K ငြိမ်းချမ်း

အာဇာနည်မျိုး သေရိုးမရှိ (သို့မဟုတ်) လေထီးတပ်သားကြီး ဦးအုန်းမောင်

နိုင်ငံရေးလောကတွင် စကားတခွန်းရှိပါတယ်။ သေသူ(သူရဲကောင်း)တို့ကို မေ့လိုက်ကြရင် သူတို့ တကယ်သေသွားပါလိမ့် မယ်ဆိုတဲ့စကားပါ။ ဘာလဲဆိုရင် တိုင်းပြည်အတွက် မစားဘဲစွန့်ခဲ့ကြသူတို့ ကွယ်လွန်ရင် သေသူတို့ကို ကျန်ရစ်သူတို့က မေ့လိုက်ကြရင် ထို သူရဲကောင်းများ အမှန်သေသွားကြပါတယ်ဆိုတဲ့စကားပါပဲ။ သမိုင်းတန်ဖိုးထားတတ်မှုကို ညွှန်းဆိုလို ဟန်လည်း ရှိပါတယ်။

သက်ရှင်နေစဉ်မှာ တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်ကျိုးမဖက် နေထိုင်ရုန်းကန်ရင်း ကွယ်လွန်ဆုံးရှူံးခဲ့ကြသူတွေ ကျ နော်တို့မြန်မာပြည်နိုင်ငံရေးသမိုင်းမှာလည်း ထုနဲ့ထေးရှိပါတယ်။ ဦးဥတ္တမ၊ ဦးဝိစာရအစရှိတဲ့ ရဟန်းသံဃာတွေအပြင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ကိုယ်တော်မှိုင်း၊ သခင်ဗဟိန်း တို့အပြင် ဗိုလ်နေဝင်းအစိုးရနောက်ပိုင်း ဦးသန့်၊ လေထီးဦး အုန်းမောင်၊ လူထုဒေါ်အမာ၊ ဦးဝင်းတင်အစရှိတဲ့ နိုင်ငံရေး၊ စာပေ၊ သတင်းစာ ကဏ္ဍအသီးသီး နယ်ပယ်အသီးသီးမှာ ရှိခဲ့ကြတာဖြစ်ပါတယ်။ အသက်ထင်ရှားရှိစဉ်ကတည်းက ငါတို့မရှိတော့ရင် ငါတို့ကို သတိရစမ်း၊ ငါတို့ဂုဏ်ပုဒ်တွေ တသရွတ်ဆိုကြစမ်းဆိုပြီး ဓား မိုးသေနတ်မိုး မှာခဲ့ကြသူတွေ မဟုတ်တာတော့ ရှင်းပြစရာတောင် လိုမယ်မထင်ပါဘူး။

ည်မျှပင် ဘေးဒုက္ခတွေ ကျရောက်နေပါစေ ပြည်သူဘက်ရဲရဲ မျက်နှာမူပြီး ပြည်သူ့အကျိုးစီးပွားအတွက် စဉ်းစား ရပ် တည်ခဲ့ကြလို့သာ ကွယ်လွန်ပြီး ဘယ်လောက် ကြာ ကြာ လူထုက မမေ့နိုင်တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့၂နှစ်က ဗိုလ် ချုပ်အောင်ဆန်း နှစ်တရာပြည့် ကျင်းပခဲ့ကြရတဲ့ဖြစ်စဉ်ကို သာဓကအနေနဲ့သာကြည့်။ လူထုရဲ့အသိစိတ်ထဲက သူရဲ ကောင်းချစ်မြတ်နိုးတန်ဖိုးထားစိတ်ကို ဘာနဲ့မှ လဲလှယ်ထုတ်ဖယ်လို့မရဘူးဆိုတာပါပဲ။

ပြည်သူလူထု နှစ်ရှည်လများ မမေ့မလျော့သတိတရရှိအောင် သူတို့ ဘယ်လိုရှင်သန်ရပ်တည်နေထိုင်ခဲ့ကြလဲဆိုတာတော့ သူတို့ကို သိမီလိုက်သူ ထိတွေ့ဆက်ဆံခဲ့ဖူးသူတို့မှတ်တမ်းမှတ်ရာ ပြောပြချက်များကို နှောင်းလူတို့က သိရှိဖတ်မှတ်ထား သင့်ပါတယ်။ ဒါမှလည်း ကွယ်လွန်သူ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းစကားလို သမိုင်းသင်တာ မအအောင်လို့ဆိုတဲ့အတိုင်း သမိုင်းအမှန်သိမှ သမိုင်း မ အမှ သမိုင်းအသစ် ရေးထိုးနိုင်မယ့် လူငယ်မောင်မယ်များဖြစ်ကြမှာဖြစ်ပါတယ်။

ဟိုတလောလေးက တီဗီအစီအစဉ်တစ်ခုမှာ အမျိုးသားနေ့ဟာ ဘယ်နေ့လဲဆိုတာပါတဲ့ အမေးအဖြေကဏ္ဍမှာ တနင်္လာ နေ့မှာ တစ်တိုင်းပြည်လုံး ရုံးပိတ်ကျောင်းပိတ်ရက်ပြုလုပ်ခဲ့ကြတာတောင် သူတို့မဖြေနိုင်ခဲ့ကြဘူး။ လူငယ်တွေကို အပြစ် ပြောတာ မဟုတ်သလို သမိုင်းဖျောက်သင်ကြားခဲ့တဲ့စစ်အစိုးရကာလ ပညာရေးစနစ်ကိုပဲ စွပ်စွဲချင်တာပါပဲ။

စ်တိုင်းပြည်လုံး နယ်ချဲ့စနစ်အောက်က ညီညွတ်စုစည်းကာ ထကြွတော်လှန်သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသားပြည် သူများပါဝင်ခဲ့ကြတဲ့ တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
တိုင်းပြည်အတွက် အရေးကြီးတဲ့ သမိုင်းဆိုင်ရာ နေ့ထူးတစ်ရက်အဖြစ် သတ်မှတ်ထားပါရဲ့။ ဖုံးကွယ်ချင်သူတွေကြောင့် တန်ဖိုးထား အရေးတယူရှိရမယ့် နေ့စွဲတစ်ခုဟာ လူငယ်တွေကြား ဝေဝေဝါးဝါးဖြစ်ခဲ့တဲ့ ဥပမာလေးတစ်ခုဖြစ်ပါတယ်။

ယခုစာအုပ်ကတော့ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ လေထီးတပ်သားအဖြစ်ရော မြန်မာနိုင်ငံရေးသမိုင်းမှာ ပြည်တွင်း စစ်ရပ်စဲရေး၊ ဒီမိုကရေစီရေးတွေအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ လေထီးဦးအုန်းမောင် အကြောင်းကို ဘဘရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ စာပေနယ်မှ ပုဂ္ဂိုလ်များက အမှတ်ရအောက်မေ့ဖွယ် ရေးသားချက်များဖြစ်ပါတယ်။

စာအုပ်ရဲ့ထူးခြားချက်တစ်ခုကတော့ ၂ဝ၁၄ ဖေဖော်ဝါ၇ီလက စာအုပ်ဈေးစာအုပ်တိုက်က ထုတ်ဝေဖြန့်ချိထားတာဖြစ် ပေမယ့် စာအုပ်ရဲ့အမှာမှတ်ချက်အရ ၂ဝဝ၂ခုနှစ်ကတည်းက ထုတ်ဝေဖို့ စိစစ်ရေးတင်ပြခဲ့သော်လည်း ခွင့်မပြုခဲ့သော ကြောင့် ၁၂ နှစ်ကြာမှ ထုတ်ဝေခဲ့ရတာလို့ဖတ်လိုက်ရပါတယ်။

တိုင်းပြည်အတွက် ဗမာ့လွတ်လပ်ရေးခေတ်ကတည်းက ဘက်ပေါင်းစုံကနေ ဆောင်ရွက်ရင်း ကွယ်လွန်ခဲ့တဲ့ လေထီးဦး အုန်းမောင်လို ပုဂ္ဂိုလ်မျိုးအကြောင်း ဘာကြောင့် ပြည်သူလူထု ဖတ်ရှုသိဖို့ ဘာတွေများ စိုးရိမ်လွန်နေသလဲဆိုတာကတော့ ကာယကံရှင်များသာ သိပါလိမ့်မယ်။

ဝဝဝ ပြည့်နှစ် ဒီဇင်ဘာ ၂၈ ရက်၊ နံနက်၂ နာရီ အသက် ၈၂နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ လေထီးတပ်သားကြီး ဦးအုန်း မောင်အကြောင်း ဘဘနိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေ အပေါင်းအသင်းနဲ့ တပည့်တပန်းများက ဘာတွေများ ရေးသားထားသလဲဆိုတာကတော့ အောက်ပါအတိုင်း ဖတ်ရှုရပါတယ်။

ပါဝင်ရေးသားကြတဲ့ သူများကတော့ လူထုဒေါ်အမာ၊ ဒဂုန်တာရာ၊ သခင်တင်မြ၊ ပါရဂူ၊ တိုက်စိုး၊ ဒေါ်ခင်ကြီး၊ ဒေါ်ခင်ကြီး၊ ဒေါ်ခင်ကြည်ကြည်၊ အောင်သူ၊ (သံမဏိမောင်မောင်၊ ဒေါ်မြရီ(မခင်စီ)၊ ထွန်းကျော်၊ ဗိုလ်လှဖေ၊ သခင်လှကွန်း၊ ထိန်လင်း၊ ဗိုလ်စက်စိန်၊ ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၊ ဦးညွှန့်အောင်(ရေစကြို)၊ အောင်မြင့်(ကိုကိုကြီး)၊ ဦးမြင့်စိန် (ကိုကိုးကျွန်းပြန်) Aung Zae၊ လင်းယုန်မောင်မောင်၊ ရဲဘော်မောင်ဖုန်း၊ မောင်ဝံသ၊ အံ့မောင်၊ ထက်မြက်၊ ကြည်သာခင်၊ လှကွန့်၊ ဖိုးအောင် လေး၊ မိုးဟိန်း (သားဂျာနယ်ကျော်)၊ ရဲဘော်စိုးလွင်၊ စိုးမြင့်လတ်တို့ဖြစ်ပါတယ်။

မှတ်တရရေးသားခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်များထဲမှာ လူထုဒေါ်အမာ၊ ဒဂုန်တာရာ၊ သခင်တင်မြ၊ ပါရဂူ၊ လင်းယုန် မောင်မောင်၊ ဒေါ်မြရီ(မခင်စီ)၊ အစရှိတဲ့ ပုဂ္ဂိုလ်များပင် ယခုအခါကွယ်လွန်ခဲ့ကြပြီး ယခု ဖေဖော်ဝါရီ ၂၈ ရက်ဆိုရင် ဘဘ လေထီး ဦးအုန်းမောင်ကွယ်လွန်ခြင်း ၁၇နှစ်ပြည့်မှာ ဖြစ်ပါတယ်။

လေထီးဦးအုန်းမောင် မကွယ်လွန်မီ ရက်ပိုင်းအလိုက ရေးသားခဲ့တဲ့ ဝမ်းနည်းမှတ်တမ်းအကျဉ်းကိုလည်း ဖော်ပြထားပါ တယ်။ “ကျွန်တော့်ဘဝဟာ Struggle တိုက်ပွဲတွေနဲ့ ပွန်းတီးခဲ့တဲ့ဘဝပါ။ ကျွန်တော် အခုလည်း Struggle လုပ်နေတုန်းပါပဲ။ ကျွန် တော် သေတဲ့အထိ ဒူးမထောက် အညံ့မခံဘဲ လုပ်သွားဦးမှာပါ။ ကျွန်တော် မလုပ်နိုင်ခဲ့သေးတာတွေ တာဝန် မကျေခဲ့တာ တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ဖြတ်သန်းခဲ့တဲ့ဘ၀အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ကျွန်တော် ပိုင်း ဖြတ်ပြီးပါပြီ။ ခင်ဗျားတို့ ကျွန်တော့်အတွက် ဝမ်းမနည်းကျပါနဲ့။  အားလည်းမငယ်ကြပါနဲ့။ ခင်ဗျားတို့နဲ့အတူ ကျွန်တော် ရှိ နေဦးမှာပါ။ ခင်ဗျားတို့ရဲ့နောက်မှာ ကျွန်တော့်ဝိညာဉ် ကျွန်တော်တို့ရဲ့ဝိညာဉ်တွေရှိနေမှာပါ။ မားမားမတ်မတ်ကို ရှိနေမှာ ပါ။ ။  လေထီးအုန်းမောင်( ၂၃။၁၂။၂ဝဝဝ)”

စာ ရေးဆရာမကြီး လူထုဒေါ်အမာရေးသားထားတဲ့ နမူနာကောင်းဆိုတဲ့စာမှာ “ ကိုအုန်းမောင်က ခလုတ်ကန်သင်း အပြည့် ရှိတဲ့လမ်းမှန်းသိပေမယ့် သိရက်နဲ့ရွေးရဲတဲ့လူ၊ ရွေးပြီးတော့လည်း လျှောက်ရဲတယ်။ တခြားလူတွေကို နမူနာ ကောင်းပြနိုင် တယ်။ ပြီးတော့ စည်းရုံးရေးကလည်း ကောင်းသလားမမေးနဲ့။ ကောင်းမှာပေါ့။ သူကိုယ်တိုင်က အနစ်နာခံတာ ဇွဲရှိရှိနဲ့ဆက် လျှောက်ပြီးဖြောင့်ဖြောင့်မတ်မတ် ဖြူဖြူစင်စင်နဲ့ ဘယ်တော့မှ ကိုယ်ကျိုးမရှာလေတော့ လူငယ်တွေကို သူ စည်းရုံးလို့ရတာ ပေါ့။ ဒါကြောင့် ကျွန်မတို့က သူ ဆုံးတယ်ဆိုတော့ နှမြောတယ်။ ယူကျုံးမရ ရှိတယ်။”လို့ ရေးသားခဲ့ပါတယ်။

ဂျပန်ဖက်ဆစ်တော်လှန်ရေး လေထီးသမားဘ၀ကို ချစ်ခင်မြတ်နိုးစွာ ခံယူခဲ့ပြီး နိုင်ငံရေးလှုပ်ရှားဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီးလည်း နိုင်ငံရေးသမား၊ စာရေးဆရာကြီး သိန်းဖေမြင့်ရဲ့ဇနီး ဒေါ်ခင်ကြည်ကြည်ရဲ့ကိုသိန်းဖေ၊ ရဲသုံးဖော်နဲ့ ကဋ္ဌန်မဆိုတဲ့ အလွမ်းစာမှာလည်း အခုလို ဖတ်ရပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျပန်ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် တော်လှန်ရေးရဲဘော် အများအပြား အိန္ဒိယသို့ လျှို့ဝှက်စွာ သွားရောက်ကြပြီး လေထီးရဲဘော်များအဖြစ် သက်စွန့်ကြိုးပမ်းစွန့်စားကြပုံကို အများသိကြပြီး ဖြစ်ပါတယ်။ ဘီ ဟာလာစခန်းခေါ်တဲ့သူတို့ရဲ့ဌာနချုပ်ကိုရောက်တဲ့ ရဲဘော်အရေအတွက် ၇ဝ အထိရှိတယ်လို့ ‘မဟာမိတ်နဲ့ဗမာ့တမန်’ စာ အုပ်မှာ ဖော်ပြထားတာ ဖတ်ရပါတယ်။ အဲဒါတွေထဲက ရဲဘော်သိန်းဖေရဲ့အခင်မင်ဆုံး၊ ယုံကြည်စိတ်ချဆုံး သံယောဇဉ် အ ရှိဆုံး ၃ယောက်ကို သူနဲ့အတူနေတော့မှ အတွေ့အကြုံအရသိလာရပါတယ်။ သူ့အနေနဲ့ တစ်ခါမှ ထုတ်ဖော်ပြောပြခြင်း မ ရှိခဲ့ပါ။ အဲဒီ ရဲဘော်များကတော့ ရဲဘော်တင်ရွှေ (ကျောက်ဆည်)၊ ရဲဘော်အုန်းမောင်(ဖျာပုံ)နဲ့ ရဲဘော်ချစ်ကောင်းခေါ် ဗိုလ် တူး (မြင်းခြံ)တို့ဖြစ်ကြပါတယ်။” လို့ရေးသားထားပါတယ်။

ဘ လေထီးဦးအုန်းမောင်အကြောင်း ဖတ်ရတဲ့အခါမှာ အပိုင်း ၃ ပိုင်းဖြစ် ဖက်ဆစ်တော်လှန်ရေး လေထီးသမားအဖြစ် တစ်ပိုင်း၊ လွတ်လပ်ရေးရပြီး ပြည်တွင်း အကွဲအပြဲများခေတ် နိုင်ငံရေးသမားထောင်တွေ ကျွန်းတွေကျ ဘဝတစ်ပိုင်းနဲ့ ၁၉၈၈နောက်ပိုင်း သက်ရှည်နိုင်ငံရေးသမားကြီး အဖြစ်တစ်ပိုင်း အသက်ရှိစဉ်ကာလတစ်လျှောက်လုံး မဖောက်မပြန် ဇွဲသတ္တိရှိစွာ နေထိုင်ရပ်တည်ခဲ့ပုံများပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဟု အာဏာသိမ်း ဗိုလ်နေဝင်းလက်ထက် နိုင်ငံရေးသမားများကို ကိုကိုးကျွန်း ပို့၊ ထိုမှ ကျွန်းတိုက်ပွဲဖြစ်ပွားခဲ့ပုံများကို လေထီးဦးအုန်းမောင်နှင့် ကျွန်းအတူကျစဉ်က အတူနေထိုင်ဖြတ်သန်းခဲ့ရပုံကိုလည်း စာရေးဆရာထက်မြက်ရဲ့လေထီးဦးအုန်းမောင် သို့မဟုတ် မုန်တိုင်းထဲကလူ အမှတ်ရချက်မှာ အခုလို ဖတ်ရှုရပါတယ်။

ကျွန်တော်တို့လူငယ်များအဖို့ ဦးအုန်းမောင်နှင့် အတူနေရသည်မှာ ရတနာသေတ္တာကြီး တစ်လုံးတွေ့ထားသလို တန်ဖိုး ဖြတ်မရလောက်အောင်  ဝမ်းသာကြလေသည်။ ဂျပန်ခေတ် အတွေ့အကြုံ ဂျပန်တော်လှန်ရေး၊ အိန္ဒိယတွင် စစ်ပညာ သွား ရောက်သင်ကြားပုံ၊ လေထီးခုန်ဆင်းသည့် အတွေ့အကြုံများ တော်လှန်ရေးတိုက်ပွဲများ၊ ဦးအုန်းမောင်၏ဘဝသည် တိုက်ပွဲ များချည်းဖြစ်၏။ သူ့ဘဝတစ်လျှောက်လုံး တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံခဲ့သည်။ အင်္ဂလိပ် နယ်ချဲ့သမားကို တိုက် သည်။ ဖက်ဆစ်ဂျပန်ကိုတော်လှန်သည်။ ၁၉၄၈ခုနှစ်ရောက်သည့်အခါ တောခိုသည်။ နောက် အဖမ်းခံရသည်။ ထောင်ထဲ တွင် ထောင်သက် စုစုပေါင်း ၁၈နှစ် ကျခံခဲ့ရသည်။ တော်လှန်ရေး မုန်တိုင်းထဲတွင် သူ့ဘဝကို မြှုပ်နှံခဲ့သူဖြစ်သည်။ ဦးအုန်း မောင်သည် အင်းစိန်ထောင်၊ ရန်ကုန်ထောင်တို့တွင် အကျဉ်းကျခံခဲ့ရုံမက ကိုကိုးကျွန်းတွင် နှစ်ကြိမ်၊ ဂေါ်တူးကျွန်းတွင် တစ် ကြိမ်၊ ကျွန်းသုံးကျွန်းတွင် သုံးကြိမ် အကျဉ်းကျခံဖူးသည်။”လို့ အောက်မေ့ဖွယ် ရေးသားထားပါတယ်။

ဂျပန်ဖက်ဆစ်တော်လှန်ရေးသမားကြီးး လေထီးဦးအုန်းမောင်ဟာ ၂ဝဝဝ ခုနှစ် ဒီဇင်ဘာ၊ ၂၈ရက်နေ့က ကင်ဆာရောဂါနဲ့ သက်တော် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ယခု ၂ဝ၁၇ ဒီဇင်ဘာဆိုရင် အသက်၈၂နှစ် နိုင်ငံရေးသက် ၆ဝ၊ ထောင် သက် ၁၈နှစ် ကျွန်းသုံးကျွန်းပြန် သက်တော်ရှည်ခဲ့တဲ့နိုင်ငံရေးသမားကြီး ဘဘ လေထီးဦးအုန်းမောင် ကွယ်လွန် တာ ၁၇ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

ကွယ်လွန်ခင်မှာ နိုင်ငံရေး၊ စာပေရေးရာများနဲ့ပတ်သက်ပြီး ဖျာပုံအုန်း၊ လေထီးအုန်းမောင်အစရှိတဲ့ကလောင်များနဲ့ ဘဝ အတွေ့အကြုံ၊ သမိုင်းဆိုင်ရာများကိုလည်း ရေးသားခဲ့ပါတယ်။ မိုးဂျာနယ်တွင် ရေးသားခဲ့တဲ့ အနှစ်ငါးဆယ်ကြာသောအခါ ဆောင်းပါးမှာ  ထင်ရှားခဲ့ပါတယ်။

လေထီးဦးအုန်းမောင် ကွယ်လွန်ခြင်း ၁၇ နှစ်ပြည့် (၂၈၊၁၂။၂၀၁၇) သို့

K ငြိမ်းချမ်း

ကိုးကား-
စာရေးသူ- ကလောင်စုံ
စာအုပ်အမည် –  လေထီးဦးအုန်းမောင် အမှတ်တရ
အမျိုးအစား- နိုင်ငံရေး
ထုတ်ဝေခဲ့သည့် ခုနှစ်- ၂ဝ၁၄။ ဖေဖော်ဝါရီ
ထုတ်ဝေခဲ့သည့် စာအုပ်တိုက်- စာအုပ်ဈေး စာအုပ်တိုက်
တန်ဖိုး-  ၂၅ဝဝကျပ်