ဆောင်းဝင်းလတ် – 
ဦးကျော် (ပညာမော်ကွန်း) နှင့်တွေ့ဆုံခြင်း

.

ဦးကျော် (ပညာမော်ကွန်း)
သို့မဟုတ်
စာပေထုတ်ဝေသူ တယောက်ရဲ့ အတွေ့အကြုံ

ဆောင်းဝင်းလတ် 

.

မိသားစု အားလုံးစီးပွားရှာနိုင်မှ ရပ်တည်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
အိမ်ထောင်ဦးစီးကလည်း အလုပ်တခုတည်း မဟုတ်။
နေ့အလုပ် ညအလုပ်ဆိုတော့ စာဖတ်ဖို့ အချိန်မပေးနိုင်။
ထို့အတူ ကျန်မိသားစုများကလည်း အလုပ်ထဲမှာ နစ်နေတော့ သူတို့လည်း စာဖတ်ချိန် မပေးနိုင်ကြ။
ကျောင်းသူ၊ ကျောင်းသား လူငယ်တွေကိုကြည့်လိုက်ပါ။ ကျောင်းတက်ရ၊ ကျုရှင်တက်ရ။ တတ်နိုင်တဲ့မိဘက အင်္ဂလိပ်စကားပြော၊ ကွန်ပြူတာသင်တန်းတက်ခိုင်း၊ ဘယ်မလဲ လူငယ်တွေ အတွက် စာဖတ်ချိန်။ စာဖတ်ချိန် မရှိရှာပါဘူး။

.

.

ကိုကျော်ကြီးနဲ့ ကျွန်တော်တို့ စာပေနယ်ထဲမှာ ခင်မင်ခဲ့ကြတာ နှစ်ပေါင်း ( ၄ဝ ) နီးပါး ရှိခဲ့ပြီပေါ့နော်။ ကိုကျော်ကြီးက စာတွေလည်းရေးတယ်။ ပြီးတော့ စာအုပ်ကောင်းတွေကိုလည်း ထုတ်ဝေနေခဲ့တယ်။ ဒါတွေဟာ တက္ကသိုလ်ကျောင်းသား ဘဝကတည်းက ကြိုတင် ရည်ရွယ်ထားခဲ့တဲ့ ကိုကျော်ကြီးရဲ့ အိပ်မက်တွေလား ဆိုတာသိပါရစေ။

ဟု တ်တယ် .. ကိုဆောင်း။ တစက္ကန့် .. တစက္ကန့် ဆိုတဲ့ အချိန်ရဲ့ ရွေ့လျားမှုလေးတွေက မသိသာဘူး ထင်ရပေမယ့် ကျွန်တော်တို့ ကိုဆောင်းတို့ စာပေနဲ့ ပတ်သက်ပြီး ခင်မင်ရင်းနှီးခဲ့တာ နှစ်ပေါင်း လေးဆယ်နီးပါးရှိခဲ့ပြီ။ ဒါက စာပေကို ချစ်မြတ်နိုးမှု အရင်းခံပြီး တဦးကိုတဦး လေးစားခဲ့ကြလို့ပဲဖြစ်တယ်။ ဒီစိတ် အခြေခံလေးကြောင့် ကျွန်တော်တို့ ကိုဆောင်းတို့နဲ့ ငယ်ငယ်ကတည်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေမှာ ငွေကြေးချို့တဲ့ ကြသော်လည်း မာန်မာနမရှိ၊ ဂုဏ်တုဂုဏ်ပြိုင်မရှိ၊ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားနေကြတာနဲ့ပင် စိတ်ချမ်းသာ ပျော်ရွှင်နေခဲ့ကြတာလေ။

သက်အရွယ်ရလာတော့ တဦးနဲ့တဦး သိပ်မတွေ့ရပေမယ့် ငယ်ဘဝတွေကို သတိရပြီး ပျော်ရွှင်ခဲ့ပါတယ်။ တခါတရံ ငယ်ပေါင်းတွေနဲ့ ဆုံတွေ့ရင် ကျန်းမာရေးကိုဂရုစိုက်ဖို့သာ ပြောရတော့တယ်။ အဓိကကတော့ ကိုယ့်ကြောင့် သူတပါး ကိုယ်ဆင်းရဲ ၊ စိတ်ဆင်းရဲ မဖြစ်စေဖို့နဲ့ ကိုယ်ကိုယ်တိုင် ကိုယ်စိတ်ဆင်းရဲ မဖြစ်အောင် ကျင့်ကြံနိုင်ဖို့အတွက် ကျန်းမာရေးကောင်းမှဖြစ်မှာ။ ဒါကြောင့် .. ကိုဆောင်းရေ စာများများရေးနိုင်ဖို့ ကောင်းမှုများများ ကျင့်ကြံနိုင်ဖို့ ကျန်းမာရေးကို ဂရုစိုက်နော်။

စာ ရေးခြင်း၊ စာအုပ်ထုတ်ဝေခြင်းဟာ ကျွန်တော့်ရဲ့ အိပ်မက်လားဆိုတော့ .. စိတ်ကူးသို့မဟုတ် အိပ်မက်တို့ဆိုတာ လူသားတိုင်းမှာ ရှိမှာပါ။ ဒီ စိတ်ကူး အိပ်မက်တို့ကို အကောင်အထည်ဖော်မှသာ ရုပ်လုံးပေါ်တဲ့ လုပ်ငန်းတခု ဖြစ်လာမှာပါ။ စိတ်နဲ့ကိုယ် နှစ်ခုပေါင်းပြီး ရင်းနှီးမြှုပ်နှံဖို့လိုပါတယ်။ စာရေးချင်တယ်။ စာအုပ်ထုတ်ချင်တယ်ဆိုတဲ့ စိတ်နဲ့ စာရေးဖြစ်၊ စာအုပ်ထုတ်ဖြစ်မှာ မဟုတ်ပါဘူး။ စိတ်ကူး စိတ်သန်းနောက်မှာ လုပ်ကိုင်ဆောင်ရွက်မှုဆိုတဲ့ လှုပ်ရှားမှု တွဲဖက်မှသာ စိတ်ကူး အိပ်မက်ကို အကောင်အထည်ဖော်ဖြစ်မှာပါ။ လွယ်လွယ်ပြောရရင်တော့ ဝါသနာပေါ့။ စာအုပ်ကောင်းတွေ ထုတ်ဝေဖြစ်တာကတော့ အဲ့ဒီ့ဝါသနာ စေတနာပေါင်းပြီးတော့ စာကောင်းပေကောင်း၊ စာအုပ်ကောင်းလေးတွေ ထုတ်ဝေဖြစ်တာပါပဲ ကိုဆောင်းရေ။

ဟုတ်ကဲ့ဗျာ .. စာအုပ်ထုတ်ဝေသူတယောက်မှာ စာပေကိုဝါသနာကြီးမားခြင်းဟာ အဓိကလို့ ထင်တာပဲဗျာ။ စာပေကိုမြတ်နိုးခဲ့ရတဲ့ ကိုကျော်ကြီးရဲ့ ငယ်ဘဝ ဖြတ်သန်းမှုလေးတွေကို ပြော ပြပါလား။

ထု တ်ဝေသူဆိုတဲ့စကားက သိပ်ကြီးကျယ်ပါတယ်။ ကျွန်တော်က စာအုပ်အများကြီး ထုတ်ဝေ ဖြန့်ချိတဲ့သူတော့ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကူးနဲ့တည့်တဲ့ စာအုပ်လေးတွေကိုသာ ထုတ်ဝေတာပါ။ လူတိုင်းလူတိုင်း ဘာအလုပ်ပဲလုပ်လုပ် စေတနာထား လုပ်မယ်ဆိုပါက စေတနာ အကျိုးအမြတ် တခုခုတော့ ရှိမှာပါ။ ကျွန်တော်ထုတ်တဲ့ စာအုပ်လေးတွေကို စက္ကူကောင်းဖို့ အပြင်အဆင်ကောင်းဖို့ စေတနာအပြည့်နဲ့ လုပ်ဆောင်တာပါ။ ငွေကြေးအကျိုးအမြတ်ထက် စာဖတ်သူတို့ အကျိုးကိုသာ အဓိကထားတာပါ။

စားကောင်း စားရပါက ကိုယ်ချစ်တဲ့သူကို သတိရတယ်ဆိုသလိုပါပဲ စာအုပ်ကောင်းကောင်းလေးတွေ ထုတ်ဖြစ်တာက ကိုယ့်လို စာပေချစ်သူတွေအတွက် အဓိကပါပဲ။ တကယ်တော့ စာရေးဆရာများ၊ စာပေထုတ်ဝေသူများ၊ စာအုပ်ဆိုင်ကြီးများနဲ့ စာပေနဲ့နှီးနွယ်သူအားလုံးဟာ စာဖတ်ပရိသတ်ကြီးအတွက် သုတမျှဝေခြင်း၊ စိတ်အာဟာရဖြစ်တဲ့ ရသခံစားမှုတွေကို ဖြည့်ပေးကြသူများသာ ဖြစ်ပါတယ်။

ဒီ လုပ်ငန်းလေး စလုပ်ဖြစ်တော့ ကျွန်တော့် အဖေကပြောပါတယ် “ ကောင်းတယ် . . ဆက်လုပ်ပါ။ ဒီအလုပ်က လူမှုကောင်းကျိုးပြု အလုပ်ဖြစ်တယ်။ သမ္မာအာဇီဝကျတဲ့ အလုပ်ဖြစ်တယ် ” ဆိုပြီး အားပေးခဲ့ပါတယ်။ ကိုဆောင်းပြောသလိုပါပဲ စာပေကိုချစ်မြတ်နိုးမှုဆိုတာ ဝါသနာလို့ ပြော ရမှာဖြစ်သလို လူမှုအဝန်းအဝိုင်း လူ့အဖွဲ့အစည်းထဲမှာ ကောင်းမွန် ဖွံ့ဖြိုးတိုးတက်သော အတွေးအခေါ်ကောင်းများ ပြန့်ပွားစေလိုတဲ့ စိတ်ရင်းစေတနာကောင်းနဲ့ စာအုပ်တွေကို ထုတ်ဝေဖြစ်ခဲ့တာပါ။

ကျွန်တော့် ငယ်ဘဝလေးကတော့ ရိုးရိုးပါပဲ။ အစ်ကိုအကြီးဆုံးက စာဖတ်အားကောင်းတယ်။ သူ့မှာ စာအုပ်စာတမ်းအစုံရှိတယ်။ ကျွန်တော့်ကို ယူဖတ်ဖို့ ခွင့်ပြုထားတယ်။ ဒါပေမယ့် ဖတ်ပြီးရင် သူနေရာနဲ့သူပြန်ထားပေးရတယ်။ စာအုပ်ကို တန်ဖိုးထားဖို့ သင်ပေးတယ်။ ဖတ်လက်စ စာအုပ်ရဲ့ စာမျက်နှာစာရွက်တွေကို ခေါက်ထားတာ ကြေမွနေတာမျိုးတွေ့သွားရင် နောက်. . စာအုပ်ကို အဲ့သလိုမျိုး မကိုင်တွယ်ဖို့ ရိုရိုသေသေ ကိုင်တွယ်ဖို့ ပြောပါတယ်။

အဲ ဒီအချိန် ကျောင်းနေစ လေးတန်း၊ ငါတန်းအရွယ် ကတည်းက စာ,စ ဖတ်ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ ညီအစ်ကိုတွေ မနက်ဆိုရင် သတင်းစာလာပို့တဲ့သူက သတင်းစာလာပို့ပြီဆိုရင် သတင်းစာပို့သမားဆီကို သူ့ထက်ငါ ဦးအောင်ပြေးပြီး သတင်းစာကို လုဖတ်ခဲ့ကြတာပါ။ အဲ့ဒိတုန်းက မုန့်ဖိုးက တနေ့မှ နှစ်ဆယ့်ငါးပြားပဲရတာပါ။ စာအုပ်ငှားဖတ်ခက တရက် ဆယ့်ငါးပြား ပေးရတဲ့အချိန်မှာ တခါတလေ စာအုပ်ကောင်း ထူထူဆိုရင် တရက်ကို ငှားခ နှစ်ဆယ့်ငါးပြား ပေးရပါတယ်။ ကိုယ့်ဖုန့်ဖိုးကို မုန့်ဝယ်မစားဘဲ တခြားဘာမှမသုံးဖြစ်ဘဲ ရသမျှမုန့်ဖိုးကို စာအုပ်ပဲငှားဖတ်ဖြစ်ခဲ့တာပါ။ စာအုပ်ကို ဝယ်ပြီးတော့ မဖတ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ စာမဖတ်ရရင် မနေနိုင်ဖြစ်ခဲ့ရတာပါ။

ပြောရရင် အဲ့ဒီအချိန်မှာ မကောင်းတာလုပ်ဖို့က လွယ်ပါတယ်။ စာထဲမှာနစ်နေတဲ့ အတွက် သို့မဟုတ် စာတွေက သင်ပေးတဲ့ အသိတွေကြောင့် ကောင်းတာတွေပဲလုပ်ဖြစ်ခဲ့တာပါ။ စိတ်ကောင်း စေတနာတွေ ရင်ထဲမှာ စုနေမိတာပါ။ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့သူငယ်ချင်း ကဗျာဆရာလင်းသူဆိုရင်လည်း ကဗျာလည်း ရေးတယ်။ စာအုပ်တွေလည်း ထုတ်ဝေရေးလုပ်သွားတယ်။

ကိုကျော်ကြီးက စာပေရေးသားမှုမှာ ကဗျာနဲ့ စကားပြေ ဘယ်ဟာကို ပိုပြီးရေးသားဖို့ စိတ်အားထက်သန်ခဲ့လဲ။

ကဗျာဆရာလင်းသူ အကြောင်းပြောတော့ အတူတွဲပြီးနေထိုင် လုပ်ကိုင်ခဲ့တာတွေက အာရုံထဲ ပြန်ပေါ်လာတယ်ကိုဆောင်းရေ .. ဒီလူကြီးက အနုပညာဆန်တယ်။ သူနဲ့တွဲပြီး စာအုပ်လုပ်ရင် စိတ်ရှည်မှ .. စာအုပ်တအုပ်ရဲ့ အပြင်အဆင်၊ စာကျစာန၊ စာဆက်စာဖြတ်ကအစ အနုပညာ ရှုထောင့်ကနေ လှပသေသပ်တဲ့အထိ ပြင်ဆင်တာ စိတ်ရင်းကောင်း စေတနာကောင်းနဲ့ စာသမား၊ ကဗျာသမားတွေကို ပေါင်းသင်းတဲ့ လင်းသူပါ။ ဒီလူကြီး ကွယ်လွန်သွားတာတောင် ၁၄ နှစ်ပြည့်တော့မယ်။ ကိုဆောင်းတို့၊ ကျွန်တော်တို့ ကိုအောင်ဇင်မင်းတို့ရဲ့ ရဲဘော်ကြီးပဲလေ။

ကဗျာနဲ့ စကားပြေ .. နှစ်ခုစလုံးကို ဝါသနာပါပါတယ်။ တခါတရံ ကဗျာရေးဖြစ်ပါတယ်။ ငယ်ငယ်က သူငယ်ချင်းနဲ့စုပြီး ကဗျာစာအုပ်လေးတွေ ထုတ်ဝေ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က စာရေးပျင်းတော့ သိပ်မရေးဖြစ်ပါဘူး။ ကိုအောင်ဇင်မင်းက ရေးစမ်းပါဆိုလို့ ရေးဖြစ်တာများပါတယ်။ ပေါင်းသင်းတွဲခဲ့တဲ့သူတွေထဲမှာတော့ ကဗျာသမားတွေက များပါတယ်။ ကိုဆောင်းတို့ ကျွန်တော်တို့ အတူတွဲခဲ့ကြတဲ့သူတွေကို သတိရမိပါတယ်။ စစ်တွေနောင်လတ်၊ မောင်ချောနွယ်၊ မောင်သင်းခိုင်၊ မောင်ညီညွတ်၊ လင်းသူ၊ အောင်ဇင်မင်း၊ အောင်ဘညို၊ ညွန့်သစ်၊ ကိုအောင်နီ အားလုံးက ကဗျာသမားတွေလေ။

စာအုပ်ထုတ်ဝေရေး လုပ်ငန်းလုပ်တဲ့အခါမှာ စီးပွားရေးအတွက်လို့လည်း ပြောလို့ရပါတယ်။ အဲ့ဒီ့စီးပွားရေး လုပ်ငန်းအပေါ်မှာပဲ စာပေစေတနာဆိုတာ အရိပ်ပမာကပ်ပြီး ယှဉ်တွဲ ပါလာလိမ့်မယ်လို့ ထင်ပါတယ်။

ကိုကျော်ကြီးရဲ့ စိတ်ထဲကနေပြီး ကျောင်းသူ၊ကျောင်းသား လေးတွေအပေါ်မှာ ထားမိတဲ့ စာပေစေတနာရှိနေတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ တခြားစာအုပ်မျိုးစုံကိုလည်း စီးပွားရေး သက်သက်မဟုတ်ဘဲ စာပေစေတနာနဲ့ ထုတ်ဝေနေတာတွေ့ရပါတယ်။ ဒီအပေါ်မှာ ကိုကျော်ကြီးရဲ့ ခံစားမှု ဘယ်လိုရှိပါ သလဲဗျာ။

၉၇၉ .. ၁၉၈ဝ ကာလတွေမှာစပြီး သင်္ချာကျုရှင် သင်ရင်းနဲ့ “ သင်္ချာမေးခွန်းဟောင်းများနှင့် ဖြေဆိုချက်များ ” ဆိုတဲ့စာအုပ်တွေ စတင်ထုတ်ခဲ့တာပါ။ တအုပ်ကို ၅ကျပ်၊ ၁ဝကျပ် ရောင်းပါတယ်။ အဲ့ဒိ အချိန်က ပညာရေးအထောက်အကူပြု စာအုပ်များဖြစ်တဲ့ မီးနင်း စာအုပ်များ၊ သင်ရိုးကုန် အဖြေစုံစာအုပ်များ၊ စာမေးပွဲအထူးထုတ် စာအုပ်များကို စာပေစိစစ်ရေးက ခွင့်ပြုချက်မပေးပါဘူး။ ဖမ်းဆီးပါတယ်။ ဒဏ်ငွေဆောင်ရပါတယ်။ ခဲစာလုံး ပုံနှိပ်ပြီး ထုတ်ရတာလည်း မဟုတ်ပါ။ စာကူးစက်လှည့်ပြီး ထုတ်ကြရတာပါ။ ထုတ်ဝေဖြန့်ချိတဲ့ သူက လက်ချိုးရေတွက်လို့ရပါတယ်။ ငါးယောက်၊ ခြောက်ယောက်လောက်သာရှိပါတယ်။ စီးပွားရေးဆန်ဆန် ထုတ်ဝေဖြန့်ချိတာ မဟုတ်ဘဲ သိထားတတ်ထားတဲ့ ပညာကို ဖြန့်ဝေတဲ့ သဘောပါ။

စာ မူဝယ်ပြီး ထုတ်မယ့်သူရှိကလည်း စာမူရောင်းခဲ့ပါတယ်။ တအုပ်ကို စာမူ နှစ်ထောင်လောက်ရရင် ပျော်နေတာပါ။ ပြောရရင်တော့ ဒီစာပေရပ်ဝန်းထဲမှာ စိတ်ချမ်းသာ ပျော်ရွှင်နေခဲ့ပြီး ကျွန်တော့်အဖေ ပြောခဲ့သလိုပဲ လူတွေရှိနေသမျှ လုပ်ဆောင်နေရတဲ့ လူမှုရေးလုပ်ငန်း တခုဖြစ်ပြီး ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ လုပ်ငန်းသာဖြစ်ပါတယ်။

ဒီနေ့ တွေ့ကြုံနေရတဲ့ စာအုပ်ဈေးကွက် အခြေအနေလေး ပြောပြပါဦး။ စက္ကူဈေးတွေက လည်း တက်လာတယ်မဟုတ်လား။ စာပေစိစစ်ရေးရှိတုန်းက အခက်အခဲတွေလည်း သိချင်ပါတယ်။ အခု စာပေစိစစ်ရေးမရှိတော့တဲ့ အချိန်ကာလမှာ ဘာတွေများ ကြုံတွေ့နေရပြန်လဲ ဆိုတာ သိချင်ပါတယ်။

စာ အုပ်ဈေးကွက်ကို ပြောရရင်တော့ စာအုပ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သုတ၊ ရသ၊ ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေး စသဖြင့် စာအုပ်အမျိုးအစား ခွဲပြီးပြောရမှာ ဖြစ်ပါတယ်။ အဲဒီ့စာအုပ် အမျိုးအစားတွေထဲမှာ ပညာရေးလမ်းညွှန် စာအုပ်တွေကသာ ရောင်းကောင်းနေတာ တွေ့ရပါတယ်။ တခြားစာအုပ်တွေကို လေ့လာကြည့်တော့ အုပ်ရေ ၁ဝဝ လောက်ရောင်းရရင် Best Seller စာရင်းဝင်စာအုပ်လို့ ပြောရမလိုပါပဲ။

ဘာ လို့ရောင်းမကောင်းတာလဲ ဆိုတဲ့ အမေးကို စာရေးဆရာများ၊ စာအုပ်ထုတ်ဝေသူများနဲ့ စာပေလေ့လာသူ အတော်များများက မေးကြပါတယ်။ ဖြေရမယ်ဆိုရင်တော့ … မိသားစု တစုချင်းဆီရဲ့ ဝင်ငွေထွက်ငွေက စပြောရမှာပါ။ ယနေ့ အိမ်ထောင်စု တခုကိုကြည့်ပါက မိသားစုဝင်တဦးတယောက်တည်း စီးပွားရှာနေရတာ မဟုတ်ပါ။ မိသားစု အားလုံးစီးပွားရှာနိုင်မှ ရပ်တည်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ အိမ်ထောင်ဦးစီးကလည်း အလုပ်တခုတည်း မဟုတ်။ နေ့အလုပ် ညအလုပ်ဆိုတော့ စာဖတ်ဖို့ အချိန်မပေးနိုင်။ ထို့အတူ ကျန်မိသားစုများကလည်း အလုပ်ထဲမှာ နစ်နေတော့ သူတို့လည်း စာဖတ်ချိန် မပေးနိုင်ကြ။

ကျာင်းသူ၊ ကျောင်းသား လူငယ်တွေကိုကြည့်လိုက်ပါ။ ကျောင်းတက်ရ၊ ကျုရှင်တက်ရ။ တတ်နိုင်တဲ့မိဘက အင်္ဂလိပ်စကားပြော၊ ကွန်ပြူတာသင်တန်းတက်ခိုင်း၊ ဘယ်မလဲ လူငယ်တွေ အတွက် စာဖတ်ချိန်။ စာဖတ်ချိန် မရှိရှာပါဘူး။ ဗွီဒီယိုအခွေကောင်းကောင်း၊ ရုပ်ရှင်ကားကောင်းကောင်းကို တထောင်ဖိုး ၃ ခွေနဲ့ မိသားစု တစုလုံး ဝိုင်းကြည့်လို့ရတယ်။ စာအုပ်တအုပ်ဆိုတာ တဦးချင်းပဲ ဖတ်လို့ရတာ။ အခွေတွေက ဘယ်နေရာဝယ်ဝယ် အလွယ်တကူဆိုတော့ စာအုပ်စာပေကို သိပ်စိတ်မဝင်စားကြတော့ပါ။

စာအုပ်တအုပ် တန်ဖိုးကိုလည်း ထည့်တွက်ရမှာပါ။ နှစ်ထောင် .. သုံးထောင် .. ငါးထောင် ကနေ တသောင်းလောက်ဖြစ်နေတော့ ဝယ်ဖတ်ဖို့ ချီတုံချတုံဖြစ်နေကြတာများလား။ အရေးအကြီးဆုံးကတော့ .. စာပေအရည်အသွေး တိုးတက်မှုလား .. ဆုတ်ယုတ်မှုကြောင့်လား။

ချို့က စာကို ငယ်ငယ်လေးထဲက ဖတ်လေ့ဖတ်ထ မရှိခဲ့ကြလေတော့ ဖတ်ရကောင်းမှန်း မသိ၊ ဝယ်ရကောင်းမှန်း မသိတာများကြောင့် စာအုပ်စာပေနှင့် ဝေးနေကြသူများလည်း ရှိနေကြလို့ပါပဲ။ ဤသို့ အကြောင်းကြောင်းတွေထဲမှာ စာပေမှ ရသ၊ သုတ၊ ပညာရှာဖွေလိုသူတွေ ကတော့ ရှိနေသော်လည်း မြန်မာနိုင်ငံရဲ့လူဦးရေနှင့် ဆိုပါက အလွန်းနည်းပါးနေတာ အမှန်ပါပဲ။ ဒါကြောင့် စာပေကို ချစ်မြတ်နိုးကြတဲ့ ရေးသူ၊ ဖတ်သူ စာချစ်သူများအားလုံး အလိမ္မာ စာမှာရှိ ၊ စာအုပ်စာပေလူ့မိတ်ဆွေ ဟူသောဆောင်ပုဒ်များနဲ့ မိမိတို့နဲ့ နီးစပ်ရာ လူငယ်မောင်မယ်များ ကို စာဖတ်ချင်စိတ်ရှိလာအောင် စည်းရုံးကြစေချင်ပါတယ်။

ကိုဆောင်းရေ .. ပြောချင်တာတွေကတော့ အများသား .. ဒါပေမယ့် ဖြတ်ပြီးတော့ပဲ ပြောပါတော့မယ်။ စက္ကူဈေးကြီးတာကတော့ မပြောချင်ပါဘူး။ စက္ကူရောင်းတဲ့သူတွေကလည်း ကိုယ်နဲ့ ခင်မင်သူများသာ။ သူတို့အကြောင်းနဲ့ သူတို့ပြောကြတာပဲ။ ဒေါ်လာဈေး တက်လို့တဲ့။ ကျွန်တော်တို့က ကိုယ်လုပ်တဲ့ ကိုယ်ထုတ်တဲ့ စာအုပ်လေးကို ကောင်းကောင်း လေးဖြစ်ချင်တော့ စက္ကူကောင်းကောင်းကို ဈေးကောင်းကောင်းနဲ့ ဝယ်သုံးရတာပါပဲ။

လွ န်ခဲ့တဲ့ နှစ်သုံးဆယ် လောက်တုန်းကလည်း စက္ကူ အခက်အခဲရှိခဲ့တယ်လေ။ အဲ့ဒီ့ ၁၉၈၃ – ၁၉၈၄ ခုနှစ်များမှာ စက္ကူ အခက်အခဲ အများကြီး ရှိခဲ့လေတော့ ၁၉၈၄ -၁၉၈၅ မှာ ပြည်တွင်းဖြစ် ဘားမား စက္ကူဆိုပြီး သုံးခဲ့ရတာပါပဲ။ အခုအခါမှာတော့ ဘာပဲပြောပြော ပိုက်ဆံရှိရင် ကိုယ် ကြိုက်တဲ့ စက္ကူကောင်းကောင်းကို ဝယ်သုံးနိုင်ပါတယ်။

စာ ပေစိစစ်ရေးအကြောင်းတော့ မပြောပါနဲ့။ စာအုပ်တအုပ် ဆိုင်ပေါ်ရောက်ဖို့ စိတ်ဆင်းရဲ၊ လူဆင်းရဲနဲ့ ရုန်းခဲ့ရတာပါ။ ကျန်ခဲ့တဲ့ ခေတ်စနစ်တွေကို ကောင်းတယ်ဆိုးတယ် မပြောတော့ပါဘူး။ စာပေစိစစ်ရေးမရှိသော လက်တွေ့ကာလ ယနေ့အချိန်မှာ ကျွန်တော်တို့ ကိုဆောင်းတို့ ရေးသူတွေ၊ စာအုပ်ထုတ်ဝေသူတွေက မိမိပြုစုထုတ်ဝေလိုက်တဲ့ စာအုပ်၊ စာစောင်တွေကို ကိုယ်တိုင်တာဝန်ယူ ၊ တာဝန်ခံကာ တဦးတယောက် သို့မဟုတ် မည်သည့် အဖွဲ့အစည်း ကိုမျှ မထိခိုက် မနစ်နာစေသည့် အကြောင်းအရာများဖြင့် စာဖတ်ပရိသတ်အကျိုး ရှိမယ့် စာများ ထုတ်ဝေ ဖြန့်ချိပြီး လူမှုကောင်းကျိုးကို ဆောင်ရွက်ကြပါစို့လား .. ကိုဆောင်းရေ ..။

ဆောင်းဝင်းလတ်