မိုးသက်ငြိမ်ဦး – 
ညောင်ပင်တစ္ဆေ

.

အများညီလို့
ဤ ကို ကျွဲဖတ်တယ် ။

အားလုံး မဖြစ်နိုင်မှန်း သိလျက်နဲ့
အားလုံးဟာ
ကိုယ့်ကိုယ်ကို  ဇန်းတင်ထားကြ။

အားလုံးဟာ  
ယုံကြည်ချက်ကိုဆုပ်ကိုင်မထားပဲ
အိပ်မက်တွေကိုပဲ အရောင်တင်ပွတ်သပ်နေကြ။

အားလုံးဟာ
မြား၏လာရာကိုထည့်မတွက်ပဲ
မြား၏လားရာမှာပဲ
ကျီးကန်းတွေလို ပွတ်ပွတ်ဆူကြ။

အများညီလို့
မှန်သူကို ရွာအပြင်ထုတ်တယ်။

အားလုံးဟာ
အမောင်တောင်မှန်းမြောက်မှန်းမသိပဲ
ထစ်ခနဲဆို ထ ချ
ထစ်ခနဲဆို  ထ ချ နဲ့
က ပြ အသုံးတော်ခံနေကြ။

အားလုံးဟာ
ဓမ္မတရားနဲ့မလျှောက်လှမ်းပဲ
စိတ်ကန်းသူ သူရဲကောင်း ဝါဒအတိုင်း
ပြဇာတ် မင်းသားဆန်နေကြ။

အားလုံးဟာ  
အရှည်ကိုမျှော်ခေါ်မတွေးပဲ
ဝါးလုံး ခေါင်းထဲ လသာ
လမင်းကိုပဲ ထိုးထိုး ဟောင်နေကြ။

အများညီလို့
ဘ၀ ပြောင်းကြတယ်။

အားလုံးဟာ  
အရေခွံလဲတိုင်း အသစ်မဖြစ်မှန်း သိသိကြီးနဲ့
ပွဲတက်ဝတ်စုံ ကိုယ်စီဝတ်
ပျော်ပါး မော်ကြွား စော်ကားနေကြ။

အားလုံးဟာ  
ဇာတိရုပ်အမှန် ပေါ်လာတာ ဂရုမစိုက်နိုင်ပဲ
ပွဲလန့်တုန်း ဖျာခင်း မိုးရွာတုန်း ရေခံနေကြ။

အားလုံးဟာ
ကြာကြာဝါးလို့ခါးမှန်းသိသော်လည်း
မပြုံးနိုင်မရယ်နိုင်  မထွေးနိုင်မအန်နိုင်
မထူးဇတ်ကိုပဲ အခါခါခင်းနေကြ။

အများညီလို့
သံယောင်လိုက်တယ် ။

အားလုံးဟာ
ညောင်ပင်တစ္ဆေ ခေါ်လိုက်ရင်
ခုချိန်ထိ
“ ဝေလေလေ ” လို့ ပြန်ပြန်ထူးနေကြ ။  ။

မိုးသက်ငြိမ်ဦး

(မူရင်းသတ်ပုံအတိုင်း ဖော်ပြထားပါသည်)