ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ …

မင်းဇင်
ရှေ့ နေဦးကိုနီ

ရာဦးကိုနီ လုပ်ကြံခံရတယ်ကြားတော့ စိတ်ထိခိုက် တုန်လှုပ်မိပါတယ်။ ဒီလ ၁၁ ရက်နေ့ ကပဲ ဆရာဦးတင်အေး စီစဉ်ပေးလို့ ဆရာဦးကိုနီ အပါအဝင် ပါမောက္ခဆရာကြီးတွေ၊ ပညာရှင်ကြီးတွေနဲ့ ညစာ စားရင်း နာရီပေါင်းများစွာ စကားတွေ တဝ ပြောဖြစ်ခဲ့ပါသေးတယ်။

ကျနော်တို့ လူ့ အဖွဲ့ စည်းမှာ မလုံခြုံမှုတွေ ဒင်းကြမ်းပြည့်နေတဲ့ အကြောင်း စကားစပ်မိကြတော့ ဆရာဦးကိုနီက တရားဥပဒေ စိုးမိုးရေးကို (သီအိုရီ သဘောတရား ကိန်းကြီးခန်းကြီး တွေ မပါဘဲ) ရှေ့ နေချုပ်၊ ပြည်ထဲရေးနဲ့ တရားရေး အဆက်အစပ်တွေကို လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲကနေ ရိုးရှင်း အားပါစွာနဲ့  ရှင်းပြခဲ့တာ ခုထိ နားစွဲနေဆဲပါ။ ကျနော်ကတော့ ”ဆရာရယ် freedom from fear လို့  ရင်ကော့ရမယ့်အစား fear of freedom အခြေဆိုက်နေပြီ ထင်ပါတယ်” လို့ ပြောတော့ သူက ရယ်ပါတယ်။

ခု နောက်ပိုင်း မြန်မာနိုင်ငံမှာ လူရင်း အချင်းချင်း စကားပြောဖြစ်ရင် အပြောအဆို ဆင်ခြင်ပါ၊ လူမှုကွန်ယက်မှာ ဟိုရေး ဒီရေး မရေးပါနဲ့ ။ အနေအထိုင် အသွားအလာ ဆင်ခြင်ပါ။ ပုံမှန် ရှိအပ်တဲ့ သတိအဆင်အခြင်ထက် ကျော်ပြီး ဂရုဓမ္မထားပါ၊ ကြောက်စရာ ကောင်းတယ်။ ထောင်တန်းက စလို့  အသက်အထိ အန္တရာယ်ရှိတယ် လို့  သတိပေးနေကြတာပါ။ တကယ်တော့ တဦးချင်းရဲ့  လွတ်လပ်ခွင့်တွေကို ကိုယ်သတိနဲ့ ကိုယ် ကန့် သတ်ဖို့ နှိုးဆော်နေ ကြတာပါပဲ။

လွတ်လပ်ခွင့်ဆိုတာ တာဝန်ယူမှု နဲ့ တွဲနေတာပါ။ နိုင်ငံရေး စနစ်တွေ မှာတော့ အပြန်အလှန် တာဝန်ယူမှု ကို တရားဥပဒေစိုးမိုးမှုနဲ့  အာမခံချက်ပြုရတာပါ။ လွတ်လပ်ခွင့်ကို လိုင်စင်လို ယူပြီး တာဝန်မဲ့ ကျင့်ကြံသူတွေကြောင့် တဖက်သား နဲ့  လူအများ မထိခိုက်ရအောင် တရားဥပဒေစိုးမိုးမှု နဲ့  ထိန်းကျောင်းရတာပါ

ဒါပေမယ့် တရားဥပဒေ စိုးမိုးမှု အလွန်အမင်း အားနည်းနေရင်ပဲ ဖြစ်ဖြစ်၊ ကင်းမဲ့တဲ့အခြေဆိုက် နေရင်ပဲ ဖြစ်ဖြစ် ကိုယ်ပိုင် ကိုယ့် လွတ်လပ်ခွင့်ကို ကျင့်သုံး ပြောဆို နေထိုင်ရတာဟာ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်လာပါတယ်။ တောရိုင်းဥပဒေ စိုးမိုးပြီး လေးခေတ် မြားခေတ်မှာတော့ အားကြီးသူသာ အသက်ရှင်တဲ့အခြေအနေ ဖြစ်သွားတတ်တာကိုး။

ဒီ လို အခြေအနေမှာ လွတ်လပ်စွာ ဖော်ထုတ်တာတို့ ၊ နေထိုင် သွားလာတာတို့ ဟာ အန္တရာယ် ဖြစ်လာတတ်ပါတယ်။ လူ့ အဖွဲ့ အစည်းနဲ့ တရားဥပဒေရဲ့  အကာအကွယ် မရတော့ရင် လွတ်လွတ်လပ်လပ် (ယုံကြည်သလို) ပြောဆို သွားလာ နေထိုင်မိတဲ့ အတွက် ကိုယ့်တာဝန်ကိုယ်ပဲ ယူရတော့မယ်ဆိုတာဟာ ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးပါပဲ။

စိတ်ဓာတ်အားကြီးသူတချို့ ကလွဲလို့  သူသူ ငါငါ လူတကာအတွက်ကတော့ ဒါဟာ ကြောက်စရာ ကောင်းလွန်းလှပါတယ်။ ဒါကြောင့် ကိုယ်လွတ်ရုန်းဖို့  ထွက်ပေါက်ရှာတတ်ကြပါတယ်။ ဒါပေမယ့်လည်း လူ့ အဖွဲ့ စည်းဝင်တိုင်း အောင်အောင်မြင်မြင် ကိုယ်လွတ်ရုန်းနိုင်ဖို့  ဆိုတာကတော့ မလွယ်နိုင်ဘူးပေါ့။ ဒီတော့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ကျင့်သုံးမယ့်အစား ကိုယ့်ကိုယ်စား တာဝန်ခံ စဉ်းစားပေးမယ့်သူ၊ ထုတ်ဖော်ပြောပေးမယ့်သူ၊ လုပ်ဆောင် ပေးမယ့်သူကို ရှာပြီး ပုံအပ်ချင်လာတာ၊ နိုင်ငံရေး စစ်ရေး စီးပွားရေး ဘာသာရေးစတဲ့ အာဏာပိုင်စိုးသူတွေကို မျက်စေ့မှိတ် အားကိုးလာတာဟာ (လွတ်လပ်ခွင့်ကို ကြောက်လာသူတွေမှာ) အတွေ့ ရများတဲ့ ဖြေရှင်းနည်းပါပဲ။

ယ်ငယ်က စွဲစွဲလမ်းလမ်း နှစ်သက်ခဲ့ဖူးတဲ့ လူမှုစိတ်ပညာရှင် Erich Fromm က လွတ်လပ်ခွင့်ကို ကြောက်လာတဲ့ fear of freedom အခါမှာ လူဟာ အားကိုးရှာတယ်။ ပုံအပ်ကျိုးနွံ ခွေယိုင်ကျလာတယ်၊ ဒါဟာ အာဏာရှင်ဝါဒ ထွန်းကားဖို့ အတွက် တွန်းအားပါပဲလို့  ဆိုဖူးပါတယ်။ ၆၆ ဃ ကနေစလို့  ဆရာဦးကိုနီ လုပ်ကြံခံရတဲ့အထိ တရားဥပဒေစိုးမိုးမှု မေးခွန်းထုတ်စရာ ဖြစ်နေတာဟာ လူ့ အဖွဲ့  အစည်းမှာ အကြောက်တရားနဲ့  ခြောက်ခြားနေအောင် တမင်ကြံရွယ် ရော့သလားလို့ တွေးစရာ ဖြစ်လာပါတယ်။ ဆရာဦးကိုနီရဲ့  နာရေးကို ထောင်နဲ့ ချီ တက်ကြတဲ့ လူများစုကိုတွေ့ တော့ သွေးစည်းညီညွတ်တဲ့ သတ္တိကို အားရမိပါတယ်။ တချိန်ထဲမှာ ဒီအင်အားကို အရှည်သဖြင့် ဆက်ထိန်း တည်တံအောင် ဘယ်လိုလုပ်ကြမလဲ၊ လှုပ်ရှားမှုလား၊ အသင်းအပင်းလား၊ ဥပဒေစတဲ့ အင်စတီကျူးရှင်းလား၊ အားလုံး ဆက်စပ်ပြီးတော့လား၊ လားပေါင်းများစွာ စဉ်းစားစရာဖြစ်ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် …

ဆရာရေ …

သွားနှင့်ပါ။ ကိုယ့်လွတ်လပ်ခွင့်ကို ကိုယ်ကျင့်သုံး ပြောဆို နေထိုင်ရတာဟာ ကြောက်စရာမဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေးက ပြည်သူ့  ဘဝ လုံခြုံရေးကို တာဝန်မယူတော့တဲ့အခါ လူတွေရဲ့  ကိုယ့်တာဝန် ကိုယ်ယူရဲတဲ့စိတ်၊ အချင်းချင်း ရိုင်းပင်းသွေးစည်းတဲ့ သတ္တိနဲ့ ပဲ လူ့ အဖွဲ့ အစည်း ရှေ့ ဆက်လျှောက်ရမယ်ဆိုတာ ဆရာ့နေခြင်း နဲ့ သေခြင်းက ဆရာသက်သေပြခဲ့ပြီးပါပြီ။ သွားနှင့်ပါ ဆရာ။ ကောင်းရာသုဂတိလားပါစေ။

မင်းဇင်

Photo credit: Saya U Tin Aye
ကိုမင်းဇင်ရဲ့  facebook စာမျက်နှာမှ ကူးယူဖော်ပြပါတယ်။
https://www.facebook.com/min.zin