နယ်ခြားမျဉ်းတဖက်စီက

ကိုဈာန်

(၁)

ဝေလီဝေလင်း နှင်းမှုန်တို့ ဝေဝါးချိန်။ အမျိုးသမီးတဦး၊ ကလေးငယ်တယောက်နှင့်၊ မြဝတီကနေ မဲဆောက် သွားတဲ့ လမ်းမကြီးအတိုင်း ကုန်စိမ်းဗန်းခေါင်းရွက်ပြီး ခလေးငယ်အား လက်ကဆွဲ၍ မဲဆောက်ဈေးကို အသော့ နှင်နေသည်။ အေးစိမ့်မှုဒဏ်က လမ်းမြန်မြန်လျှောက်တာမှ သူမအတွက် ခန္ဓာကိုယ်အား ပို၍နွေးထွေးစေသည်။ သူမ ဈေးရောက် နောက်ကျလျှင် ဈေးရောင်ဖို့နေရာရမှာ မဟုတ်။

“သားချမ်းနေပြီ မေမေ၊ နောက် ဗိုက်လည်းဆာပြီ မေမေရ” ခြောက်နှစ်သားအရွယ် ကျောင်းစိမ်းဝတ်စုံ အနွမ်းလေးနှင့် ခလေးလေးက သူ့အမေအား တတွတ်တွတ်ပြောနေသည်။ ဈေးဗန်းခေါင်းရွက်ထားတဲ့ အမျိုးသမီး မျက်လုံးအစုံ ရီဝေသွားခဲ့။“ချမ်းနေပြီလားသားရယ်”ရင်ထဲမှာ သားအတွက် ဝမ်းနည်းလှိုက်တုန်၍ ထွက်ပေါ်လာသည့် အသံ၊ ကြေကွဲစွာ။ တနေ့တနေ့ မဲဆောက် ဈေးသွားပြီး ဟင်းသီးဟင်းရွက်ရောင်းစား နေရသည့် ဝင်ငွေလေးဖြင့် မိသားစုဝမ်းစာရေးကိုပင် အနိုင်နိုင်ဖြည့်နေရသည်။ ဆောင်းတွင်းပင် ကုန်တော့မည် သားငယ်ဆုံးလေးအား အနွေးထည် အဟောင်းလေးကိုပင် မဝယ်ပေးနိုင်။ ဒီနေ့တော့ ကုန်စိမ်းလေးရောင်းရ ငွေထဲက ၁ဝ ဘတ်တန် ကလေးဝတ်အနွေးထည် တစ်ထည်လောက် တော့ ဝယ်သွားရမည်။ အနွေးထည်ဝယ်ဖို့ တနေ့စာတော့ ခြိုးခြိုးချန်ချန် စားရမည်။ သားအမိနှစ်ယောက် ချမ်းချမ်းနှင့် လမ်းခပ်သွတ်သွတ် လျှောက်နေ မိသည်။

(၂)

ဟို ရောက်ရင်သားကို မုန့်ဝယ်ကျွေးနော် အမေ…”
“အေးပါ သားရယ်…”
ဝမ်းနည်းတုန်ရီစွာ ပြန်ဖြေမိသည်။ သူမမှာ သားအား မုန့်ဝယ်ကျွေးဖို့ ပိုက်ဆံမပါ။ ကန်စွန်းရွက်လေး ရောင်းရ တော့မှ ဝယ်ရမှာဖြစ်သည်။ အကြွေးကုန်စိမ်း တစ်မနက်ရောင်းရငွေမှာ အများဆုံး ဘတ် ၃ဝ-၄ဝ လောက်သာ။ သားလေး မုန့်ဝယ်ကျွေးလျင် အနည်းဆုံး ၅ ဘတ်လောက်တော့ ကုန်မည်။ အများဆုံး ၃၅ ဘတ်လောက်သာ ကျန်မည်။ ၃၅ ဘတ်ကို ဗမာငွေလဲရင် ၁ဝဝဝ လောက်တော့ရသည်။ အိမ်ရောက်ရင် ဆန်ဝယ်၊ ဆီဝယ်၊ မူလတန်းကျောင်း တက်နေသည့် ကလေးနောက် (၂) ယောက်အတွက် ကျောင်းမုန့်ဖိုး၊ အိပ်ထဲမှာလည်း အရေးအကြောင်း၊ ကျန်းမာရေးစရိတ်အဖြစ် ကျပ် ၁ဝဝ-၂ဝဝ လောက်တော့ အိတ်ဆောင်ထားရသည်။

မိမိမှာ အားကိုးအားထားစရာ ယောက်ျားကလည်း ဘန်ကောက်တက်သွားတာကြာပြီ အဆက်အသွယ်မရ။ စိတ်ထဲမှာ အတွေးမျိုးစုံ ပျံ့လွင့်နေသည်။ ယခုလည်း မြဝတီမြို့ကွက်သစ်မှာ ခြံရှင်ကို တလ ၅ဝဝဝ ပေးပြီး ဓနိမိုး ထရံကာ တဲလေးတွင်နေကြရသည်။ လူ ၅ ယောက်စာ အိပ်လို့ရသည့် အကျယ်ပဲရှိသည့် တဲအိုလေး။ တဲဘေးလယ်ကွက် မှာရှိသည့် ကန်စွန်းရွက်များနှင့် အနီးအနားရှိသည့် အသီးအရွက်များကို ခူးပြီး မဲဆောက်ဖက်ကမ်းကို ဝမ်းစာ ရေးအတွက် အသီးအရွက်လေးများကို နေတိုင်းလိုလို လာရောင်းဖြစ်လေသည်။ မဲဆောက်ဈေးကို လှမ်းမြင် နေရသည်။

(၃)

မဲ

ဆောက်ဈေး ရောက်ပြီ။ လမ်းဘေးတွင် အရင်ကုန်စိမ်းရောင်းသည့် နေရာတွင်ပဲ ဟင်းသီးဟင်းရွက်ဗန်းကို ချပြီး ထိုင်အမောဖြေလိုက်သည်။ နံနက် (၆) နာရီခွဲလောက်ရှိမည်ထင်သည်။
“သား… ချမ်းနေရင် အမေ့နားမှာ ကပ်ထိုင်ပါလား” ချမ်း၍ တုန်နေသည့် သားကို ကြည့်ပြီးပြောလိုက်သည်။ ကုန်စိမ်းဗန်းချပြီး သိပ်မကြာ ကန်စွန်းရွက် နှစ်စီးရောင်းလိုက်ရသည်။ နှစ်စီး ငါးဘတ် ရလိုက်သည်။ နာရီဝက် သာသာလောက် ရောင်းလိုက်တော့ ဘတ် ၃၅ ဘတ်ဘိုးလောက် ရနေပြီ။ သားကလည်း ဗိုက်ဆာကြောင်း နားပူနားစာလုပ်တာနှင့် မုန့်ဟင်းခါးလေး တပွဲဝယ် အိမ်က ထုတ်လာသည့် ထမင်းထုတ်ကို မုန့်ဟင်းခါးထဲတွင် ရောမွှေပြီး သားအမိနှစ်ယောက် နံနက်စာ တင်းတိမ်လိုက်ရသည်။ သိပ်မကြာ လမ်းထိပ်က လမ်းဘေးထိုင် ရောင်းသည့် ကုန်စိမ်းသည် လေးငါးယောက် ကုန်စိမ်းဗန်းတွေကိုင်ပြီး လမ်းအတိုင်း ပြေးလွှားနေကြသည်။

တောမောင်း– တောမောင်း ဆိုပြီး အော်သူက အော်၊ ပြေးသူက ပြေး။ လမ်းတလျှောက် ကုန်းစိမ်းသည်တွေ အပြေးအလွှားနှင့်ပင် ရှုပ်ယှက်ခတ်သွားသည်။ ဈေးရောင်းခွင့် လိုင်စင်မရှိသည့် လမ်းဘေးဈေးသည် တွေကို ထိုင်းစည်ပင်သာယာနှင့် တောမောင်း(ထိုင်း လဝက)လိုက်ဖမ်းတာ ဖြစ်သည်။ သူမတို့ သားအမိ နှစ်ယောက် ဘာလုပ်ရမှန်းမသိ ယောင်တိယောင်ချာဖြစ်နေစဉ် တောမောင်းကား အရှေ့ကို ရောက်လာသည်။ တောမောင်း က သူမကို တောမောင်းကားပေါ် တက်ဖို့ပြောလေသည်။ သူမ ထိုင်းစကား နားမလည် ကားပေါ်အဖမ်းခံထား ရတဲ့ ကုန်စိမ်းသည် အချို့ပြောမှ ကားပေါ်တက်ခိုင်းမှန်း သိရသည်။ သူမ ရင်တခုလုံး တုန်ခါလှိုက်မော သွားသည်။ အိမ်က ခလေးတွေ စားဖို့ သောက်ဖို့၊ သား… သားလေးကော လှုပ်ရှား စိုက်ဝင်ခဲ့တဲ့ ပုံရိပ်တွေ၊ စိုးရိမ်ကြောင့်ကျမှုတွေက ခဏတာအတွင်း ခေါင်းထဲထိုးဝင်လာခဲ့သည်။ ကုန်စိမ်းသည်တွေဝရုန်းသုန်းကား ကားပေါ်ရောက်လာသည့်ကြားက သားကို လူကြားထဲမှ ကားအောက်သို့ တိုးဝှေ့ကြည့် မိသည်။

“ကျမ သားလေး ကျန်ခဲ့ပြီ၊ သား… သား” တောမောင်း ကားကတော့ တဖြည်းဖြည်း မဲဆောက်ဈေးနဲ့ ဝေးကွာ သွားခဲ့သည်။

(၄)

နေဆည်းဆာချိန်၊ မဲဆောက်ဈေးကတော့ အရင်အတိုင်း စည်းကားမြဲ စည်းကားနေသည်။ လူအသွားအလာ များတဲ့ လမ်းဘေး ကုန်စိမ်းဈေးသည်တွေရဲ့ နောက်နားတနေရာမှာ ကလေးငယ်တယောက် ထိုင်နေဆဲဖြစ် သည်။ သူ့အရှေ့မှာတော့ ကန်စွန်းရွက် (၄)စီး (၅)စီးလောက်ရှိတဲ့ ကုန်စိမ်းဗန်းတချပ်ရှိနေသည်။ နောက်ဆုံး သူ့အမေခေါ်ဆောင်သွားတဲ့ကား ထွက်သွားသည့်နေရာလေးကို ငေးမြဲငေးမော၊ သူ့အမေများပြန်လာမလားလို့ မျှော်လင့်ချက်တွေ တသီတတန်းကြီးနဲ့ ငေးမောလို့၊ သူလည်း အိမ်ပြန်ချင်လှပြီ အမေက ပြန်မရောက် အိမ် ရောက်ရင် အကိုတွေ အမတွေနှင့် ကစားရအုံးမည်။ ဒီနေ့ တနေကုန် အမေနှင့်လိုက်လာတာ မကစားရ၊ မနက်ကတည်းက မုန့်ဟင်းခါးလေးတပွဲကို သားအမိနှစ်ယောက် တယောက်တဝက်ပဲ စားရသေးသည်။ ဗိုက်က လည်း အူကျုံ့ နေသည်။

“အမေကလည်း ကြာလိုက်တာ လိုက်သွားတာလည်း ပြန်မလာသေးဘူး”ကလေးစိတ်ထဲမှာ စိုးရိမ်မှုတွေက ညိုမှိုင်းလာသည်။ ညနေဆည်းဆာလည်း ကွယ်လုချိန်၊ ဟင်းရွက်စိမ်းဗန်း ကလေးနှင့် ခလေးလေးတယောက်ကတော့ ထိုင်မြဲ၊ ထိုင်ဆဲ… လမ်းမကြီးကို ငေးမောဆဲ…၊

ဆည်းဆာကတော့ အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။

ကိုဈာန်