိယ၀င် ကဗျာဆရာဘ၀။ ကဗျာဆရာ ခရီး ၀င်တော့တာပါပဲ။

ဂီတစာဆို ကိုလေးလွင်နဲ့လည်း ကိုအောင်ဇင်မင်းက ရင်းနှီးတော့ သူ့အနုပညာနဲ့ သူ့ဘ၀ ပုံရိပ်လေး သိချင်လိုက်တာဗျာ။

၉၇၀ ပြည့်နှစ်လောက်မှာ ရန်ကင်းက ဂီတ စာဆိုကြီး ချိုတေးဆက် ကိုအောင်ကိုး အိမ်မှာ ကျွန်တော်တို့ မထင်မှတ်ဘဲ ဆုံဖြစ်ခဲ့ကြရတယ်။ သူက ကျွန်တော် ကဗျာရေးမှန်းသိတော့ မြွေမြွေချင်း ခြေမြင်သလို ခင်မင်သွားကြပြန်တယ်။ သူ့မှာက ချက်ချင်းခံစား စာသားနဲ့ အသံပေါင်းစပ်နိုင်စွမ်းတွေ့ရလိမ့်မယ်။ သူကိုယ်တိုင်ကလည်း ‘ သောတရှင်မဂ္ဂဇင်း ’ တို့ ‘ ဂီတပဒေသာ မဂ္ဂဇင်း ’ တို့မှာ ကဗျာတွေ ရေးနေပြန်သေးတယ်။ အဲဒီ့တုန်းက သူနေတာက သုဝဏ္ဏမှာ။

ညာ ဒေသကို သူထဲထဲဝင်ဝင် ရောက်ခဲ့ဖူးတာ မရှိဘဲ  မြ၀တီ မဂ္ဂဇင်းမှာ လစဉ် ကျင်းပပေးလေ့ ရှိတဲ့ ဆရာကြီး ခင်လေးမောင်ရဲ့ ဓာတ်ပုံပြိုင်ပွဲ ‘ အညာရှုခင်းခံစားမှု ’ ဓာတ်ပုံတွေကို ကြည့်ပြီး အဆိုတော် ‘သန်းထွန်းလေး ’ သီဆိုတဲ့  ‘ မွေးဌာနီ ’ သီချင်းကို သူရေးဖြစ်ခဲ့ပုံကိုပါ ကျွန်တော့်ကိုသူ  ပြောပြတတ်တယ်။

ခါတစ်ရံ သူရယ်၊ ကျွန်တော်ရယ်၊ သူ့ကို အာစရိလို့ ခေါ်လေ့ရှိတဲ့ သူ့တပည့်   သိန်နိုင်နီ ( ကွယ်လွန်) ရယ် .. [ တစ်ခါသားလို့ ဆိုရမယ့် ]  ကျွန်တော်တို့ ရီဝေကြချိန်များမှာဆိုရင်  ‘ ကဗျာ ’ နဲ့ ‘ သီချင်း ’ ရဲ့ ယှက်နွယ် တွယ်ချိတ် အလှ ဓာတ်တွေဆီမှာ ‘ တင်စားယူကြပုံ ’ တွေဆီမှာ  ကျွန်တော်တို့ ပုံဖွဲလိုက်ကြတယ်။ ညအမှောင်တွေထဲဆီက နက်ရှိုင်းသွားချိန်တွေထဲ အထိမှာပဲ  ကဗျာနဲ့ သီချင်းရဲ့ .. .. ။

‘ ကဗျာမှာပဲ ဖြစ်ဖြစ် ဂီတမှာပဲ ဖြစ်ဖြစ် စကားလုံးတစ်လုံးရဲ့ နေရာနဲ့ တန်ဖိုးဆိုတာ ဘယ့်ကလောက် အရေးကြီးတယ် ဆိုကြောင်း ’ အထိပေါ့ဗျာ။ ‘ အပြန်အလှန် ’ ‘ မခေါ်ရင်  ထားခဲ့လေ ’ စာသားလေးမှာကိုက ‘ မျက်မြင် ’ ထက်မက  ‘ ပုန်းနေတတ်ရာ အတွေး ’  ရှိပုံတွေ .. ။   

‘ ခေါ်ရင်လိုက်မယ်ပေါ့ ’ အထိ လိုက်လျောတတ်။ အဲသလိုမျိုး ချစ်ခရီးဖော် .. ။ ‘ သောကဟူသမျှ  အတူ တကွ မျှခံစားဝေ ’ အထိ ဘ၀ခရီးကို တရိပ်ရိပ် ဖြတ်ကျော်လာခဲ့ကြ။ ဖြတ်ကြဦးမယ်။ နေရာနဲ့ စာသား တန်ဖိုးတွေပေါ့ ကိုဆောင်းရာ .. ။

ရှစ် ဆယ့်ရှစ် – ရှစ်လေးလုံး ဆိုတဲ့ လူထုအရေးတော်ပုံကြီးမှာတော့ ‘  ဒီမိုကရေစီ ’ အခွေထွက်ဖို့ သူကြိုးစားခဲ့တယ်။ ကျွန်တော်တို့ ကဗျာဆရာ တချို့ဆီက စာသားတွေ၊  ကဗျာတွေကိုတောင် ဂီတသံစဉ်တွေ ထည့်ပေးသွားတဲ့ ဂီတစာဆို ကိုလေးလွင်ပါ။

( ၈ – ၈ – ၈၈ ) အရေးတော်ပုံကြီးနေ့မှာဆိုရင် ကိုလေးလွင်ရော၊ ပန်းချီဆရာ မိုးဝေလွင် ( ယခုဘုန်းကြီးဝတ် ) နဲ့ ကျွန်တော်ရော ကံဘဲ့ ရပ်ကွက်ထဲက ဦးလှမောင်ကြီး ( ယခု မြောက်ဒဂုံ NLD ) ရော …

‘ လူထုလှိုင်းလုံး
တဝုန်းဝုန်းနဲ့
မိုးချုန်းသံလား၊
ပဲ့တင်သံလား၊
ဒေါမာန်ဖွင့်သွား   
ငါတို့သည်ကား ’ ပေါ့ဗျာ။

ကိုလေးလွင်ဟာ
ရှစ်ဆယ့်ရှစ်အပြီး ပုဒ်မ ‘ ၁၄၄ ’ ထုတ်ထားချိန် ညမထွက်ရ အမိန့်၊ တင်းတင်း ကြပ်ကြပ်၊
အာဏာ ဓားမိုး၊ သေနတ်မိုးအောက်မှာပဲ ဆေးရုံကြီးဆီ အရောက် မသွားနိုင်ဘဲ
သူ့ရဲ့ ဂွတ္တလစ် အိမ်လေးထဲမှာ အသက်ရှုပိတ်မိ၊ ဘ၀ဆုံးသွားရ၊ ကွယ်လွန်သွားရတာပါ။
ကိုလေးလွင်ရဲ့ ဘ၀ပုံရိပ်ရှေ့မှာ ‘ အညတရ ’ ဆိုသော စကားစုသည်သာ ဖြည့်စွက်ပြီး ဖြစ်ပါတယ်။ 

ကို လေးလွင်ဟာ ရှစ်ဆယ့်ရှစ်အပြီး ပုဒ်မ ‘ ၁၄၄ ’ ထုတ်ထားချိန် ညမထွက်ရ အမိန့်၊ တင်းတင်း ကြပ်ကြပ်၊ အာဏာ ဓားမိုး၊ သေနတ်မိုးအောက်မှာပဲ ဆေးရုံကြီးဆီ အရောက် မသွားနိုင်ဘဲ သူ့ရဲ့ ဂွတ္တလစ် အိမ်လေးထဲမှာ အသက်ရှုပိတ်မိ၊ ဘ၀ဆုံးသွားရ၊ ကွယ်လွန် သွားရတာပါ။ ကိုလေးလွင်ရဲ့ ဘ၀ပုံရိပ်ရှေ့မှာ ‘ အညတရ ’ ဆိုသော စကားစုသည်သာ ဖြည့်စွက်ပြီး ဖြစ်ပါတယ်။ သို့ရာတွင် သူဖန်တီးသွားသော သီချင်းများကား ဘယ်မှာ ဆင်းရဲကြလို့လဲ ?

ကံ ဘဲ့ ကိုလှမောင်ကြီးက ကျွန်တော်တို့ ကိုအောင်ဇင်းမင်းတို့ အပေါ်မှာ ထားခဲ့တဲ့ သံယောဇဉ်ကို အမြဲသတိရနေမိတယ်ဗျာ။ သူက အဆိုတော် သန်းဖေလေး၊ ရုပ်ရှင်သရုပ်ဆောင် သန်းဖေလေးရဲ့ သီချင်းတွေကို ခံစားတတ်သူနော်။ ကဗျာဆရာ ကိုလေးအောင် ရေးသွားတဲ့ သီချင်း တချို့ပေါ့နော်။ ကိုလေးအောင်ရဲ့ ကဗျာဆရာ ဘ၀ဒဿနလေးတွေကို  ဘယ်လိုခံစားရလဲ .. ..  ကိုအောင်ဇင်မင်းရေ .. .. ။

စ်ကိုကြီး ကိုလှမောင်နဲ့ ကျွန်တော်တို့ကြားမှာ [ ကိုဆောင်းလည်း အပါအ၀င်ပေါ့ ]  ‘ ခေတ် ’ ကပိုပြီးရင်းနှီးစေခဲ့တယ်။
‘ ခေတ်ဆိုး ’ နေရာမှာ ပြည်သူနဲ့ တစ်သားတည်း ကျွန်တော်တို့ စိတ်နဲ့ ရုပ်တွေဟာ ‘ ခေတ်ကောင်း ’ ဖြစ်စေချင်ခဲ့တယ်။
‘ ခေတ်ကြပ် ’ နေရာမှာ အာဏာရှင်၊ အာဏာဖွဲ ( ထိုအခါက အုပ်စိုးသူ ) ကိုဖယ်ရှား ၊ ‘ ဒုတိယလွတ်လပ်ရေး ’ အလှဓာတ်ကို ရနံ့ဖွဲ့ ဝေစေချင်ခဲ့တယ်။

င်ဗျားအပါအ၀င် ကျွန်တော်တို့လည်းပဲ အကျဉ်းထောင်တွေထဲ ရောက်သွားကြရတာပဲ မဟုတ်လား။ ကိုလှမောင်က ကျွန်တော်တို့ထက် ရှေးဦးကျ အကျဉ်းသမား။ နိုင်ငံရေးအကျဉ်းသမား ဘ၀များစွာတို့ ပေါင်းဆုံကြရာ မြစ်မင်းဧရာဝင် ကျွန်တော်တို့ ရင်ခုန်သံများပဲလို့ ဆိုကြစို့ရဲ့နော်။

‘ ကျောက်ဆစ်ရုပ်က ပြုံးရယ်မိအောင် မောင် ကြိုးစားနေမိသလားကွယ် ’ တို့လို  ကိုလေးအောင်ရဲ့ ‘  ညသို့မဟုတ် ဂိုယာ ’ တို့ ‘ လှေကလေးကိုလှော်မည် ’  တို့ ဒီမှာပဲ ‘  သူ့ဖိနပ် ’ လို အောက်ဆုံးအလွှာ ဘဝတွေဆီက ငိုရှိုက်သံတွေ   ..  ဘာတဲ့ ။

‘ အယဉ် ’ ဆိုတဲ့ မိန်းမပျက် တစ်ယောက်ရဲ့ စကားနဲ့ နောက်ခံကားချပ်ထဲမှာ လှေကလေးကိုလှော်မည် တဲ့လား။

“  ဒီမှာ  ကဗျာဆရာကြီးရယ် ..  ဘ၀ဆိုတာဟာ လောကဇာတ်ခုံပေါ်မှာ.. က ,နေရတာ မဟုတ်လား ..  ဒီလို ဆိုရင် အယဉ်တို့ ဘ၀က ဘယ်တော့မှ မိုးမလင်း တော့မယ့်  ဇာတ်ခုံကြီးပေါ်မှာ  ..  က, နေရတာ များလား ..ဟုတ်တယ် ”

ကို လေးအောင်ရေးခဲ့တဲ့ ‘ လှေကလေးကို လှော်မည် ’ .. ထဲက   မိယဉ်ရဲ့ [ သူမသည် မိန်းမပျက်ဖြစ်၏။ ပြင်ပတွင် တကယ်ရှိသော မိန်းမပျက်  ..  ကိုလေးအောင်ကို အကြောင်းပြု ကျွန်တော်တို့ သောက်ခဲ့ဖူးရာ ထိုအခါက ‘ ပုဇွန်တောင် ’ ၏ ‘ အမေ့ဆိုင် ’ သို့လာရောက်လေ့ ရှိသော ထို ‘ အယဉ် ’ ဆိုသော ‘ မိယဉ် ’ကား ပုဇွန်တောင် အရက်ဆိုင် ၀န်းကျင် ထဲမှာပင် သွေးအန်၍ လက်ချောင်းလေးများ ကောက်ကောက်ကွေးကွေး ဘဝဖြင့် သေဆုံးသွားရရှာ သူ။

ခုလို တစ်ဝက်တစ်ပျက် ခေတ်အလှ ရေးရေးမျှလောက်ကိုပင်  သူ  မမြင်တွေ့  သွားရချေ။ ‘ ဗိုလ်အောင်ကျော် တမ်းချင်း ’  ကဗျာကိုရေးခဲ့သော ကျွန်တော်တို့ရဲ့ ကဗျာဆရာကြီး မောင်လေးအောင် သည်ကော ခေတ်ဆိုး ခေတ်ကြပ်ကြီး၏ သားကောင် ဘဝဖြင့်  နိဂုံးချုပ်ခဲ့ရသည်ပဲ မဟုတ်လား။ ဆရာဒေါင်းနွယ်ဆွေရဲ့ ကဗျာလို  .. ..

‘ ရောင်နီဦး ’
( ဘ၀သို့ )
မှောင်မှောင်မင်းမှ
လင်းလင်းလာလိမ့်လှည့်တကား။

ကဗျာဆရာ၊ အယ်ဒီတာကောင်း တစ်ယောက်ဖြစ်တဲ့  ကိုနောင်လတ်ကြီး (စစ်တွေနောင်လတ် ) ကြီးကိုလည်း လွမ်းတယ်  .. ကိုအောင်ဇင်မင်းရေ .. .. ။

ကို နောင်လတ်နဲ့ကျွန်တော် စသိချိန်မှာ ရိုးတိုးရိပ်တိတ် ဖွဲ့ဝင်မှုလေးမျှပါ။ ကျွန်တော့် အစ်ကို ဦးဆန်းအောင် (ကွယ်လွန်) နဲ့သူက အင်းစိန်တောရမှာ သီတင်းသုံးဖော်။ ဘ၀တူ အကျဉ်းသား။  ကျွန်တော်နိုင်ငံရေး  အကျဉ်းသားဘ၀နဲ့   အကျဉ်းထောင်ထဲ   ( ၁၉၇၈ – ၁၉၈၀ ) ၊    ( ၁၉၉၆ – ၂၀၀၄ ) ထိရောက်သွားတော့ ကိုနောင်လတ်တို့ခေတ်က ‘ အင်းစိန်တောရ ’ လို့ သုံးတာထက် ကျွန်တော်ကတော့ ကျွန်တော့်ခံစားမှုအတိုင်း ကျွန်တော် ကျရောက်သွားရာ အကျဉ်းထောင် ဆိုတာကို ‘ မြေစိုင်ဝဲတို့ ထူထူထဲထဲ  ထ, မတ်တတ်ရပ်နေသော စက်ဝန်း ’ လို့ ကျွန်တော် နက်ရှိုင်းသွားတော့တယ်။

ကို နောင်လတ်က အယ်ဒီတာကောင်း တစ်ယောက်တင်မကဘူး ၀တ္ထုရှည်  လုံးချင်းတွေလည်း အင်မတန်အရေးကောင်းခဲ့တာ။ ကဗျာတွေလည်း အရေးကောင်းခဲ့တာ။ မောင်သင်းခိုင်တို့ ကျွန်တော်တို့ အပါအ၀င် ကဗျာဆရာတစ်စုနဲ့ ‘ တိုက်ပွဲ လက်နက် အနီများ ’ စုပေါင်း ကဗျာ စာအုပ် ထုတ်ဖို့တောင် ‘ ရှုထောင့်ဂျာနယ် ’ မှာ ကြေညာပြီးပြီ။ စာပေစိစစ်ရေးက ခွင့်မပြုခဲ့လို့  မထုတ်ဖြစ်ခဲ့ ပြန်ပါတယ်။ ( အဲဒီ့မှာ အစ်ကိုကြီး စစ်တွေနောင်လတ်လည်း ပါသပေါ့ဗျာ )။ 

ကားပြောရင် ရခိုင်သံဝဲဝဲနဲ့၊  ဒါပေမယ့် ကိုမြတ်လေးရဲ့ ‘ ပန်းတိုင်းပွင့်ပါစေ ’ တို့ ‘ ပင်လုံထိပ်ထားဦး ’   တို့ များ ဆိုပြီလားဆိုရင် ဗမာသံမှ ဗမာသံစစ်စစ်ပါဗျာ။ ထွေထွေ ဝေဝေ ကြွေကြွေ သီချင်း ဆိုချိန်များ  ဆိုရင်  အို …  က, လိုက်သမှ … ခုန်လိုက်သမှ ..  ဘာလဲ .. ကိုဆောင်း  ..  ခင်ဗျားလည်း က, ခဲ့၊  ခုန်ခဲ့   ..  ဟုတ်တယ်ဗျာ။  အဲ့သလို ကျွန်တော်တို့ ဘဝတွေ ရင်ချင်း အပ်ခဲ့ကြသပေါ့ မဟုတ်လား ..  ။   ‘ ဂျိမ်း ’ ခနဲ  ‘  ထောင်တံခါးတွေ ’ ထဲဆီ  ကျွန်တော်တို့ အသီးသီး ရောက်သွားခဲ့ကြရ ပြန်တာပဲ မဟုတ်လား။ အခုတော့ ကွယ်လွန်သွားရှာပြီဖြစ်သော  စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာကောင်း  စစ်တွေနောင်လတ်ကြီးပါဗျာ။

သီ ချင်းရေးတဲ့ မောင်ဆွေနွယ်က ‘ တက္ကသိုလ်ကျောင်းက ငွေလမင်း ’   သီချင်းကို ကိုရေးဖွဲ့သွားခဲ့တယ်။ ကိုအောင်ဇင်းမင်းရဲ့ ငယ်သူငယ်ချင်း ရုပ်ရှင်မင်းသမီး အကယ်ဒမီ ချိုပြုံးက ဒီသီချင်းကို  ဆိုခဲ့တယ်။ အဲဒီ့ သီချင်းထဲမှာ ဆိုရင် ‘ အလှရွှန်းဆို သာမောရာ မြကျွန်းညို .. ကဗျာတောမှာ ..  ခဏကွန်းခိုလာသော အခါဝယ် .. တစ်ဦးနဲ့တစ်ဦး မိတ်ဆွေအပေါင်းအသင်း .. ဖြစ်သွား ကြတာတွေ .. စိတ်အနေပြောင်းရင် .. ချစ်သွား ကြတာတွေ  .. ဒါတွေ တကယ်တော့ မဆန်းပေ ’  ဆိုတဲ့ စကားလုံးလှလှလေးတွေ  သုံးသွားတာ ကိုဆွေနွယ်ရဲ့  ‘ ကဗျာအတွေး ’ လို့ပဲ ကျွန်တော် ခံစားရတယ်။ ကိုအောင်ဇင်မင်းရော  ဘယ်လိုခံစားရလဲ .. ။

င်အေးတင့် ( ချိုပြုံး )နဲ့ကျွန်တော်က  ကံဘဲ့ ရပ်ကွက်စာသင်ကျောင်း    ခြောက်တန်းမှာ အတန်း အတူတူ တက်ခဲ့တာ။ အဲဒီ့ကတည်းက သူ သီချင်းဆိုနေပြီ ‘  ‘ခေါင်းလောင်းထိုးသံ ဘယ်သူ့ထံ ..  ပြန်လည်တွေးလေတိုင်း မျက်ရည် ဝိုင်းလျှံ ..  တစ်ရံရော အခါက ဘဝလေးတွေ မြင်သေးရဲ့ .. အတန်တန် စာသင်ခန်းဝယ် ..မနွမ်းမနယ် တို့ငယ်ငယ်က စာအံ သံရယ် ’ ဒါ ချိုပြုံး စာသင်ခန်းထဲက သူ့ အသံ သဲ့သဲ့။  အခုထက်ထိ အမှတ်ရနေဆဲပါ။

မာင်ဆွေနွယ်နဲ့ကတော့ တောင်ဥက္ကလာမှာ ကျောင်းတက်ဖော်။ ဥက္ကလာခင်စောလည်းပါတယ်။ ကျောင်း အတူတူ ပြေးဖော်တွေ။ တစ်ခါတုန်းက Auto လေးတစ်ခုမှာ ကျွန်တော့်ရဲ့ ခံစားမှုအတိုင်း ‘ သင့်ဝါသနာ ’ ဆိုတဲ့နေရာမှာ ကျွန်တော်က   ‘ ကျောင်းပြေးခြင်း ’ လို့ ရေးပေးမိတဲ့ အထိပဲ။

ခုမြောက်ဒဂုံ  .. ဟိုတုန်းက တိုးကြောင်ကလေး။ အခုလို တံတား မထိုးရသေး ချိန်။ သမ္ဗာန် ( ခတ်တက်ဖြင့် လှော်ရသော စက်လှေတစ်မျိုး ) နဲ့ ‘ ဆယ်ပြား ’ ပေးထားရင် ‘ ငမိုးရိပ်ချောင်း ’ ကို အသွားအပြန် စီးလို့ ရချိန်။ ရှေးဟောင်း ဘုရားအိုကြီးတွေကြားမှာ  ကျွန်တော်တို့ တစ်တွေ  ကျောင်းပြေး  … ပြေး .. ပြီး  နတ်သျှင်နောင်ကဗျာတွေ၊ နဝဒေးကြီးရဲ့ ဘုရားတိုင် ရတု ကဗျာတွေ၊ ရှင်အဂ္ဂသမာဓိရဲ့ နေမိဘုံခန်း ပျို့ ‘ ရှင်နှောင်းပြာလဲ့ ငယ်လွန်းခဲ့၍ ’ အဲသလို ရှေး စာကဗျာတွေကြား မှာ ကျွန်တော်တို့ ကဗျာ စိတ်တွေ နစ်မြုပ် ပျော်ဝင်ခဲ့ကြတယ်။

မာင်ဆွေနွယ်က မယ်ဒလင်တီး သိပ်ကောင်းတယ်ဗျ။ သူငယ်ချင်း မောင်ဆွေနွယ်ရေးပြီး ချိုပြုံး ဆိုတဲ့ သီချင်းစာသားတွေမှာ ‘ ခံစားတတ်မှု ..  သူ့ရင်ထဲက အလှဒေါင့် တစ်ဒေါင့် ’ .. ။ မောင်ဆွေနွယ်ကို  တစ်ခါက  ကျွန်တော် ပြောဖူးတယ်။  ‘ မင်းဟာ .. သီချင်းသေလို့ ၀င်စားသူပဲကွ ’ လို့ .. ။ သူက ပြုံးပြီး ကျွန်တော့်ကိုလည်းပဲ ‘  မင်းက .. ကဗျာသေလို့  ၀င်စားသူ ’  တဲ့ဗျာ။ နေဦးဗျ။ သခင်ဗဟိန်းက ဒဂုန်တာရာကို ပြောဖူးတာ ရှိတယ်ဗျ။ ‘ ဌေးမြိုင်ရာ .. ဂီတနယ်မှာ  နယ်နိမိတ် မရှိဘူးကွ ’ တဲ့ .. ။ 

အဲ သလို စကားကို မူတည်ပြီး ကျွန်တော် ကိုးကား ယူချင်လာတဲ့ စကားအစုအဝေးလေးကတော့  ‘ ကဗျာစာသားနဲ့ သီချင်းဟာ အမြွှာမောင်နှမပဲ’ ဖြစ်နေချင်တော့တယ်။ အကြောင်းအရာမှာတော့ တစ်ခါတစ်ရံတူမယ်။ တစ်ခါတစ်ရံ လမ်းခွဲပေလိမ့်မယ်။ အိန္ဒိယ  စာဆိုရှင်ကြီး ရာဝိန္ဒြာနတ်တဂိုး ရဲ့ ကဗျာ တစ်ပုဒ်ဆိုရင်  ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ အမျိုးသားသီချင်း အဆင့်ကို ရောက်သွားခဲ့၊ နေရာပေးလိုက်ရတာပဲ  မဟုတ်လား။ အိုင်စတိုင်းက ပြောဖူးတယ်။ ‘အသံဟာ လေထုသာမရှိရင် ခြေကျိုးနေတယ် ’  တဲ့ .. ။ ဟုတ်တယ်ဟုတ်။ ကဗျာအသံ။ သီချင်း အသံ၊ ဝတ္ထုမှာလည်း အသံ။ အနုပညာစစ်စစ် တည်တံ့နေသော အသံတို့ကား ကမ္ဘာမြေပြင်ပေါ်တွင် ကမ္ပည်း ဝင်နေပေတော့မည်လို့ .. ပြောချင်ပါတယ် ကိုဆောင်းရေ .. ။

ခတ်နဲ့ စနစ်တွေကို ဖြတ်သန်းကြတဲ့အခါမှာ တချို့က ‘ စကားပြေ ’ အနုပညာနဲ့  ခံစားမှုကို ပုံဖော် မှတ်တမ်းတင်ကြသလို ‘ ကဗျာ ’ နဲ့လည်း အနုပညာ မြောက်အောင် ဖွဲ့သီပြီး  ခေတ်နဲ့စနစ်ရဲ့ ပြယုဂ် မှန်သမျှကို  ထင်ဟပ်ပေးတတ်ကြတယ်။ ဒီအပေါ်မှာ ဘယ်လို မြင်မိလဲ ကိုအောင်ဇင်မင်း .. ။

ခတ်နဲ့  စနစ်တွေကို  လူသားပီသစွာ  ကျွန်တော်တို့  ဖြတ်သန်းလာခဲ့ကြရသလို ( လူသား မပီသသူတို့ရဲ့ လောဘ၊ ဒေါသ၊ မောဟတို့ရဲ့ ကျင့်ကြံပိတ်ဆို့မှုတွေကြောင့် ထို အခါမျိုးတွင် စီးဆင်းမှုဟူသော ) လူသား ပီသစွာဆိုတာကတော့  အပြန်အလှန်လေးစား၊ အတူတကွ ဖူးပွင့် ၊ လုံခြုံမှု အပြည့်အ၀ တည်ရှိ ရယူ နေထိုင်လိုမှု ဆိုတဲ့ ခံစားမှုမျိုးပေါ့ဗျာ။

ဒီ အခါမျိုးမှာ ကျွန်တော်တို့ ခင်ဗျားတို့ဟာ  အနုပညာစိတ်နဲ့ အဲသလို ခေတ် စနစ်ကို ဖြတ်သန်းကြတဲ့အခါမျိုးမှာ ..  နေဦးဗျာ .. လောလောဆယ် ၂၀၁၈ ဧပြီလထဲမှာ စိတ်ကူးချိုချို စာအုပ်တိုက်က ထွက်လာတဲ့ .. ကိုဆောင်းရေးတဲ့  ‘ပေးဆပ်ခြင်းဝတ္ထု ’ ဆိုတဲ့ ၀တ္ထုရှည်ကြီးကိုပဲကြည့်။ ခေတ်စနစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခင်ဗျား စကားပြေနဲ့ ရေးပြထားတယ်။ မြန်မာနိုင်ငံကြီး တိုင်းတပါးနယ်ချဲ့လက်အောက် ကျရောက်ချိန်က စပြီး  ၁၉၈၈ အာဏာရှင်ဆန့်ကျင် လူထုအရေးတော်ပုံကြီးအထိ ပြည်သူလူထုကြီးရဲ့ ခံစားနေရမှုတွေ ကို ခင်ဗျားက စာရေးဆရာ  ဒေါင့် ရဲ့အမြင်မှာ ပေါင်းဆုံ လိုက်နိုင်တယ်။ ခင်ဗျား ၀တ္ထုတွေထဲမှာ ခင်ဗျားဟာ တစ်ခါတစ်ရံ ခင်ဗျား တစ်ရစ် .. ကျွန်တော်တို့ မမြင်နိုင်တဲ့ ခင်ဗျားရဲ့ နဂိုရှိစိတ်ထား  တစ်ရစ် .. ပေါင်းဆုံရာ အနုပညာ လို့ အစကတည်းက ကျွန်တော် ခင်ဗျားကို ပြောထားခဲ့တယ်နော်။ 

ကဲ .. ကိုဆောင်းရေ .. ခင်ဗျားရဲ့ ‘ ပေးဆပ်ခြင်း ၀တ္ထု ’   အဆုံးသတ်လေးကိုပဲ ကြည့်ကြစို့ဗျာ။

… လူ့ ဘ၀ဆိုတာ ဖယောင်းတိုင် မီးထွန်းလင်းချိန် တိုသလို တိုတောင်းလှတယ်ဆိုတဲ့ အယူအဆကိုတော့ ကျွန်တော် လက်မခံနိုင်ပါဘူး။ ဘ၀ဆိုတာ ဖယောင်းတိုင်ကလေး မဟုတ်ပါဘူး။ ခန့်ညားတဲ့ မီးရှုးတိုင်ကြီးပါ။ အခု အခိုက်အတံ့မှာ အဲဒီ့ မီးရှုးတိုင်ကြီးဟာ  ကျွန်တော့် လက်ထဲမှာ ရှိနေတာပါ။ အဲဒီ့  မီးရှုးတိုင် ကြီးဟာ နောက်မျိုးဆက် သစ်တွေကို လက်ဆင့် မကမ်းခင်လေးမှာတော့ အစွမ်းကုန် ထိန်လင်းတောက်ပအောင် ကျွန်တော် လုပ်သွားချင်ပါတယ် ’ လို့ အဖေက ရွတ်ဆိုပြပါတယ်။ အဖေ့ရဲ့ စကားအဆုံးမှာတော့ ကျွန်တော်တို့ဟာ အိမ်ခန်း တံခါးကို အပြင်ဘက် ထွက်ပြီး သော့ခတ်ခဲ့ကြတယ်။ ပြီးတော့ သားအဖနှစ်ယောက် လက်တွဲပြီး သွေးရောင်တွေ စွန်းပေနေတဲ့  လမ်းမကြီးဆီကို ထွက်လာခဲ့ကြပါတော့တယ် .. ” လို့   ခင်ဗျားရေးခဲ့တယ်နော် ..။

ဒီမှာ ကိုဆောင်းဗျ ..  ကိုဆောင်း ..    
‘ သွေးရောင်တွေ စွန်းပေနေတဲ့ လမ်းမကြီးဆီကို ’ ဆိုတာ အဲသလို ခေတ် စနစ်ဆိုးကြီးရှိခဲ့ပါတယ်ဆိုပြီး ခင်ဗျားက စကားပြေနဲ့ ထောက်ပြသွားတာ။ ကဗျာနဲ့ ထောက်ပြကြတဲ့အထဲမှာ  ကျွန်တော်က ..   ‘ ရုပ်ကြွင်းများ ’ ( ခေတ် စနစ်၏ တစ်နည်းသော အမည်ဟု မှတ်ပါ။ )  ဆိုတဲ့ ကဗျာမှာ ရေးထားတဲ့ စာကြောင်းတွေထဲက တစ်စွန်းတစ်စ ဟောသလို ပြခဲ့တယ်။

ရုပ်ကြွင်းများ

‘ တောရိုင်းကြီးထဲ 
တောရိုင်းည၊ တောရိုင်းနေ ဒဿနတွေ့တယ်
လူရိုင်းတွေရဲ့ လှံဖျားမှာ ငါးရိုးနေတယ်

ကျောက်ကို ကျောက်နဲ့ ပွတ်တိုက် မီးခတ်မှတ်တမ်း ဖိုတယ်
လေတိုက်နှုန်းပေါ် ပျော်တဝေးဝေး ပဲ့တင်သံ တဟေးဟေး
တောင်ကမ်းပါးယံတွေပါ  ပူနွေးလာ  ကဆုန်ပေါက်
လူသားဘ၀ ယောက်ယက်ခတ် .. ’ 

ဟု တ်တယ်။  ကဗျာနဲ့ စကားပြေဟာ ‘ ခေတ်ကြောင့် ’  ပိုမိုရင်းနှီး လာနေကြရပြီပဲလားဗျာ။ ‘မတူကွဲပြား ရေးဟန် ’ တွေပေမယ့် ခေတ်ကြောင့် မတူကွဲပြား ရေးဟန်တွေ ဆိုတာထက် ‘လှပစွာ စီးဆင်းတတ်စွာသော ’  လို တကယ်တော့ ကဗျာနဲ့ စကားပြေဟာ  မေခ၊ မေလိခ ပါပဲဗျ နော် .. ။

ကိုအောင်ဇင်မင်းရေ .. ကျွန်တော်တို့ ညီအစ်ကို သူငယ်ချင်းနှစ်ယောက်  အခုလို စကားတွေ အများကြီး ပြောလိုက်ရတာ ကျေးဇူးတယ်တယ်ဗျာ.. ။   ။

ဆောင်းဝင်းလတ်