အရူးများနှင့် ကျွန်တော် –
အမ္ဗနဒီကျော်စွာ

.

ရူးဟုဆိုလျှင် အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နှင့် လမ်းတကာလျှောက်သွားကာ ဟိုဟာ ကောက်စား သည်ဟာ ကောက်စား နေပူမရှောင် မိုးရွာမရှောင် မိုးရွာလျှင်စို နေပူလျှင်ခြောက် နေထိုင်ရာအတည်တကျမရှိ စောင့်လျှောက်သူမရှိ ဗိုက်ဆာမှန်း မဆာမှန်းမသိ တစ်ယောက်တည်း စကားတွေပြောကာ နေချင်သလို နေ ထိုင်ချင်သလို ထိုင် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လုပ်ချင်ရာလုပ်နေတတ်ကြသော သူများကို ကျွန်တော်တို့ မြင်ဖူးတွေ့ဖူးကြသည် မဟုတ်ပါလား။

ယခုမူ ထိုသို့ မဟုတ်တော့ပေ။ အရူးများသည်လည်း ခေတ်မီလာကြချေပြီ။ သန့်သန့်ပြန့်ပြန့် နေတတ်လာကြပြီး လူရာဝင်ချင် နာမည်ကြီးချင် ဆယ်လီဖြစ်ချင် ဂုဏ်သတင်းမွှေးသည် နံသည် မသိ ကျော်ဇောဖို့သာသိသော လိုချင်တာတခု ရမည်ဆိုလျှင် ခိုင်းသမျှ အကုန်လုပ်တတ်သော အရူးများပေါ်ပေါက်လာလေပြီ။

မှန်တကယ် သွက်သွက်ခါအောင် ရူးသော အရူးအစစ်များမှာကား ဘာမျှ လိုချင်တပ်မက်စိတ် သိပ်မရှိကြတော့ ကလေးစိတ် ဆူပူမည် အော်ဟစ်မည် ဆဲဆိုမည် ငေါက်ငမ်းမည် လိုချင်လျှင် လုမည် ပြောချင်ရာပြောနေမည် လုပ်ချင်ရာလုပ်နေမည် အိပ်ချင်သည့်နေရာတွင် လှဲအိပ်လိုက်မည် စားချင်သည့်အချိန်မှ ရှာစားလိုက်မည်။ အရူး အယဉ်များကတော့ လူကို ဒုက္ခမပေးတတ်ကြပါ။ အရူး အရိုင်းများကတော့ အနည်းငယ် စိတ်အလိုမကျလျှင် ပတ်ဝန်းကျင်ကို ရန်ရှာတတ်ပါသည်။

ယခုမူ မရူးမကောင်းများကား အလွန်များပြားစွာ ထုနှင့်ဒေး ပေါ်ပေါက်လာသည်မှာ အရူးသင်တန်းပေးကာ ဘွဲ့လက်မှတ်များပေး၍ မွေးထုတ်နေသည်လား အောက်မေ့ရသည်။ တခုခုဖြစ်လျှင် စီကနဲဆို ကြည့်လိုက် အရူးလက်မှတ်ရ။ ပြဿနာကြီးကြီးတခု ဖြစ်ပြီဟေ့ဆို ကြည့်လိုက် အရူးလက်မှတ်ရ။ အများသူငါနှင့် ကန့်လန့်တိုက်နေလျှင် ကြည့်လိုက် အရူးလက်မှတ်ရ။ ပြည်သူလူထုနှင့် ဆန့်ကျင်ဘက် ဖြစ်နေလျှင် ကြည့်လိုက် အရူးလက်မှတ်ရ စသည်ဖြင့် အရူးလက်မှတ်ရတွေ များစွာပေါ်ထွက်လာသည်။

သာ မန် ရူးခြင်းများတွင်တော့ စီးပွားရေးပျက်၍ ရူးခြင်း၊ မိသားစု အရေးကိစ္စများကြောင့် ရူးခြင်း၊ မနာလိုမရှူစိမ့်သူများက မန္တာန် ယတြာ ဆေးအစီရင်များ အသုံးချကာ ယုတ်မာသဖြင့် ရူးခြင်း၊ ရာသီဥတုဒဏ် သဘာဝဘေးဒဏ်များကြောင့် ရူးခြင်း၊ လောကီအပူများကြောင့် ရူးခြင်း၊ ရန်သူမျိုးငါးပါးကြောင့် ရူးခြင်း၊ အက်စီးဒင့်များကြောင့် ရူးခြင်း စသည်ဖြင့် ရူးခြင်းအထွေထွေ ရူးနည်းအဖုံဖုံရှိတတ်ကြလေသည်။

ယခု ခေတ်စားကာ ပေါ်ပြူလာဖြစ်နေသောရူးခြင်းမှာကား ထိုသို့ မဟုတ်။ ထိုရူးနည်းများထဲတွင် မပါ။ ရူးချင်သည့်အချိန်တွင် ရူးကာ မရူးချင်သည့်အချိန်တွင် မရူးအောင် ထိန်းချုပ်နိုင်သော ရူးနည်းအသစ် ဖြစ်ဟန်တူသည်။ လူသူငါးပါးကြားတွင် အလုပ် လုပ်နိုင်ကြသည် သာမာန်လူများကဲ့သို့ပင် နေထိုင်သွားလာ စားသောက်ကာ သူလိုငါလိုပင် အရူးလား အကောင်းလားဆိုသည်ကို စိတ်အထူးကုဆရာဝန်ကြီးများပင် ခွဲခြမ်းစိတ်ဖြာရခက်ကာ အမျိုးအမည်ခွဲခြားရခက်သော ရူးနည်းများ ဖြစ်နေလေတော့သည်။

ခတ်သစ် အရူးများကလည်း စီးပွားရေး လူမှုရေး နိုင်ငံရေးကို အလွန်အမင်း စိတ်ဝင်စားသော အရူးပါးများဖြစ်နေကြလေသည်။ မည်မျှလောက်ပင် စိတ်ဝင်စားသနည်း ဆိုရာတွင် တွေ့သမျှလူ တိုင်းကို ဆဲဆိုကြိမ်းမောင်းကာ လူမျိုးရေးပြဿနာရှာနေလျှင် အရူးဖြစ်နေပြန်သည်။ နိုင်ငံတော်ကို အုပ်ချုပ်နေသည့် လူကြီးများကို ယုတ်ယုတ်မာမာ ရိုင်းရိုင်းစိုင်းစိုင်း ပြောနေဆိုနေ ရေးနေသည်ကို ကြည့်လိုက်ပါက အရူးဖြစ်နေပြန်သည်။ ဟိုအိမ်မီးရှို့ သည်အိမ်မီးကွင်းပစ် လုပ်သူများကိုကြည့်လိုက် အရူးဖြစ်နေပြန်သည်။

၉၈၈ နှင့် ၂၀၀၀ ခုနှစ်ကြားကာလများတုန်းကလည်း အရူးများ အလွန်ခေတ်စားကာ အရူးတခေတ် ထခဲ့ပြီး အရူးများ စန်းပွင့်ကာ အရူးနက္ခပင် ကောင်းသောနှစ်ကာလများ ဖြစ်ခဲ့ဖူးလေသည်။ ထိုခေတ်က အရူးများကတော့ ယခုလို ပေါ်ပေါ်တင်တင် ရူးခြင်းမဟုတ်။ လူကွယ်ရာရောက်လျှင် အရူးစိတ်ပေါက် အရူးရုပ်ပျောက်ကာ ဆေးသောက်စရာမလိုပဲ ကောင်းခဲ့ကြသည်။

အချို့အရူးများဆိုလျှင် အလွန်ချမ်းသာကာ ကားတဝီဝီနှင့်ပင် လုပ်ငန်းခွင်ဆင်းသလို ရူးချိန်ရောက်လျှင် ကားအမည်းကြီးနှင့် လာချလိုက် အရူးချိန် ဂျူတီပြည့်လျှင် ကားပြာကြီးနှင့် လာပြန်ခေါ်သွားလိုက်နှင့် အရူးလုပ်ငန်းများ အရူးစီမံကိန်းများ ချမှတ်ကာ အရူးပြန့်ပွားရေး မွေးမြူရေးကုမ္ပဏီများက ဝန်ထမ်းများဟု အထင်မှားရလောက်အောင် အရူးတခေတ် ရှိခဲ့ဖူးသည်။

ခုခေတ်မှာတော့ ထိုသို့ မဟုတ်တော့။ အရင်ကလို ခိုးကြောင်ခိုးဝှက် ရူးစရာမလိုတော့ပေ။ လူကြားသူကြား လမ်းပေါ် လမ်းကြား လူစည်ကားရာ ပန်းခြံကဲ့သို အများပြည်သူနှင့်ဆိုင်သော နေရာများအထိပါ  တရားဝင် ပေါ်ပေါ်ထင်ထင် ဒီမိုကရေစီလမ်းစဉ် အရ ရူးခွင့် ရလာကြလေပြီ။

ရှေးကလို သာမန် ကြားဖူးနေကြ မယားတရူး လင်တရူး အရက်ရူး ဖဲရူး ဂိမ်းရူး ပွဲရူး အငြိမ့်ရူး စတိတ်ရှိုးရူး အစားရူး အဝတ်အစားရူး မျက်နှာရူး အသိုင်းအဝိုင်းရူးများ မဟုတ်ကြတော့။ တိုးတက် ဖွံ့ဖြိုးလာကာ ကျောင်းဆရာရူး အင်ဂျင်နီယာရူး သင်္ဘောသားရူး ဆရာဝန်ရူး အဆိုတော်ရူး မင်းသားရူး မင်းသမီးရူး မော်လ်ဒယ်လ်ရူး ဗိုလ်ရူး စသည်မှ ထပ်မံတိုးတက်ကာ ငွေရူး ဂုဏ်ရူး တဏှာရူး အာဏာရူး ရူးနည်းအသစ်အဆန်းပေါင်းစုံဖြင့် အရူးကင်ဆာများသည် နေရာအနှံ ပျံ့နှံ့လျက်ရှိလေပြီ။

မသိမသာ ရူးသူများရှိသလို သိသိသာရူးသူများလည်း ရှိသည်။ ထို့ပြင် အရူးများကို ဘုံမြှောက်ကြသူများကလည်းရှိသည်။ အရူးများကလည်း အရူး ထန်းလျက်အိုးတွေ့ဆိုသလို အပျော်ကြီး ပျော်နေကြလေသည်။

ရူး လင်လုပ်ရသလိုဟူသော စကားပုံသည်လည်း အမြဲမှန်နေလေတော့သည်။ အရူးတွေ အရူးမတွေ ကလည်း များလာသည်ကိုး။ အရူး-အရူးခြင်း ပဏာသင့်နေကြပုံမှာ အရူးက အရူးထက် တစ်မူးပိုရှူချင်သော အရူးများသည်ပင်လျင် တစ်ပုံတခေါင်းဖြစ်ကာ ဘိုးဘိုးအောင်၏ ဝိဇ္ဇာဝလုံးလို တစ်လုံးဖျက်လျှင် နှစ်လုံးပေါ် နှစ်လုံးဖျက်လျှင် လေးလုံးပေါ်လာသကဲ့သို့ အရူးများ ဆတိုးနှင့် ပေါ်လာကြသည်မှာ အံ့ ဖွယ်မကုန်နိုင်သော မျက်မှောက်ခေတ်တွင် အရူထိန်းသိမ်းရေးကျောင်း သို့မဟုတ် အရူးထိန်းသိမ်းရေး ဂေဟာ အရူးသင်တန်းများဖွင့်လျင် အလွယ်တကူ အလျှင်အမြန် စီးပွားရေးပြေလည်နိုင်သောခေတ် ဖြစ်နေလေပြီ။

တော်ရုံတန်ရုံ ရူးလျှင်ကောင်းသည် အတန်အသင့်ရူးလျှင် တော်သေးသည် လွန်လွန်ကျူးကျူး ရူးမိလျှင်ကား မကောင်းတော့။ ရူးရင်းနှင့်ပင် ပတ်ဝန်းကျင်ကို အကျိုးပြုလျှင် တော်သေးသည်။ ဆရာအောင်သင်းကတော့ စာရူးပေရူးများကိုချစ်သည် အာဏာရူးများကိုတော့ မနှစ်သက်ကြောင်း ပြောသွားခဲ့ဖူးပါသည်။ သဘာဝနှင့် လူ့ပတ်ဝန်းကျင်ကို အကျိုးပြုသော ရူးခြင်းများကတော့ အောင်မြင်ကျော်ကြား လူချစ်လူခင်များကာ ပညာရှင်အရူးများပင် ဖြစ်ခဲ့ကြလေသည်။

ည်သူ့ကိုမျှ အကျိုးမပြု အကျိုးယုတ်ကာ ပျက်စီးဆုံးရှုံးမှုများကာ လောကသဘာဝနှင့် သက်ရှိသက်မဲ့များကို ထိခိုက်စေသော ရူးခြင်းများကတော့ နာမည်ပျက်ကာ ကမ္ဘာ့သမိုင်း မြန့်မာသမိုင်းများတွင် လူမုန်းစုန်းမုန်း နတ်မုန်း အားလုံးမုန်းကာ လူလုံးမလှ အော့နှလုံးနာကြ ပေါင်းသင်းဆက်ဆံရန် လက်တွန့်ကာ ရှောင်ကြ ရှားကြ ဖယ်ကျဉ်ကြလေသည်။

မရူးတရူးဖြစ်သော ယဉ်ယဉ်လေး ရူးသူများကတော့ နာမည်ပြောင်ကလေးများနှင့် ချစ်စရာပင် ကောင်းနေသေးတော့သည်။ မျက်နှာရူး ဝမ်းတွင်းရူး အချစ်ရူး ကဗျာရူး စသည်ဖြင့် အမည်ပြောင်ကလေးများနှင့် ချစ်စရာကောင်းသော အရူးကလေးများကတော့ ခေတ်အဆက်ဆက် ရှင်သန်နေဦးမည်သာ။

ရူးတာကတော့ လောကသစ္စာအရ သဘာဝဓမ္မ သဘောအရ လူနတ် ဗြဟ္မာ သတ္တဝါအားလုံး အဆုံးစွန်သော နိဗ္ဗာန်သို့ မရောက်သေးသည်အထိ ရူးနှမ်းနေကြရဦးမှာ ဖြစ်ပါသည်။ သာမန်အရူး အယဉ်ရူး အရိုင်းရူး မည်သို့ ရူးမည်ကိုသာ မသိနိုင်ကြသော အရူးလောက အရူးကမ္ဘာကြီးပင် ဖြစ်သည်။

လူမှန်လျှင် တယောက်တမျိုး ရူးနေကြရသော ပုထုဇဉ်လူသား အရူးများထဲတွင် အများအတွက် အကျိုးပေးခြင်းဖြင့် မျက်နှာရူးလုပ်မည်လား မည်သူနှင့်မျှမ ပတ်သက်ဘဲ တကိုယ်တော် အထီးကျန်ကာ ဝမ်းတွင်းရူးလုပ်မည်လား အများကို ဒုက္ခပေါင်းစုံ အကုန်ပေးသော အတ္တဘောရူး လုပ်မည်လား ဆိုတာကိုတော့ သေချာ စဉ်းစားကြည့်ကြစေချင်ပါသည်။

ရက်တမျိုး တနာရီတမျိုး တမိနစ် တမျိုး မရိုးရအောင် ကိုယ့်ရူးနည်းကို ကိုယ်တိုင်သုံးသပ်ကာ ရူးနည်းများကို ရူးသွပ်စွာ ရေးသားမိပြောဆိုမိသော ကျွန်တော်ကိုယ်တိုင်သည်လည်း ယခုစာကို ရေးခဲ့မိသလားမရေးမိခဲ့သလားကိုပင် ဝေခွဲမရတော့အောင် ရူးရူးမိုက်မိုက်ဖြင့် ရေးသားမိပါသည်။

အမ္ဗနဒီကျော်စွာ