အကယ်ဒမီည –
တိုးနှောင်မိုး

.

ရန်အပေါင်း စိတ်ရှိလက်ရှိ မုန့်လုံးလိမ္မော်
ရတနာ စိန်ကျောက် အလေ့အထ
ပလပ်စတစ်ဟာ ကြည်လင်သန့်စင်
မိတ်ကပ်မှာ အမှားမရှိဘူး

ခြင်ထောင်မှားဝင်တာလည်း အပြစ်ပဲ
ခိုးသားငါးရာနဲ့ တခါထဲ မှားခဲ့တာလား
ဝေသန္တရာဇာတ်က၊ က, မပြီးတော့ဘူး
ကင်မရာဖလက်ခ်ျဂန်းက အလင်းမှာ
ပန်းတပွင့် ကြွေသွားတယ်

မျက်စိနောက်အောင် အရေးပေးမှုမှာ
ကဗျာ … ပါမလာဘူး
သေတော့ …
ထောင်ကျတော့ … ကဗျာ

လူဟာ သက်ရှိ
ကဗျာဟာ လက်မဲ့
အိမ်ရှင်မရဲ့ဆွဲခြင်းထဲက အမှန်တရား
မျက်ကွယ်ပြုခံလိုက်ရတဲ့ သွေဖယ်မှု

ဆိုင်ကယ်ကို ဆိုင်က ကယ်ထားတယ်
စာရေးဆရာ ဇာတ်ရုပ်တွေ ဘယ်နားသောင်တင်နေသလဲ
လေးစားခြင်းမခံရလည်း လေးစားပါတယ်
ကဗျာဟာ ကဗျာဆရာနဲ့အတူ နွေဦးထဲရွှင်မြူးလျှက်ပဲ

တရွာသားကို ရည်းစားမထားခဲ့ဘူး
ပုဝါပါးနဲ့ ကြက်သားထုပ်တော့
မိုးတွေ ခေါင်မနေတာ ကျေနပ်ပါပြီ

အိပ်မက်အရ
အာခံတွင်းမှာ ကဗျာကို ငုံထားတာမဟုတ်
ကိုယ့်စိတ်အတိုင်း ကိုယ်လုပ်ခဲ့တာ
ကြည်ဇော်အေး စကားအတိုင်းပြောရရင်

“အဆိုးရ ကူညီပေးမှ
တိုးတက်ရမဲ့ အနုပညာထဲမှာ
ကဗျာ မပါဘူး…´´

ငါတို့ 
ခရီးတခုထွက်နေတာ သေချာပါပြီ။

တိုးနှောင်မိုး