မောင်စိုးသစ် –
စိတ်အလျဉ်၏ လွင့်မျောရာနှင့် လွတ်လပ်ခြင်းအနုပညာ (၄)

.

စိတ်အလျဉ်၏ လွင့်မျောရာနှင့်
လွတ်လပ်ခြင်းအနုပညာ (၄)

.

လွန်မှန်ကန်တဲ့ ဗုဒ္ဓဟောကြားသွားခဲ့တဲ့ စကားတခုကို ဘယ်သူလွန်ဆန်နိုင်မှာလဲ။ သတ္တဝါတို့သည် အဟာရပေါ်တွင် မှီတည်နေကြ၏ ဆိုတဲ့စကား ။ကြားနေကျ အရပ်ပြောနဲ့ကတော့‘ရုပ်ကိုအဟာရစောင့်တယ်’ ပေါ့လေ ။ပဲဟင်းအရည်ကျဲကျဲ အရည်ပျစ်ပျစ်ကြိုက်သည်ဖြစ်စေ ၊မကြိုက်သည်ဖြစ်စေ အဟာရဓာတ် အလို့ငှာ စားကြရမှာပဲ။ချေးများနေလို့မရ ရွေးချယ်ခွင့်မရှိတဲ့နေရာမဟုတ်လား ။

လူ တွေဟာသဘာဝအရ ရွေးချယ်စရာတွေရှိရင် ကိုယ့်ရဲ့အကြိုက်အတရား မကြိုက်တရားပေါ်မှာမူတည်ပြီးရွေးချယ်လေ့ရှိကြပါတယ် ။ကြိုက်တယ်ဆိုတာတောင်ပိုပြီးကြိုက်တဲ့ဟာကိုရွေး တတ်ကြတာဟာလူသားတွေရဲ့သဘာဝဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် ဒီတခုပဲရှိတယ်။ဒီတခုပဲရမယ်ဆိုပြီးရွေးချယ်စရာ မရှိရင်တော့ အကြိုက်တရားကို နေရာမပေးနိုင်ဖြစ်ကြရတယ် ။ဒီလိုနဲ့ကြိုးတိုက်ဆိုတဲ့ မှုန်မှိုင်းမှိုင်းတိုက်တန်းရှည်ကြီးမှာ နေ့တဓုဝနေထိုင်ဖြတ်သန်း၊ရုံးထွက်ကြ၊ရုံးထွက်တယ်ဆိုတာက သူတို့ကိုတရားစွဲဆိုတင်ပို့ထားတဲ့ မြို့နယ်တရားရုံးတခုကို ၁၄ရက်တခါ(ရမန်ကြီးတပတ် လို့အင်္ဂလိပ်-မြန်မာတွဲခေါ်တဲ့အခေါ်)အကျဉ်းထောင်ရဲ့အပြင်ကိုထွက်ရတာကိုပြောတာပါ။

မိ ဘတွေ မိတ်ဆွေတွေနဲတွေ့ကြ ၊မစားရတာကြာနေပြီဖြစ်တဲ့ ဟင်းတို့ထမင်းဖြူတို့စားကြ၊မသောက်ရတာကြာနေပြီဖြစ်တဲ့ လက်ဖက်ရည် ကော်ဖီမုန့်တွေစားကြသောက်ကြပေါ့လေ။၁၄ ရက်တခါတော့လူ့ဘ၀ကိုခဏပြန်ရောက်ကြပါတယ်။လက်ထိပ်သံကြိုးတွေတွဲခတ်ထားတဲ့ ကျောင်းသားကျောင်းသူငယ်ရွယ်သူတွေကို တရားရုံးဝန်းကျင်ကလူတွေက စိတ်ဝင်စားကြပါတယ် ။ကျောင် ကသူငယ်ချင်းတွေကလည်းစားစရာသောက်စရာတွေနဲ့လာတွေ့ကြ ၊နှုတ်ဆက်အားပေးကြ ဆိုတော့ အဲဒီရုံးထွက်တဲ့နေ့မှာ တရားရုံးတ၀ိုက်ကတော့ စည်ကားနေတော့တာပေါ့လေ။

ဆိုး တာက တရားရုံးအချုပ်ခန်းထဲကိုဝင်ရတဲ့တခါးပေါက်က ခါးတ၀က်တောင်မမြင့်တဲ့ ၂ပေ လောက်ပဲကျယ်တဲ့တခါးလေးပဲဖောက်ထားတာပါ။လက်ထိပ်တွဲခတ်ထားတဲ့အတွက် တယောက်ကအရင်ဆောင့်ကြောင့်ထိုင်ငုံ့ဝင်ပြီးမှနောက်ကလိုက်ဝင်အထဲမှာရှိတဲ့ အခန်းဖွဲ့ထားတဲ့၃/၄ ပေလောက်ကျယ်တဲ့အခန်းထဲကိုလေးငါးယောက်လောက်ကျပ်ကျပ်တောင့်တောင့်ရပ်မိပြီဆိုတော့မှ အဲဒီလောက်ပဲရှိတဲ့ ဆွဲတံခါးလေးကိုဖွင့်ပေး၊တခါတယောက်ချင်းဆောင့်ကြောင့်ထိုင်ငုံ့ထွက်တော့မှအချုပ်ခန်းကျယ်ထဲကိုရောက်ပါတယ် ။ပြောရရင်တော့ မြန်မာတွေကခွေးတိုးပေါက်လို့ခေါ်တတ်ကြတဲ့ တံခါးပေါက်မျိုးပါ ။လူတယောက်မတ်တပ်ရပ်ပြီး ခပ်တောင့်တောင့်သိက္ခာရှိရှိ ၀င်လို့မရအောင်တမင်ရည်ရွယ်ပြီးဖောက်ထားတဲ့တံခါးပေါက်ပါ ။လူ့ဂုဏ်သိက္ခာကိုချိုးနှိမ်ဖို့ပေါ့လေ ။

ပြီးတွေ့ကြုံစက သူ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ခံပြင်းဒေါသကိုအတော်ကြိုးစားပြီးထိမ်းချုပ်ထားလိုက်ရတယ် ။မကြိုက်တာ တခုကို လက်ခံလိုက်ရတာလို့ပြောရင်လည်းရမယ်ထင်ပါတယ် ။ဒီလိုနဲ့၁၄ရက်တခါ ရုတ်ရုတ်ရုတ်ရုတ်နဲ့ရုံးထွက်နေရ ရာကာနေ မဆလ အမည်ခံစစ်အစိုးရအာဏာပိုင်တွေက ကျောင်းသားတွေကို မြို့နယ်ရုံးကိုမထုတ်ပဲ အကျဉ်းထောင်ဝန်းထဲက ထောင်စာကြည့်တိုက်လို့ပြောတဲ့ ဘာစာအုပ်မှ မတွေ့ရတဲ့ အဆောက်အဦကိုပဲ တရားရုံးအဖြစ်သတ်မှတ်ပြီးကြားနာစစ်ဆေးဖို့တရားရုံးကိုညွှန်ကြားလာပါတယ် ။ပြည်သူလူထုရှေ့မှောက်တွင် တရားစစ်ဆေးစီရင်ရမည်ဆိုတဲ့ သူတို့ပြဌာန်းထားတဲ့ဥပဒေ ကို ပြည်သူလူထုတွေစိတ်ဝင်စားစုရုံးလာမှာ ၊ကျောင်းသားတွေ စုရုံးလာနေတာတာကို ကြောက်လန့်ပြီး ချိုးဖောက်ပစ်လိုက်ကြပါတယ်။ဥပဒေရဲ့အထက်ကအာဏာပိုင်ဆိုသူတွေရဲ့အမိန့်ပေါလေ ။

မိ တ်ဆွေသူငယ်ချင်းတွေ ၊စိတ်ဝင်စားသူတွေ လာပြီးနားထောင် ခွင့်မရကြတော့ပဲ သက်ဆိုင်ရာမိဘမိသားစုဝင်တွေပဲလာရောက်တွေ့ဆုံ နားထောင်ခွင့်ရတဲ့အခြေအနေဖြစ်သွားပါတယ်။ဒါပေမယ့်အဲဒီအချိန်က တရားသူကြီးအဖွဲ့ဝင်၃ ယောက်ကိုတော့ သူတို့ရှေ့နေမငှားပဲ ကိုယ်တိုင်ထုချေဖို့ရွေးချယ်လိုက်ကြတဲ့ ကျောင်းသား ၄ ယောက်က ဥပဒေအထောက်အထားအကိုယ်းအကားနဲ့အစိုးရကိုပြန်ပြီးဥပဒေကိုချိုးဖောက်ကြောင်း ထောက်ပြ ထုချေ စွဲချက်တင်နိုင်ခဲ့ကြပါတယ် ။တခြားကျောင်းသားကျောင်းသူတွေကိုယ်စား ထုချေလျှောက်လှဲချက်ပေးတဲ့ တရားရုံးရှေ့နေတွေတရားရုံးကိုမပြောရဲတဲ့စကားလုံးတွေကို ရွေးချယ်အသုံးပြုပြီး အစိုးရကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ရှုံ့ချ ဝေဖန်ပြစ်တင်နိုင်ခဲ့ကြတယ်လို့ပြောရမှာပါပဲ ။အပြီးသတ်လျှောက်လွှဲချက်အပြီးမှာ ရှေ့နေတွေကိုယ်တိုင်ကသူတို့ကိုယ်တိုင်ထုချေတဲ့သူတွေကို လာပြီးချီးမွမ်းပြောဆိုတာကို ခံခဲ့ရပါတယ်။

ခင်ဗျားတို့မို့ပြောရဲတာ”ဆိုတဲ့စကားအတွက်သူတို့ဂုဏ်ယူခဲ့ကြပါတယ် ။အဲဒီလိုပြောလို့ပြစ်ဒဏ်ပိုချမလား၊ချချင်ချမှန်တာကိုတော့ ပြောရမှာပဲလို့သူတို့ကလက်ခံယုံကြည်ထားခဲ့ကြပါတယ် ။သူ့ရဲ့မှတ်ဥာဏ်စနစ်ထဲမှာ မကြာခဏပြန်အမှတ်ရမိနေတတ်တဲ့ ပြင်သစ်တွေးခေါ်ပညာရှင် ၊စာရေးဆရာနဲ့တော်လှန်ရေးသမားကြီးဖြစ်တဲ့ ယန်းပေါဆတ်ပြောခဲ့တဲ့စကားဖြစ်တဲ့ “လူတွေမှာလွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ခွင့်ရှိတယ် ။ကိုယ်ရဲ့ရွေးချယ်ဆုံးဖြတ်မှုပေါ်မှာ ကိုယ်တာဝန်ယူရဲဖို့ပဲလိုတယ်” ဆိုတဲ့စကားပါ။သူဆရာကြီးရဲ့စကားကိုအသေအချာ အပြန်ပြန်အလှန်လှန်စဉ်းစားခဲ့ပြီး အလွန်မှန်ကန်တဲ့စကားဖြစ်တယ်လို့လက်ခံယုံကြည်ထားခဲ့ပါတယ် ။

သူ တို့ရဲ့တရားရုံးဖြစ်ရပ်မှာလည်းသူက အဲဒီလွတ်လပ်စွာ ရွေးချယ်ခွင့်ကိုပဲ အသုံးချခဲ့တာပါ ။စိတ်ကြိုက်အစိုးရကို ဆန့်ကျင်ဝေဖန် ကိုယ့်ကိုယ်ကို ခုခံကာကွယ်မယ် ။တရားသူကြီးဆိုသူတွေနဲ့ထောက်လှမ်းရေး ဆိုသူတွေမကြေနပ်လို့ပြစ်ဒဏ်ပိုချချင်လည်းချကြပါစေ ။ခံလိုက်မယ်။မှန်တဲ့ဘက်က ဘာမှကိုယ်ကမပြောရဘဲနဲ့ ပေးသမျှအပြစ်ဒဏ်ကိုခေါင်းငုံ့ပြီးမခံနိုင်ဘူး ။ အဲဒီလိုဆုံးဖြတ်ခဲ့ပြီး မတရားတဲ့အရေခြုံစစ်အစိုးရကို အဲဒီခေတ်ကလူငယ်တွေပြောလေ့ရှိတဲ့ စကားနဲ့ပြောရရင် စုတ်ပြတ်နေအောင်ပြောဆိုဝေဖန် နိုင်ခဲ့တယ်လို့ပြောရမှာပါပဲ ။

ကျးဇူးတင်ရမယ့်အဓိက သူတွေကတော့ကျူးဘား တော်လှန်ရေးခေါင်းဆောင်ဖီဒယ်လ် ကတ်စထရို၊ဘူလ်ဂေးရီးယား အလုပ်သမားလှုပ်ရှားမှု ခေါင်းဆောင်တော်လှန်ရေးသမားကြီး ဂျော်ဂျီ ဒီမီထရောဗ့် နဲ့ချက်တော်လှန်ရေးသူရဲကောင်း ဂျူးလိယက်ဖူးချစ် စသူတွေပါပဲ ။သူတို့တွေရဲ့အာဏာရှင်ဆန့်ကျင်ရေးဖက်ဆစ်ဆန့်ကျင်ရေး အတွေးအခေါ်တွေကို လေ့လာဖတ်ရှုခွင့်ရခဲ့တဲ့ သူတို့ရဲ့ပြောင်မြောက်တဲ့စကားလုံးတွေကို အတုယူသုံးစွဲခွင့်ရခဲ့တဲ့ ကျေးဇူးတွေကြောင့်လို့ပြောရင်မှားမယ်မဟုတ်ပါဘူး ။ သူတို့တွေခုခံပြောဆိုချေပ ဆန့်ကျင်ရှုံ့ချခဲ့တာတွေကို အဲဒီအချိန်က တရားသူကြီးအဖွဲ့ဝင်၃ ဦးကလုံးဝမငြင်းဆိုနိုင်ခဲ့ကြပါဘူး ။နောက်ဆုံးသူတို့တွေကိုသူ့အုပ်စုနဲ့သူ ပြစ်ဒဏ်ချမှတ်အပြီးမှာတော့တရားသူကြီး ၃ဦးထဲက ဥက္ကဌ ဖြစ်သူ တရားသူကြီးက သူတို့တန်းစီထိုင်နေကြတဲ့နေရာ ကိုဆင်းလာပြီးသူတို့တဦးချင်းစီကို လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။

သူ က ပြုံးပြပြီး “ခင်ဗျားတို့ပြောတာတွေမှန်ပါတယ်၊ကျနော်တို့မတတ်နိုင်လို့ပါလို့”ပြောသွားခဲ့ပါတယ် ။ဒီကနေ့စစ်အာဏာရှင်ခေတ်တရားသူကြီးတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ သတ္တိ အတော်အတန်ရှိတဲ့ မှန်မှန်းမှားမှန်းသိတဲ့ တရားသူကြီးတယောက်လို့ပြောရမှာပါပဲ ။ အဲဒီတရားသူကြီးရဲ့ရုပ်ရည်ကိုမျက်လုံးထဲမှာ စွဲစွဲထင်ထင်မှတ်မိနေသေးပေမယ့် သူ့ရဲ့နံမည်ကိုတော့ ‘ဌေး’ တလုံးပါတယ်လို့ထင်ပါတယ် သတိမရတော့ပါ။ရုပ်သေးတရားသူကြီးတယောက်ဖြစ်ခဲ့ပေမယ့် ဘယ်သူမှားပြီး ဘယ်သူမှန်တယ်ဆိုတာ ခွဲခြားသိခဲ့သလို ၀န်ခံရဲတဲ့သတ္တိ အတွက်သူ့မှတ်ဥာဏ်စနစ်ရဲ့ စာမျက်နှာတရွက်ပေါ်မှာရေးသားမှတ်တမ်းတင်ထားခဲ့မိခဲ့တာပါ။

ဒါ ပေမယ့် အမှန်အမှား ကိုလည်းဝေဖန်ပိုင်းခြား ခွဲခြားမသိတတ် အမှားပြုခဲ့မိရင်လည်းမှားခဲ့တယ်လို့ဝန်ခံဖို့အသိဥာဏ်မရှိ၊သတ္တိမရှိကြတဲ့ စစ်ယူနီဖောင်းဝတ် လက်နက်ကိုင်စစ်ဗိုလ်ချုပ်ဆိုသူတွေကိုပြန်စဉ်းစားမိတာနဲ့တပြိုင်နက် သူ့ရဲ့စိတ်ဟာမကောင်းတဲ့ရသခံစားမှုဘက်ကို တိမ်းစောင်းသွားတတ်တာကိုလည်းသူသိနေပြန်တယ် ။ ဒါဟာကောင်းတဲ့အာရုံခံစားမှုမဟုတ်ဘူး ကိုယ့်ရဲ့ကိုယ်စိတ်နှလုံးကို ပူပြင်းလောင်မြိုက်စေတယ် ။သတိနဲ့ယှဉ် အသိတရားနဲ့ထိမ်းချုပ် ပစ္စုပ္ပန်မှာ ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ် ၊မြားကိုလည်းကုန် ပစ်လိုက်လို့မဖြစ်သေးဘူး ။ တရားတဘက် ဓားတလက်ဖြစ်နေမလားမသိ၊တရားလိုသလို ဓားကလည်းလိုအပ်နေပြန်တယ်။

မောင်စိုးသစ်

အပိုင်း(၁)ကို ဖတ်ရှုရန် – https://thefreedomwave.com/?p=13589

အပိုင်း(၂)ကို ဖတ်ရှုရန် – https://thefreedomwave.com/?p=18539

အပိုင်း(၃)ကို ဖတ်ရှုရန် – https://thefreedomwave.com/?p=22887

အပိုင်း(၅)ကို ဆက်လက်ဖော်ပြပေးသွားပါမည်။