နောင်ကျော် – 
ဘဝတာ တိုတိုမို့ ပိုစိုးရိမ်မိတယ်

.

လောကအတွက်
ကောင်းမှု တစ်ခါတော့ လုပ်ဖြစ်ခဲ့ပါတယ်။
ကျွန်တော်က အဲဒါကို ကောင်းမှုလို့ယုံကြည်တယ်။ 
လူအများစုကလည်း
ကောင်းမှုဆိုတာကို သဘောတူ လက်ခံတယ်။
ဒါပေမဲ့
သူတို့က ပြစ်မှုလို့ သတ်မှတ်တယ်။
အဲဒါနဲ့ပဲ
ကျွန်တော်လည်း ထောင်ထဲရောက်သွားပါတော့တယ်။ 

.

လူ့ ဘဝဟာ တိုတောင်းလှတယ်လို့ ပြောစမှတ် ရှိတယ်။ ဘယ်လောက်တောင် အချိန် တိုတောင်း နည်းပါးသလဲ ဆိုတာကို ပေါ်လွင်အောင် ပြောတဲ့ စကားတွေထဲမှာ ‘ရေပွက်ပမာ’ ဆိုတာက အပေါ်လွင်ဆုံးပါပဲ။ ‘ရေပွက်ပမာ၊ တစ်သက်တာ’ တဲ့။ ရေပြင်ပေါ်ကို ပွက်ခနဲ (ဒါမှမဟုတ်) ဘွားခနဲ တက်လာတဲ့ ရေပွက်ကလေး တစ်ခုရဲ့တည်ရှိ ကြာရှည်တဲ့ အချိန်ဆိုတာ ဘယ်လောက်များ ရှိလို့လဲ။

ယက်ထပြီးရင် တဖြည်းဖြည်းနဲ့ ရေပြင်ဟာ အရင်အတိုင်း ပြန်ဖြစ်သွားတယ်။ လူ့ဘဝ သက်တမ်း ဆိုတာလည်း အဲဒီလောက် ပါပဲတဲ့။ ကမ္ဘာကြီးဖြစ်ပေါ်လာတဲ့ သက်တမ်းနဲ့ နှိုင်းတာလား၊ စကြဝဠာ ကြီးရဲ့သက်တမ်းနဲ့ တိုင်းတာလား၊ ဘဝပေါင်းများစွာ ဖြစ်ခဲ့ ပျက်ခဲ့တာနဲ့ နှိုင်းတာလား၊ ဘာနဲ့ပဲနှိုင်းနှိုင်း၊ လူ့သက်တမ်းကာလဆိုတာဟာ တိုတိုလေးဆိုတာ ငြင်းရခက်တဲ့ စကားပါ။

ဝကို ခင်တွယ်နေကြသူတွေအတွက် လူ့သက်တမ်းဟာ တိုသလိုရှိပြီး ဘဝကို စိတ်ပျက်နေသူတွေအတွက် (အသက်ရှင်ရတဲ့ နှစ်ချင်းတူရင်တောင်) သက်တမ်းကာလ ရှည်သလို ဖြစ်နေတတ်ပါတယ်။ အဲဒီလို ဘဝတိုတဲ့ အကြောင်း စဉ်းစားမိတဲ့အခါ သတိရလိုက်တဲ့ စာစကား နှစ်ခု ရှိတယ်။ တစ်ခုက ‘ဘဝတာတိုတိုမှာ အရသာချိုချိုကို ရှာမယ်’…တဲ့။ နောက်တစ်ခုက ကဗျာစာပိုဒ် လေးပါ။’ လောကအတွက် ထမ်းရွက်နိုင်သမျှ ထမ်းရွက်ကြပါ ဘဝဆိုတာ တိုတိုလေး’..တဲ့။ ဒါကလည်း အမြင်မတူ ပုံပါပဲ။

တစ်ရာထဲက တစ်မှုနဲ့

အဲ ဒီလို ဘဝတိုတိုလေးမှာ နေရတဲ့အခိုက်အတန့်နဲ့ ပတ်သက်ပြီး ပြောကြတဲ့ စကားကိုလည်း သတိရမိ သေးတယ်။ ‘အသက်တစ်ရာ မနေရပေမယ့်၊ အမှုတစ်ရာ တွေ့ရ တတ်တယ်’ … တဲ့။ ဒီနေရာမှာ ပြောတဲ့အမှုဆိုတာ ရုံးရောက်၊ ဂါတ်ရောက်တဲ့ အမှုမျိုး ဖြစ်ချင်မှဖြစ်မှာပါ။
ပြဿနာ၊ အခက်အခဲ၊ အကျပ်အတည်းတွေကို ရည်ညွှန်းတာလို့ ပြောရင် ရပါလိမ့်မယ်။ အဲဒီ အမှုတစ်ရာထဲ မှာပဲ ရုံးတွေ၊ ဂါတ်တွေရောက်ပြီး ထောင်ကျလောက်တဲ့ ‘ပြဿနာ’ မျိုးလည်း ပါနိုင်ပါလိမ့်မယ်။ ထောင်ကျတယ် ဆိုတာကို ကိုယ့်အမှားကြောင့်လို့ ယေဘုယျ ပြောလေ့ရှိပါတယ်။ အဲဒီအမှားဟာ လူ့အဖွဲ့အစည်းက မကောင်းမှု၊ အပြစ်ရှိမှု၊ ဥပဒေအရ အပြစ်ဒဏ်ခံသင့်တဲ့ အမှုမျိုးထဲ အကျုံးဝင်ရင်တော့ ထောင် ကျလောက်တယ်လို့ ဆိုနိုင်ပါတယ်။

 ‘ကိုယ်ကောင်းရင် ခေါင်း မရွေ့ဘူး’ လို့ ဆိုတဲ့ စကားရှိတယ်။ ကိုယ် ကောင်းနေရင် မမှားဘူး။ မမှားရင် အပြစ် မရှိဘူး။ အပြစ်မရှိရင် ထောင်ကျ စရာ အကြောင်း မရှိဘူး ဆိုတာအထိ တွေးယူလို့ ရနိုင်ပါတယ်။
ဒါပေမဲ့ လူ့အဖွဲ့အစည်းမှာ ကိုယ်ကောင်း နေပါလျက်နဲ့ ခေါင်း ရွေ့ခဲ့ရတာ၊ ကိုယ်မှန်နေ ပါလျက်နဲ့ အပြစ် ဖြစ်ခဲ့ရတာ၊ ကိုယ်က တရားနေ ပါလျက်နဲ့ အမှားလို့ သတ်မှတ်ပြီး ပြစ်ဒဏ်ပေး ခံရတာတွေလည်း ရှိတတ် ပါသေးတယ်။ ရှိလည်း ရှိခဲ့၊ ဖြစ်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒါမျိုးတွေက မတရားမှု ကြီးစိုး တဲ့ခေတ်၊ တောတွင်းသားဥပဒေ (နိုင်ရာစားဥပဒေ) လွှမ်းမိုးတဲ့ခေတ်၊ အာဏာရှင်တွေရဲ့ ထင်ရာစိုင်း အမိန့်တွေနဲ့ အုပ်ချုပ်တဲ့ ခေတ်တွေ မှာ ပိုပြီးဖြစ်လေ့ရှိတယ်။

မှန်တွေက မှားပြီး အမှားတွေက မှန်နေတဲ့ ဓမ္မပြောင်းပြန်လှန်ထားတဲ့ ခေတ်တွေမှာ အဲဒါမျိုးတွေ က အဖြစ်ဆုံးပါပဲ။ ဓမ္မပြောင်းပြန် လှန်ထားတော့လည်း အဓမ္မ အလံတွေချည်းပဲ လေထဲမှာ လွင့်ပျံနေတော့တာပဲပေါ့။ မဝေးသေးတဲ့ အတိတ်က အဓမ္မအလံတွေ လွှင့်ထူခဲ့ကြတာ အခုထိအောင် အဲဒီ အလံတွေက လေထဲမှာ တလူလူလွင့်နေတုန်း။ မတရားမှု၊ အနိုင်ကျင့်မှု၊ ဗိုလ်ကျစိုးမိုးမှု၊ ဥပဒေ ပြဋ္ဌာန်းပြီး အပြစ်ဒဏ်မခံရအောင် ခံတပ်ဆောက်ထားမှုများ။

ကောင်းမှုကို ပြစ်မှု…တဲ့

ကျွန်တော်က ဘဝတာ တိုတိုမှာ အရသာ ချိုချိုကို မက်မောချင်ပေမယ့် လောကအတွက် ထမ်းရွက် နိုင်သမျှ ထမ်းရွက်ချင်တဲ့ စိတ်က အလေးသာ သွားခဲ့တာကြောင့် တလူလူ လွင့်နေတဲ့ အဓမ္မ အလံတွေကို ရိုက်ချိုးကြ သူတွေထဲက တစ်ယောက်ဖြစ်ခဲ့တယ်။

သက်တစ်ရာ မနေရပေမယ့် အမှုတစ်ရာ တွေ့ခဲ့သလား ဆိုတာကို ပြန် မစဉ်းစားဖြစ်ပေမယ့် လောကအတွက် ကောင်းမှု တစ်ခါတော့ လုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က အဲဒါကို ကောင်းမှုလို့ယုံကြည်တယ်။ လူအများစု ကလည်း ကောင်းမှု ဆိုတာကို သဘောတူ လက်ခံတယ်။ ဒါပေမဲ့ သူတို့က ပြစ်မှုလို့ သတ်မှတ်တယ်။ အဲဒါနဲ့ပဲ ကျွန်တော်လည်း ထောင်ထဲ ရောက်သွား ပါတော့တယ်။ 

အဲ ဒီ ကာလက ကျွန်တော်တို့ တိုင်းပြည်မှာ လောကကောင်းကျိုး၊ တိုင်းပြည် ကောင်းကျိုး၊ ပြည်သူလူထုကောင်းကျိုး လုပ်ခဲ့မိလို့ ထောင်ကျခဲ့တဲ့ လူပေါင်း သောင်းနဲ့ ချီပြီး ရှိတယ်။ ကောင်းမှုကို ပြစ်မှုလို့သတ်မှတ်ပြီး ထောင်ချခဲ့ကြတဲ့ သူတွေကတော့ ဘယ်သူ ရှိဦးမှာလဲ။ အဓမ္မအလံကို တလူလူလွှင့်ပြီး လူတွင်ကျယ် လုပ် ဗိုလ်ကျခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို မောင်းနှင်ခဲ့သူတွေပဲပေါ့။

သြော်…သူတို့ကတော့ ဘဝတာ တိုတိုမှာ အရသာ ချိုချိုကိုမက်ပြီး ရက်စက်ခဲ့ကြ သူတွေလေ။ သူတို့ သေရင် သူတို့ မတရား ရှာထားခဲ့တဲ့ အရသာ ချိုချိုတွေဟာ သူတို့နဲ့ ပါသွားမယ်လို့ ထင်ခဲ့ကြသူတွေလေ။ နောက်ဘဝ ရှိတယ်ဆိုတာ ယုံကြည်သူတွေရဲ့ အမြင်မှာတော့ အခု ဘဝမှာ မတရားလုပ်ပြီး ကောင်းစားခဲ့သူတွေဟာ အခုဘဝ အလွန်မှာ ငရဲနွံ နစ်ရုံတင်မကဘဲ ဝဋ်ပါလည်မယ်လို့ သတ်မှတ်ကြမှာ သေချာပါတယ်။ တချို့ဆိုရင် နောက်ဘဝ တစ်ခုကို မကူးခင်ကာလမှာပဲ တင်ခဲ့တဲ့ အကြွေးကို ပြန်ဆပ်နေကြ ရပါပြီ။ သူတို့ တစ်တွေ ခမျာ ဘဝကူးတောင်မှ ကောင်းရှာကြပါ့မလား။

ဖျက်ဆီးပြီး ကြီးပွားသူ

ကျွ န်တော် ထောင်က လွတ်လာပုံကို တခြားနေရာမှာ ပြောပြခဲ့ဖူးတယ်။ ထောင်ကျတော့ အကျဉ်းသားတိုင်း (ဘယ်သူမဆို) ခံစားခွင့်ရှိတဲ့ ထောင်ဥပဒေအရ ပေးထား တဲ့ လျှော့ရက်ကို မရခဲ့ဘူး။ အဲဒီကာလ (၁၉၉၇) မှာ ကျွန်တော် တစ်ယောက်တည်း မရတာတော့ မဟုတ်ပေမယ့် လူ သိပ်မများသေးဘူး။

ဒါ နဲ့ပဲ ထောင်ထဲမှာ ဆယ်နှစ်အပြည့် နေလိုက်ရတယ်။ ချုပ်ရက်အပါအဝင် ၁ဝ နှစ် ကျော်ကျော် ထောင်ထဲမှာ စာမဖတ်ရ၊ သတင်းနားမထောင်ရဘဲနေခဲ့တဲ့ လူ(တချို့) ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသူ များရဲ့ဘေးအန္တရာယ်က ကာကွယ်တဲ့ဥပဒေ (ပုဒ်မ ၁ဝ-က) နဲ့ထပ်ပြီး ထိန်းသိမ်းထားတယ်။ လွတ်ရမယ့် ရက်မှာ ထောင်အပြင်ကိုတောင် မထွက်လိုက်ရဘူး။ အုတ်တံတိုင်းအပြင်က လေတောင် မရှူလိုက်ရဘူး။ မအီမလည်နဲ့ မန္တလေးထောင်ရဲ့တိုက်ခန်းထဲ ကို ပြန်ဝင်သွားရတယ်။ အပြင်လောကမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို ဘာမှ မသိတဲ့လူက နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးနိုင်မှာ တဲ့လားဗျာ။

ကယ်ပဲ နိုင်ငံတော် (ပြည်သူလူထု) ကို နှောင့်ယှက်ခဲ့တာ ဘယ်သူတွေလဲ။ နိုင်ငံတော်ကြီးကို ဖျက်ဆီးပြီး ကြီးပွား သွားခဲ့သူတွေက ဘယ်သူ တွေလဲ။ စာဖတ်သူတွေ သိပြီးသားမို့ နာမည်တပ်ပြီး ပြောမနေတော့ပါဘူး။ ရာထူးအာဏာတွေ ကိုင်ပြီး ရိုးရိုးသားသား လုပ်ကိုင်ခဲ့တဲ့ အတွက် နောက်ထပ် ဆယ်ဘဝအထိ (လူဖြစ်နေသေးရင်) စားမကုန်အောင် ဖူလုံသွားတဲ့ လူတွေလို့ပဲ ဆိုပါစို့။

ရေပုံးပဲ သိတာ

ဝ နှစ်နောက်မှာ အပိုဆောင်းတဲ့ (၁ဝ-က) နဲ့ ၃ နှစ်ခွဲနေပြီးတော့ ကျန်းမာရေးမကောင်းလို့ ပြန် လွှတ်ပေးလိုက်တယ်။ မန္တလေးကနေ ရန်ကုန်ကို အပြန်မှာ တာဝန်ခံ စောင့်ရှောက်တဲ့ သူနဲ့။ ရန်ကုန် ရောက်တော့ စစ်ထောက်လှမ်းရေး (၆) ကိုအပ်၊ ထောက်(၆)က ကျွန်တော်နေတဲ့ မြို့နယ် အပိုင်စား ထောက်လှမ်းရေးတပ် (ရေတပ်)ကို တစ်ခါအပ်၊ ရေတပ် ထောက်လှမ်းရေးက ရပ်ကွက်ဥက္ကဋ္ဌနဲ့ ကျွန်တော့် အိမ်ကို လိုက်ပို့တယ်။

အဲ ဒီနောက်ပိုင်း ၇ လ ကျော်ကျော် ကြာတဲ့အထိ ထောက် (၆) က ထောက်လှမ်းရေး နှစ်ယောက်က တစ်ပတ်နှစ်ခါလောက် ပုံမှန် လာတယ်။ မြို့နယ်ထောက်လှမ်းရေးက တစ်ပတ် တစ်ခါ ပုံမှန် လာတယ်။ ဒီကြားထဲမှာ မြို့နယ် စစ်ထောက်လှမ်းရေးတာဝန်ကျ တစ်ယောက်က ကျွန်တော့်ကို ”ရန်ကုန်မြို့ထဲ သွားရင်တောင် သတင်းပို့ရမယ်” လို့ ပြောတာကြောင့် ဘုဆတ်ဆတ် ပြန်ပြောလိုက် ရတယ်။ သတ္တိရှိလို့ မဟုတ်ပါဘူး။ တရားလွန်လွန်းလို့ ကြောက်ကြောက်နဲ့ပဲ ပြန်ပြောခဲ့တာပါ။ အဲဒီလို ပြန်ပြောလိုက်တော့ ရှေ့ တစ်လှမ်း ထပ်တိုး မလာတော့ပါဘူး။

ဒီကြားထဲ ၂ဝဝ၅ မှာနဲ့တူတယ်။ ရန်ကုန်က ဒဂုံစင်တာ အပါအဝင် နေရာ သုံးနေရာမှာ ဗုံးတွေကွဲပြီး အပြစ်မဲ့ ပြည်သူတွေသေကြပြီး နောက်တစ်နေ့မှာ အိမ်ကို ရဲတစ်ယောက် လာပြောတယ်။ ဘယ်သူက ဆိုလား၊ တွေ့ချင်လို့ တဲ့၊ ရုံးကို လာခဲ့ပါ ဆိုပြီးပြောတာနဲ့ သူ့ကို တစ်ခါတည်းပဲပြောလိုက်တယ်။

ငါ့ဘာသာ အေးအေးဆေးဆေးနေတာကို ပြဿနာလာမရှာနဲ့၊ တွေ့ချင်ရင် အိမ်လာခဲ့၊ ၁၅ မိနစ် စောင့်မယ်’ လို့ ပြောလိုက်တယ်။ အဲဒီ ရဲက ကျွန်တော်လည်း ကြားထဲက ခေါင်းစားတယ်ဗျာလို့ တောင် ပြောသွားသေးတယ်။ ၁၅ မိနစ် စောင့်တာ မလာလို့ ကျွန်တော်လည်း လက်ဖက်ရည်ဆိုင် သွားထိုင်နေလိုက်တယ်။

ဗုံးကွဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို လာကျစ်ဖို့၊ ရစ်ဖို့ လုပ်တာလေ။ ကျွန်တော်ကလည်း လူသေစေတတ်တဲ့ လက်နက်ဆိုတာကို ဓာတ်ပုံနဲ့ ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတာ။ ဗုံးဆိုလို့ ရေပုံးလောက်ပဲသိတာ။ ဒါကိုသူတို့ သိနိုင်လျက်နဲ့ ပြဿနာလာရှာတာလေ။

ကျွန်တော်တို့ တိုင်းပြည်

ကျွ န်တော်ထောင်ပြင်ရောက်ပြီး နောက်ပိုင်းမှာ စစ်ထောက်လှမ်းရေး၊ ရဲထောက်လှမ်းရေး၊ ပြီးတော့ သတင်းပေးပေါင်းစုံရဲ့ မျက်စိ ဒေါက်ထောက် စောင့်ရှောက်မှုနဲ့ နေခဲ့ရ တယ်။ ဒါကို ပုံကြီးချဲ့ ပြောနေတာ မဟုတ်ပါဘူး။ ထောင်က လွှတ်ပေးလိုက်ပေမယ့် မလွတ်လပ်တဲ့ ဘဝမှာ နေခဲ့ရ (နေနေရ) တယ် ဆိုတာကို ပြောတာပါ။ ဒီလို အခြေအနေမျိုးကို နိုင်ငံရေးမှုနဲ့ ထောင်ကျခဲ့ပြီး အပြင် ရောက်နေ သူတွေ ဘယ်နှယောက်တောင် ကြုံနေရ သလဲမသိဘူး။

ကျွန်တော် စဉ်းစားကြည့်မိတယ်။ ကျွန်တော့်ရဲ့ ထောင်အပြင် ဘဝဟာ မလွတ်လပ်သလို ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အခွင့်အရေး ဆိုတာတွေဟာလည်း တကယ် လွတ်လပ်မှု ရှိနေပြီလားလို့ပါ။ ခဏလောက် လွှတ်ထားပေးပြီး (လိုချင်တဲ့အခြေအနေ ရလာတဲ့အခါ) ပြန်ပြီး ထိန်းချုပ်ထားမှာလား ဆိုတာကို စဉ်းစားရင်းနဲ့ နောက်ထပ် တွေးမိတာ ရှိလာတယ်။

ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပါတီစုံ နိုင်ငံရေးစနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ် ဆိုတာမှာလည်း နိုင်ငံရေး ဒီမိုကရေစီနဲ့ စီးပွားရေး ဒီမိုကရေစီ ရနေပါပြီလား။ ဒီမိုကရေစီ ပေးခွင့်ကို ကိုင်ထားသူတွေက ဘယ်သူတွေလဲ။ ၂ဝဝ၈ ဖွဲ့စည်းပုံလား၊ လူတွေလား။ အဲဒါတွေမှာရော ဒီမိုကရေစီ စိတ်သဘောထား ခိုင်ခိုင်မာမာ ရှိရဲ့လား။

စိုးရိမ်တယ်

ဝတာ တိုတိုမှာ အရသာ ချိုချိုကို ရတဲ့နည်းနဲ့ ယူချင်တဲ့ သူတွေနဲ့ လောကကောင်းကျိုး အတွက် ထမ်းရွက်နိုင်သမျှ ထမ်းရွက်ချင်သူတွေ ကြားမှာ ကွဲပြားနေတတ်တာ ကိစ္စမရှိပေမယ့် ပဋိပက္ခကြီးထွားပြီး နိုင်ရာစား ဥပဒေနဲ့ ထင်ရာစိုင်း လူရိုင်းစိတ်တွေက ကောင်းမှုကို ပြစ်မှုလို့ သတ်မှတ်ပြီး အဓမ္မ အလံတွေ ထပ်ပြီး တလူလူ လွှင့်မှာကိုတော့ စိုးရိမ်နေမိတုန်းပါ ခင်ဗျာ့။

နောင်ကျော်
ဇူလိုင် ၂၃၊ ၂၀၁၃

https://www.facebook.com/naung.kyaw.904

Popular Myanmar News Journal မှ စာရေးသူ၏ခွင့်ပြုမှုဖြင့် ပြန်လည်ဖော်ပြသည်။
ရှုခင်းသစ်