အမေ့အိမ်ကို သူခိုးတက်ရင် အမေကြိုက်လား – 
အေးမိဖြူ

.

ဒီ နေ့ ဆိုင်ကယ်ဆီထည့်ရင်း ဓာတ်ဆီထည့်ပေးတဲ့ ကလေးတဦးနဲ့ဆုံရတယ်။
“ ဆရာမ ဆရာမ ဓာတ်ဆီလာထည့်တာလား၊ ဆရာမမျက်နှာ သိပ်မပြောင်းသွားဘူးနော် ” တဲ့။
“ အေး … အေး … ” ဆိုပြီးသာ ပြောလိုက်တယ်၊ ဘယ်သူလဲပေါ့၊ ကျမက ဇဝေဇဝါနဲ့ ။
ဒီလိုနဲ့ အဲဒီကလေးက ဆက်ပြောတယ်။
“ သားကို မမှတ်မိဘူးလား၊ သောကြာဈေးမှာ သားတို့ကို ဆရာမ လျှော ပေးကစားဖူးတယ်လေ၊ ပြီးတော့ ဈေးနားကဆိုင်မှာ ထမင်းကျွေးဖူးတယ်လေ …”တဲ့။

အဲ ဒီတော့မှ ဖျတ်ကနဲ၊ ဟာ … ဟိုကလေးအုပ်စုထဲကပါလား ဆိုပြီး။
“ မှတ်မိပြီ၊ နင်တို့ ညီအကို သုံးယောက်မဟုတ်လား။ နင့်အကိုကို ငါ တခါတွေ့ သေးတယ်။ နင် အလတ်လား၊ အငယ်ကောင်လား ” ဆိုတော့ အငယ်ကောင်တဲ့။ အသက်ဘယ်လောက်လဲဆိုတော့ ၁၉နှစ်တဲ့။
နင့် အကိုတွေကောဆိုတော့ ဘန်ကောက်တက်အလုပ်လုပ်နေပြီ အိမ်ထောင်တွေလည်းကျကုန်ပြီပြောတယ်။
အော် … သူတို့နဲ့ မတွေဖြစ်တော့တာ ၁ဝ နှစ်ကျော်သွားပြီပဲ။သူတို့ အကြောင်းကို တလမ်းလုံးတွေးလာမိတယ်။

သူ တို့က မဲဆောက်မှာ တောင်းရမ်းစားသောက်ကြတဲ့ ကလေးအုပ်စုပေါ့။ သူတို့ ကျင်လည်တဲ့နေရာတွေကတော့ ဆဲဗင်းအလဲဗင်းရှေ့၊ ဈေးတဝိုက်နဲ့ ကြက်ဆီထမင်းရောင်းတဲ့ ဆိုင်အနားတဝိုက်မှာ။ မဲဆောက်ဈေးထဲ ကျမသွားပြီဆို သူတို့ နဲ့ အမြဲဆုံတယ်။ ပိုက်ဆံတောင်းရင် ကျမက ပိုက်ဆံမပေးဘူး မုန့်တခုခုဝယ်ကျွေးလိုက်တယ်။ ငွေပေးရင် သူတို့ကို တောင်းခိုင်းတဲ့သူ ရမှာ ဆိုပြီး။ သူတို့ ထဲက ကလေးတယောက်ဆိုရင် အသားဖြူဖြူရုပ်သန့်သန့်လေး။ သူ့အသက် ၆ နှစ်လောက်နဲ့ ကလေး (၇)လ၊ (၈)လ သားလောက်ကို နောက်မှာကျောပိုးရင်း ပိုက်ဆံတောင်းနေတာ။

ရမ်းချမ်းအေးလှတဲ့ ဆောင်းရာသီမနက်ခင်းတခုမှာ သူကဖိနပ်မပါဘဲ ကားသေးသေးလေးတစီးကို မြေကြီးပေါ်မှာတွန်းပြီး ဆော့ကစားလိုက်၊ သတိရရင် ပိုက်ဆံတောင်းလိုက် လုပ်နေတာတွေ့ ရတယ်။ ကလေးသဘာဝကစားချင်တဲ့ အရွယ်လေ။ ကိုယ်တိုင်ချမ်းလွန်းလို့ ခြေအိတ်ဝတ်ထားတဲ့ကျမဟာ အဲဒီ ကလေးကို ပိုက်ဆံမပေးဘူး။ လာ လိုက်ခဲ့ဆိုပြီး ဖိနပ်ဆိုင်ခေါ်သွားလိုက်တယ်။ အဲဒီထဲက ဘတ် ၂၀-၃ဝ လောက်တန်တဲ့ ဖိနပ်လေးတရံကို ဝယ်ပေးလိုက်တယ် ။

ဒီ လိုနဲ့ ၂ ရက်လောက်ကြာတော့ အဲဒီကလေးကို ပြန်တွေ့တယ်။ ဖိနပ်တော့ မတွေ့တော့ဘူး။ ဖိနပ်ကောဆိုတော့ အမေ သိမ်းထားလိုက်ပြီတဲ့။ ဒေါသထွက်လိုက်တာ အရမ်းပဲ။ နင့်အမေကိုပြောလိုက် အလုပ်မလုပ်ဘဲ သူများဆီကနေ ကလေးကို ပိုက်ဆံတောင်းခိုင်းတဲ့အပြင် ဖိနပ်ပါသိမ်းတာ အန်တီစိတ်ဆိုးတယ်လို့။ အဲဒီလိုသာပြောလိုက်တာ သူ့အမေက ဘယ်သူမှန်းမသိ၊ ကလေးကလည်း ဘယ်မှာနေမှန်းမသိ။

ဒီ လိုနဲ့ လူမျိုးဘာသာပေါင်းစုံပါတဲ့ သူတို့ အုပ်စုလေးနဲ့ဆုံတိုင်း မုန့်လေးတွေ ၀ယ်ကျွေးနေကြပေါ့။
တနေ့မှာ ကျမတို့ အိမ်အနီးက သောကြာဈေးကွင်းထဲမှာသူတို့ အားလုံးနဲ့ဆုံရတယ်။သူတို့အုပ်စုက အနည်းဆုံး ၁၅ ယောက်နေ ၂ဝ ဝန်းကျင်လောက်ရှိမယ်။ ကျမကလည်း ကျမသားအောင်ကျော်ကို ပွဲဈေးမှာ အရုပ်တွေ စီးဖို့အတွက် လိုက်ပို့ပေးတဲ့နေ့ပေါ့။

အဲ ဒီပွဲဈေးမှာ အောင်ကျော်က လေထိုးထားတဲ့ ပလပ်စတစ်လျှောကြီး စီးနေတုန်းအချိန်။
အဲဒီကလေးတွေ လေး ငါးယောက် ရောက်လာပြီး
“ သားတို့လည်း အဲဒါ စီးချင်တယ် ” လို့ ပူဆာကြတယ်။
“ အေး … တယောက်ကို ၂၀ ဖိုး(တကြိမ်)ပေးစီးမယ်။ ပြီးတော့ ၁၀ ဘတ်ဖို့း မုန့်ကျွေးမယ် ” ဆိုတော့
ကလေးတအုပ် “ ဟေး … …” လို့ အော်ပြီး သူတို့ ဘော်ဒါတွေကို သွားပြန်ခေါ်လိုက်တာ ၁၅ ဦးထက်မနည်းပါလာတယ်။

အဲဒီအချိန်မှာ အဲဒီဟာကြီး စီးဖို့အတွက် ကလေးတအုပ်အတွက် ငွေပေးတော့ ထိုင်းလူမျိုးပိုင်ရှင်က ကျမကိုမော့ကြည့်တယ်။ ကျမကလည်း ပိုက်ဆံပေးစီးတာပဲဆိုတဲ့ အထာနဲ့ ခပ်တည်တည်ပေါ့။ ပြီးတော့မှ သူက ကလေးတွေအတွက် လက်ပတ်လေးတွေ ပေးတယ်။ အဲဒီမှာ ကလေးတအုပ်ဟာ အဲဒီ လေဖောင်းထားတဲ့ဟာကြီးပေါ် တက်သွားကြပြီး လျှောချလိုက် စီးလိုက် ခုန်လိုက်နဲ့ ပျော်နေတော့တာပေါ့ ။

ကျ မသား အောင်ကျော်က အဲဒီ ကလေးတအုပ်ကို ထူးဆန်းစွာကြည့်နေတယ်။ ပြီးတော့မှ သူဆက်ကစားတယ်။ အဲဒီ ကလေးတွေက ဖိနပ်မပါ အကျီတွေပေရေနေသလို နှပ်ချီးတွဲလောင်းတွေဆိုတော့ တခြားကလေးတွေက ခပ်ရွံ ရွံ့ ရယ်။ ဒါပေမဲ့ ကလေးသဘာဝဆိုတော့ လူကြီးတွေလို့ အဆင့်အတန်းတွေဘာညာ ခွဲခြားဆက်ဆံ တတ်တာမဟုတ်ပါဘူး။ ခဏပါပဲ။ ဒီလိုနဲ့ အဲဒီ တအုပ်ကြားမှာ သူတို့လည်း ပြေးလိုက်ဆော့လိုက်နဲ့ ဒါတွေမေ့သွားတယ်ထင်တယ်။ ဆော့နေကြတာ၊ ပျော်နေကြတာပါပဲ။

ကျမ သားကတော့ တခါနဲ့မဝ နှစ်ခါ သုံးခါ စီးတယ်။ ကလေးတအုပ်ကတော့ တခါပြီးတော့ ပြန်ထွက်လာကြတယ်။ သူတို့ ပျော်လို့ မဝခင် နာရီပြည့်တော့ ပြန်သာထွက်လာကြတယ် သူတို့ မျက်လုံးလေးတွေက ဆော့ချင်သေးတာပေါ့လေ။ ကျမကလည်း ကိုယ့်မှာပါလာတဲ့ ရှိတဲ့ငွေအတိုင်းအတာအရ ဒီလောက်ပဲတတ်နိုင်တာကိုး။

ဒီလိုနဲ ကျမသား အောင်ကျော်ကတော့ နောက်တပွဲ ဆက်ကစားနေတုန်းပါပဲ။ အဲဒီ အချိန်မှာ သူတို့ အုပ်စုထဲက အသက် သုံးလေးနှစ်အရွယ်ကလေးလေးတဦးက စည်းတားထားတဲ့ နောက်ကနေ ပိုင်ရှင်မသိအောင် အဲဒီလေထိုးထားတဲ့ လျောကြီးပေါ်ကိုတက်ဖို့အတွက် လုပ်နေတာကို ကျမ တွေ့လိုက်ရတယ်။ သူက တက်လိုက် ပြုတ်ကျလိုက်ဖြစ်နေတာလေ။ အဲဒီတော့ ကျမက အဲဒီနေရာကိုသွားပြီး ပိုင်ရှင်မသိအောင် ကလေးကို တွန်းတင်ပေးလိုက်တယ်။

အဲဒီမှာ ပြဿနာ စတော့တာပါပဲ။ ကျမသား အောင်ကျော်က ကျမကို မျက်လုံးပြူးပြီး ကြည့်တယ်။ အံသြတဲ့ မျက်နှာနဲ့ပေါ့။ ငါ့အမေ ဘာလုပ်လိုက်တာလဲ ဆိုတဲ့ အကြည့်။ ကျမကလည်း သူ့ထက် မျက်လုံးကိုပိုပြူးပြပြီး၊ သွားကိုစေ့ပြီး ခေါင်းရမ်းပြလိုက်တယ်။ သင်္ကေတကတော့ နင့်ပါးစပ်ပိတ်ထားဆိုတဲ့ ပုံပေါ့။
နောက်တော့ သူ လှည့်ကြည့်လှည့်ကြည့်နဲ့ ဆက်ကစားတယ်။ ကျမ တွန်းတင်ပေးလိုက်တဲ့ ကလေးလည်း အဲဒီ အပေါ်မှာကစားတာ ဂျွမ်းတွေဘာတွေထိုးလို့ပေါ့။ ဒီလိုနဲ့ အချိန်ပြည့်တော့ ကျမသားကော အဲဒီကလေးကောပြန်ထွက်လာတယ်။ ညလည်းမိုးချုပ်နေပြီလေ။

“ ကဲ … အမေတို့ အိမ်ပြန်တော့မယ် တော်လောက်ပြီ ဆိုင်ကယ်ပေါ်တက်” ဆိုပြီး
ကျမက သားကိုပြောတယ်။  ဆိုင်ကယ်ပေါ်တက်ပြီးပြီးချင်းမှာပဲ သား မျက်နှာက စူပုပ်ပုပ်နဲ့ ကျမကိုပြောတယ်။

“ အမေ့ အိမ်ကို သူခိုးတက်ရင် အမေ ကြိုက်လား ” တဲ့။
“ ခါးကို ဖက်ထား၊ ပြုတ်ကျမယ် ” လို့ ကျမက သူမေးခွန်းကိုမဖြေသေးဘဲ ဆက်ပြောနေတယ်။

ပြီး တော့ သူ ဘာဆိုလိုသလဲ ကျမသိတာပေါ့။ ၇ နှစ်ကလေးက ကိုယ်မွေးထားတဲ့ကလေးက ပြန်ပြောနေတယ်ဆိုတော့ စိတ်ထဲလည်း တိုသွားတာပေါ့ ကိုယ်က အမေလေ ဘာရမလဲ။
သူမေးတဲ့အဖြေကို ဖြေလိုက်တာက
“ နင်ကလေ ရှိသမျှ ကစားစရာ အကုန်ဆော့ချင်တယ် အခု အမေ ငွေတွေကုန်ပြီ တခါတည်းနဲ့ မရဘူး အကြိမ်ကြိမ်ဆော့တယ်လို့ပြောလိုက်တယ် ။
သူကလည်း ကျမသားပဲလေ ဘယ်လျှော့မလဲ။ သူကျောင်းမှာ သင်ကြားထားတာလေးတွေနဲ့ ကျမကို ပြန်တုန့်ပြန်တယ်။ စောစောက မေးတဲ့မေးခွန်းကိုပဲ ပြန်မေးတယ်။

“ အမေ့အိမ်ကို သူခိုးတက်ရင် အမေ ကြိုက်လား ” တဲ့။

ပြီးတော့ သူက ဆိုင်ကယ်စီးတာ ခါးကိုဖက်ထားပါ ကိုင်ထားပါဆိုတာ ဆန္ဒပြတဲ့အနေနဲ့ မကိုင်ဘူး၊ မဖက်ဘူး။ ဒီတော့မှ ကျမ အနေနဲ့  သူမှန်နေရဲ့သားနဲ့ နောက်ထပ်မပြောရဲမဆိုရဲဖြစ်သွားမှာ အတွေးအခေါ်မှားကို မကျေမနပ်ဘဲ အောင့်သက်သက်နဲ့ လက်ခံသွားရမှာကို စိုးရိမ်တဲ့အတွက် သူ့ကိုရှင်းပြဖို့ ဆုံးဖြတ်လိုက်တော့တယ်။

“ ဒီလိုရှိတယ်သားရယ် သူတို့က ဒီပွဲဈေးကို သူတို့ မိဘတွေကခိုင်းလို့ ပိုက်ဆံတွေလာတောင်းရတာ။ ပြီးေ  တာ့ သူတို့က ကျောင်းလည်းမနေရဘူးလေ။ ပြီးတော့ သူတို့က သားလိုပဲ ကစားချင်တယ်လေ။ သူတို့ ကကစားတာ မဝသေးဘူးလေ။ သားက အကြာကြီး ကစားရတယ်မဟုတ်လား။ သူတိုက တကြိမ်ပဲကစားရတာကိုး။ အမေကလည်း သူတို့ကို တကြိမ်ပဲ ပေးကစားနိုင်တယ်။ ငွေလည်း မကျန်တော့ဘူး။ တကယ်တော့ သူတို့ မိဘတွေက အလုပ်တွေလုပ်ပြီး ကျောင်းတွေထားခဲ့ရင် နောက်ပေါက်ကနေ ပိုင်ရှင်မသိအောင်ခိုးတက်တာမျိုးတွေ သူတို့ ဘယ်လုပ်လိမ့်မလဲပေါ့။ အဲဒါက သူတို့ မိဘတွေမှာတာဝန်ရှိတယ်။ သားသမီးကို မကျွေးမွေးတဲ့အပြင် တောင်းစားခိုင်းသေးတယ်ပေါ့။ တကယ်တော့ အမေလည်း အဲဒီလို မလုပ်ပေးသင့်ဘူးဆိုတာ သိပါတယ် “ ပေါ့ဆိုပြီး ဝန်ခံရတယ် ။

အဲ ဒီနောက် ကျမရဲ့ မူဝါဒကြီးကို ဆက်ပြောလိုက်သေးတယ်။
“ အဲဒါ အုပ်ချုပ်တဲ့သူတွေမကောင်းလို့ပေါ့၊ စနစ်မကောင်းလို့ပေါ့ ” ဘာညာ ပြောလိုက်သေးတယ်။ ပြီးတော့မှ ခုနှစ်နှစ်သားလေးက ဒါတွေမသိပါဘူးလေဆိုပြီး ကိုယ်ရဲ့ မူဝါဒကြီးနဲ့ မကျေနပ်ချက်တွေကို ရင်ထဲ ထည့်သိမ်းပြီး နိဂုံးချုပ်လိုက်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျမသားလည်း စိတ်ပြေသွာပြီ ဆိုတာ သိလိုက်ရလို့။သူ ကျမခါးကို ဖက်ပြီးလိုက်လာပြီလေ။

အဲ ဒီအချိန်ကစပြီး ကျမသားလေးဟာ အဲဒီလို ကလေးတွေ တွေ့ရင်၊ မသန်စွမ်းသူတွေ၊ တောင်းရမ်းစားသောက်သူတွေ တွေ့ရင် ဆိုင်ကယ်ပေါ်ကနေဆင်းပြီး သူပိုက်ဆံထည့်ချင်တယ်လို့ ပြောလာတယ်။ ပြီးတော့အဲဒီလူတွေကို ကြင်ကြင်နာနာ ဆက်ဆံလာတယ်။ သူ အသက်ကြီးလာတော့ သူ့မုန့်ဖိုးထဲကနေ ကိုယ်တိုင်ငွေလေးတွေ ထုတ်ပြီးပေးလာတာကိုတွေ့လာရတယ်။ အခု သူ အသက်၂ဝ လောက်ရှိတဲ့ အချိန်ထိပေါ့။

ပန်းကလေးများ လန်းပါစေ။

အေးမိဖြူ
(၈-၄-၁၈)

https://www.facebook.com/profile.php?id=100013870147071