ဦးအေးဆောင် – 
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးသည်သာ ယနေ့တော်လှန်ရေးတာဝန်ဖြစ်သည်

“စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးသည်သာ
ယနေ့တော်လှန်ရေးတာဝန်ဖြစ်သည်”

ဒီ ဆောင်ပုဒ်ကို ၁၉၉၄ ခု ကေအိုင်အေက ရန်သူနဲ့ စေ့စပ်ရေး လျှို့ဝှက်လုပ်ချိန်မှာ ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေး တပ်ဦးအနေနဲ့ စတင်ဖော်ထုတ်သုံးနှုန်းခဲ့ရတာပါ။ ဘလောက် (Blog)မှာ တော့ ထိပ်စည်း ဆောင်ပုဒ်ပါဘဲ။ ကေအိုင်အေက စေ့စပ်ရေးလုပ်လိုက်တာကြောင့် အားကောင်းမောင်းသန်နေတဲ့ မဒမခ (ဒီအေဘီ) ဟာ စတင်လှုပ်ခါလာပါတယ်။ မွန်ပြည်သစ်ပါတီက ကေအိုင်အေ နောက်ကို နောက်တော့ လိုက်သွားပါတယ်။ နောက်တော့ ဒီအေဘီ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ ရန်သူနဲ့ နားလည်မှုယူကြတော့တာပဲ။ ဒီမိုကရေစီ အင်အားစုတွေထဲကလည်း “ပြည်တော်ပြန်” ကြပါတော့တယ်။

ခုတော့ ရန်သူက ကေအိုင်အေကို နယ်ခြား စောင့်တပ်လုပ်ခိုင်းလို့ ကေအိုင်အေက ပြန်တိုက်နေပါတယ်။ မကြာခင်ကဘဲ မွန်ပြည်သစ်က NCA ကို လက်မှတ်ထိုးပြန်ပါတော့တယ်။ ဒါတွေက နောက်ခံသမိုင်းကို လေ့လာသူတွေ တိုးတက်တဲ့ လူငယ်တွေ သိအောင်လို့ပါ။ 

တော်လှန်ရေးလုပ်တယ်လို့ ဆိုကြပေမဲ့ အခြေခံပင်မရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ရေးကိစ္စကို အဓိကမထားကြတာကို အထက်ကဖြစ်စဉ်တွေအရ သိနိုင်ပါတယ်။ သူတို့ဟာ တခြား အရာတွေကို အဓိကထားကြပါတယ်။ တခွန်းတည်းနဲ့ ပြောရရင် “အခွင့်အရေး” ဆိုတာကိုပါပဲ။ အဲဒီအခွင့်အရေး ဆိုတာကို ဒေါ်စုတို့ မက်ခဲ့လို့ အခုဘာတွေ ဖြစ်နေလဲ ဆိုတာတော့ ဒုက္ခပင်လယ်ဝေနေတဲ့ လူထုကြီးကအသိဆုံးပါပဲ။

ထက်က ဆောင်ပုဒ်ဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ရှင်းပြချင်ပါတယ်။ ဒီနေ့မြန်မာပြည်မှာဖြစ်နေတဲ့ အဓိက ပဋိပက္ခက စစ်အာဏာရှင်နဲ့ သူ့လက်ပါးစေ လက်ဝေခံတွေက တဖက်၊ တိုင်းရင်းသားတွေ အပါအ၀င် ကြီးမားကျယ်ပြန့်တဲ့အဖိနှိပ်ခံ ပြည်သူလူထုကြီးကတဖက် ဖြစ်နေတဲ့ ပဋိပက္ခပါ။ ဒါက ၁၉၆၂ ကထည်းက ဖြစ်လာပါ။

စစ်အာဏာရှင်တွေက ပရိယာယ်အမျိုးမျိုး သုံးပြီး လူထုကြီးကို လှည့်စားရင်း ဒီနေ့အထိ အချိန်ဆွဲနိုင်လို့ကြာလာတာပါ။ လူထုထဲက အခွင့်အရေးနောက်လိုက်တဲ့ စစ်အာဏာရှင် အကြိုက်ဆောင်တတ်သူတွေကလည်း လှည့်စားတဲ့ နည်းပရိယာယ်အမျိုးမျိုးနဲ့ လူထုကြီးကို လှည့်စားရင်း စစ်အာဏာကို သက်ဆိုးရှည်အောင် အထောက်အကူပြုခဲ့ကြတယ်။ ဒါက ဒီနေ့အထိ။

ကျွန်တော်တို့ မြန်မာပြည်မှာ အကျပ်အတည်းကို ဖြစ်စေတာဟာ  ငြိမ်းချမ်းရေးမဟုတ်၊ ဥပဒေရေးမဟုတ်၊ စီးပွားရေးမဟုတ်၊ အာဏာကို စစ်ဗိုလ်ချုပ် အဟောင်းအသစ်တစုက လက်ဝါးကြီးအုပ်ရင်း တိုင်းပြည်တဝန်း ဖိနှိပ်သွေးစုပ်နေလို့သာဖြစ်ပါတယ်။ ဒါကြောင့်ပဲ “ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးသည်သာ ယနေ့တော်လှန်ရေးတာဝန် ဖြစ်သည်” ဆိုတဲ့ ဆောင်ပုဒ်ဟာ လိုအပ်နေတော့တာဖြစ်တယ်။

ဒီ ဆောင်ပုဒ်ဟာ လက်ရှိလုပ်ရမည့်တာဝန်ကိုလည်း ပြဆိုပါတယ်။ “သည်သာ” ဆိုတဲ့ စကားကို အလေးအနက် ထားစေချင်ပါတယ်။ ဒီနေ့လိုအချိန်မှာ ရန်သူရဲ့ဒလန်တွေကတမျိုး၊  စီးပွားရေးမက်လုံးတွေမျှော်မှန်းပြီး စစ်အာဏာရှင်တွေနဲ့ ပေါင်းစားတဲ့ ပုံစံအမျိုးမျိုးနဲ့ နိုင်ငံခြားသြဇာတွေ ထူထောင်နေကြတာက တမျိုးကြောင့်၊ ပြည်သူလူထုတွေ လမ်းလွဲ လမ်းခွဲတွေ ကြားမှာ မျက်စေ့လည် လမ်းပျောက်နေတတ်ပါတယ်။ ဒီလိုဖြစ်ဖို့လည်း စစ်အာဏာရှင် ဗိုလ်ချုပ်တွေက အကွက်ချထားတာပါပဲ။

အရေးကြီးတာက လူထုရဲ့ အသိကို ဖွံ့ဖြိုးမှုနဲ့အထူ အထက်ကဆောင်ပုဒ်ကို သိနားလည်လာအောင် ရှင်းပြ ပြီး ကျင့်သုံးဖို့ပါ။ ဂျပန်ခေတ်က ဂျပန်ဆန့်ကျင်ရေး စိတ်ဓာတ် နှိုးကြွလာသလိုပေါ့။ အခုဟာက ဂျပန်မဟုတ်ဘူး၊ ကိုယ်အမျိုးထဲက လောက်ကောင် ဖိနှိပ်သူ၊ အခွင့်ထူးခံ လူတန်းစားကို ရွေးနုတ်ဖော်ထုတ် ဆန့်ကျင် တိုက်ဖျက်ရမှာ ဖြစ်တယ်။ လူတန်းစားတိုက်ပွဲဖြစ်တယ်။ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံ ခွဲခြားပြီး တိုက်တတ်ဖို့လိုမယ်။

ခုတော့ ထားစရာမရှိသူနဲ့ စားစရာမရှိသူ သိပ်မြင်သာနေတော့ ခက်ခဲစရာ အကြောင်း သိပ်မရှိတော့ပါ။ဒီဆောင်ပုဒ် ပျံ့နှံ့ရေး၊ လူထုထံရောက်ရေးဟာ အရေးကြီးပါတယ်။ ဖိနှိပ်သူ စစ်အာဏာ ဘက်သားတွေရဲ့ တားဆီးပိတ်ဆို့မှုကို ဖောက်ထွက်ပြီး လူထုဆီအရောက် ဒီဆောင်ပုဒ်ကို ပို့ရပါမယ်။ ဒါဟာ like လုပ်ယုံနဲ့ မရဘဲ ဆက်သွယ်ရေးစနစ် မရောက်တဲ့ လူတွေဆီကိုပါ မိတ္တူကူး ပို့ရပါမယ်။

ဂျပန်ဆန့်ကျင်ရေးတုန်းက ဘယ်လိုလုပ်ကြသလဲ။ အခု မတ်လတော်လှန်ရေးလမှာ လူတန်းစား တိုက်ပွဲ တော်လှန်ရေး၊ စစ်အာဏာရှင် တိုက်ဖျက်ရေး တော်လှန်ရေးလုပ်ငန်းကို “စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး သည်သာ ယနေ့ တော်လှန်ရေး တာဝန်ဖြစ်သည်” ဆိုတဲ့ ဆောင်ပုဒ်ကို လှည်းနေလှေအောင်း မြင်း ဇောင်းမကျန် ပျံ့နှံ့အောင်လုပ်ရင်း စစ်အာဏာရှင်စနစ် ဖြိုချရေးလုပ်ငန်းကို အစပြုစေချင်ပါတယ်။

စစ်အာဏာကို ဖြိုဖျက်ကြ။
လူထုတိုက်ပွဲကို အားပြုကြ။
ဒီမိုကရေစီ မုချရရမည်။

ဦးအေးဆောင်
မတ်လ ၂၆၊ ၂၀၁၈။