မခင်မာအေးသို့ … 
သန်းသန်းအေး(မိနက်)

.

“ ဒေါ်ခင်မာအေး အောက်မေ့ဘွယ် ”

၉၈၁ ခုနှစ်မှာ ကျမ ဘိုကလေးကနေ ရန်ကုန်ကိုပြောင်းလာခဲ့ပါတယ်။ ကျမ အမ၀မ်းကွဲ မကောက်ပို့နဲ့အတူ မြရတနာဆေးခန်းမှာ သူနာပြုဆရာမ လုပ်ဖို့ပါ။ မကောက်ပို့ရဲ့ အမျိုးသားက ဦးလှတင်အောင်ပါ။ သူတို့နဲ့ ဦးလှရွှေတို့က ခြံဝိုင်းတ၀ိုင်းထဲ အတူနေကြတာပါ။ ဘိုကလေးသူ ဘိုကလေးသားများပေါ့။

အဲဒီ ခြံဝိုင်းထဲမှာ အိမ်လေးနှစ်လုံးရှိပါတယ်။ တလုံးက ဦးလှရွှေတို့ အိမ်ကလေးဖြစ်ပြီး နောက်တလုံးက ဦးလှတင်အောင်တို့ အိမ်ကလေးဖြစ်ပါတယ်။ နှစ်အိမ်စလုံးရဲ့ ပင်မစီးပွားရေးက ဥစားကြက်မွေးမြူရေးလုပ်ငန်းပါ။ ကိုယ့်အိမ်ကိုယ့်ခြံနဲ့ ဆိုတာ ဒါမျိုးထင်ပါတယ်။

ဦးလှရွှေတို့အိမ်မှာက သူ့ဇနီး မခင်မာအေး၊ သားကြီးဆက်အောင်နိုင်၊ သားလတ်ဆက်အောင်ခိုင်နဲ့ သမီးထွေး မေဇွန်ဦး (အားလုံးက နေခြည်လို့ပဲခေါ်ကြတယ်) တို့ မိသားစုငါးယောက်ပါ။ ဆက်အောင်နိုင်ကတော့ သြရသတို့ထုံးနှလုံးမူပြီး သူ့အဖေနဲ့ တကျက်ကျက်ပေါ့။

သူတို့ထဲမှာ ဆက်အောင်ခိုင် (ကျမတို့က ခိုင်လေးလို့ခေါ်ပါတယ်) က လိမ္မာရေးခြားအရှိဆုံးနဲ့ ပညာအတော်ဆုံးပါ။ နေခြည်လေးကတော့ အဲဒီတုန်းက လေးငါးနှစ်သမီးလေး၊ ပြေးတုန်း၊ လွှားတုန်း၊ ဆော့ကစားတုန်းပါ။

ဦးလှရွှေက မိုးလင်းတာနဲ့ အလုပ်နဲ့လက်နဲ့မပြတ် လုပ်လေ့ရှိတတ်သလို၊ ပါးစပ်ကလည်း ကရားရေလွှတ်တတွတ်တွတ်နဲ့ တရစပ်လွှတ်လေ့ရှိတတ်ပါတယ်။ ကျမအထင်တော့ အကြောမတည့်တဲ့ သူ့သားကို ဗျစ်တောက်ဗျစ်တောက် ပြောနေတယ်ထင်တာပဲ။ ဒါကြောင့်လည်း အကြီးကောင်နဲ့သူ တစောင်းစေးနဲ့ မျက်ချေးဖြစ်တာ ထင်ပါတယ်။

ကျ မက ၁၉၈၁ ကနေ ကျောင်းသားတပ်မတော်ထဲမ၀င်မီ ၁၉၉၁ အထိ ဦးလှရွှေတို့နဲ့ တ၀ိုင်းထဲနေခဲ့တာပါ။ ကျမနေခဲ့တဲ့ ဆယ်နှစ်အတွင်း ဦးလှရွှေက အိမ်မှာနေရတယ် သိပ်မရှိလှပါဘူး။ သူက အိမ်မှာနေတုန်း အလုပ်တွေကို ဇာယ်ဆက်သလိုမနားမနေလုပ်၊ ပြီးတဲ့အခါ အိမ်မှာမနားဘူး။ ဦးနေ၀င်းရဲ့ ဧည့်ဂေဟာမှာ တမေ့တမောသွားနားတယ်။ ဒီလိုနဲ့ ထောင်နဲ့အိမ်၊ အိမ်နဲ့ထောင် ကူးချည်သန်းချည် လုပ်နေတာ အခေါက်ခေါက်အခါခါပါ။ ကျမအထင် မခင်မာအေးဆို ဦးလှရွှေပြန်လာတာနဲ့ နောက်တခေါက်သွားရင် အဆင်ပြေဖို့ အရန်သင့် ထုပ်ထားပိုးထားမယ် ထင်တာပဲ။

ဦးလှရွှေအကြောင်းကတော့ အများသိပြီးသားမို့ အကျယ်မချဲ့လိုတော့ပါဘူး။ ကျမက မိန်းမချင်း ကိုယ်ချင်းစာစိတ်နဲ့ မြင်ခဲ့တွေ့ခဲ့ရတဲ့ ဦးလှရွှေရဲ့ ဇနီးသည်လည်းဖြစ်၊ ခိုင်လေးတို့မောင်နှမတတွေရဲ့ မိခင်လည်းဖြစ်တဲ့ မခင်မာအေးအကြောင်း ပြောပြချင်ပါတယ်။

ကျ မနေခဲ့တဲ့ ဆယ်နှစ်လုံးလုံး မခင်မာအေး စိတ်ဆိုးနေတာ၊ ဒေါသဖြစ်နေတာ တခါမှ မတွေ့ခဲ့ဖူးပါဘူး။ ဘယ်တော့ ကြည့်လိုက်ကြည့်လိုက် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပါပဲ။ လောကဓံနဲ့ ထုသားပေသားကျနေတယ်ဆိုရမလားပဲ။

လင်ဆိုးမယား တဖားဖားဆိုတဲ့ စကားလောက်တော့ နိုင်ငံရေးသမား မယားက ပျင်းတောင်ပျင်းသေးတယ်လို့ပြောရမှာပါ။ အစိုးရဆိုးနဲ့ စီးချင်းထိုးနေတဲ့ပွဲမှာ ဘ၀ကို ကျိုးကြေအောင် ပေးဆပ်ကြရတဲ့သူတွေက မခင်မာအေးတို့လို အိမ်ရှင်မတွေပါ။ သူတို့ခမျာ တချိန်တည်း တပြိုင်တည်းမှာတင် ဇနီးမယားအနေနဲ့ရော၊ သားသည်အမေ မိခင်အနေနဲ့ပါ နှစ်ဘ၀စာ ပေးဆပ်ကြရတာပါ။

တုယူစရာပါပဲ။ မခင်မာအေးတယောက် ၀မ်းနည်းနေတာ၊ စိတ်ဓာတ်ကျနေတာလည်း တခါမှ မမြင်ခဲ့ဖူးပါဘူး။ တခါတလေ သီချင်းလေးတောင်ဖွင့်ထားလိုက်သေး။ မကြာမကြာ ကြားရလွန်းလို့ ခုထိ နားထဲစွဲနေတယ်။ ဘာတဲ့။ တရေးချစ်ခွင့်မြင်ရနိုးတဲ့။ ကြေကွဲစရာကောင်းလှပါတယ်။ ခုလိုအချိန်မှာ မခင်မာအေးသာရှိနေသေးရင် သားသမီးမြေးမြစ်တွေနဲ့ စုံစုံညီညီတွေ့ခွင့်ရနိုင်မှာပါ။

သူတို့အိမ်ကလေး စည်စည်ကားကားရှိလှတဲ့ အချိန်ကတော့ ဦးလှရွှေ ထောင်ကလွတ်လာတဲ့ အခိုက်အတန့်ကလေးပါပဲ။ သူလွတ်လာတဲ့အခါ သူ့ရဲဘော်ရဲဘက်တွေက ၀င်ဟယ်ထွက်ဟယ်နဲ့ သူတို့အိမ်မှာ တရုန်းရုန်းပါပဲ။ ဦးနေ၀င်းက သူ့ ရန်သူတော်တွေကို တကူးတက လိုက်ရှာစရာတောင် မလိုပါဘူး။ ဦးလှရွှေအိမ် သွားဖမ်းလိုက်ရုံပါပဲ။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက ဦးလေးဦးလှရွှေကို ဂါရ၀ပြုဖို့သွားခဲ့ပေမယ့် အိမ်မှာ သူမရှိတာကြောင့် မတွေ့ခဲ့ရပါဘူး။ ဒါကြောင့် ဒီစာလေးနဲ့ ရိုသေသမှု ဂါရ၀ပြုအပ်ပါတယ်။

ခေတ်အဆက်ဆက် တော်လှန်ရေးသမားကြီး
ဦးလေးဦးလှရွှေ သက်ကျော်ရာကျော်ရှည်ပါစေဟု ဆန္ဒပြုရင်း …

အလေးနီဖြင့်
သန်းသန်းအေး (မိနက်)

စကားချပ်။ “ ဦးလှရွှေအတွက် မွေးနေ့လက်ဆောင် ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဖေ့ဘုတ်မှာတင်ခဲ့ဖူးတဲ့ ပိုစ့်ကလေးကို မခင်မာအေး အောက်မေ့ဘွယ် စာမျက်နှာမှာ ဖော်ပြချင်တာကြောင့် ပြန်လည်ကူးယူဖော်ပြထားတာဖြစ်ပါတယ်။ 

စာကြွင်း။

၂ဝဝ၈ ခုနှစ်၊ ဧပြီလ၊ (၁၁)ရက်နေ့မှာ ကွယ်လွန်သွားတဲ့ ဒေါ်ခင်မာအေး အောက်မေ့ဘွယ် စာမျက်နှာကို လေးမြတ်စွာ ဖော်ပြအပ်ပါတယ်။ ဒီအောက်မေ့ဘွယ်စာမျက်နှာလေးမှာ ကဗျာဆရာမောင်အောင်ပွင့်၊ ကဗျာဆရာအုန်းမြင့်လှိုင်၊ ခင်ပွန်းဦးလှရွှေ၊ သား ဆက်အောင်ခိုင်နဲ့ ဒေါ်ခင်မာအေးနဲ့ နှစ်အတန်ကြာအတူနေခဲ့ဖူးတဲ့ မသန်းသန်းအေး(မိနက်)တို့ရဲ့ အလွမ်းစာ၊ အလွမ်းကဗျာလေးတွေကို လက်လှမ်းမီသလောက် စုစည်းဖော်ပြအပ်ပါတယ်။

လွတ်လပ်လှိုင်းမဂ္ဂဇင်း

မှတ်ချက်။ စာ၊ ကဗျာတွေနဲ့ ဓာတ်ပုံတွေကို ကိုဆက်အောင်ခိုင်ရဲ့ ဘလော့နဲ့ ဖေ့ဘုတ်စာမျက်နှာတွေကနေ ကူးယူဖော်ပြတာဖြစ်ပါတယ်။