ထက်ဝေး –
ဝမ်းအိုဝမ်းကျော်ဝင်းမောင်
(သို့မဟုတ်)
တော်လှန်ရေးအတွက် အသက်ကိုရင်းခဲ့သူ

.

ကျွန် တော့်ဆီမှာ သေသေချာချာသိမ်းထားတဲ့ စာအုပ်တွေရှိပါတယ်။ စာအုပ်စင်မှာမထားဘဲ ပလပ်စတစ်နဲ့သေသေချာချာပတ် လေလုံအောင်မီးနဲ့ပိတ်ပြီး သိမ်းထားခဲ့ပါတယ်။ ဒီအထဲမှာ ဆရာကြီး ၀မ်းအိုဝမ်းကျော်ဝင်းမောင် လက်ဆောင်ပေးထားတဲ့ “ဂျပန်ဖက်ဆစ်တော်လှန်ရေး လေထီးသမားများ” ဆိုတဲ့ စာအုပ်လည်းရှိနေပါတယ်။ ဒီစာအုပ်ကို ဗန်းမော်စာပေတိုက်က ထုတ်ပါတယ်။

ကျွန်တော်ကတော့ ဆရာကြီးဆီက ၃.၅.၂၀၀၅ မှာ လက်ဆောင်ရခဲ့ပါတယ်။ ဆရာကြီးဟာ ၁၉၄၃ ခုနှစ်မှာဗမာ့ကာကွယ်ရေးတပ်မတော် ဘီဒီအေထဲ ၀င်ခဲ့တယ်။ ရေနံချာင်း လေယာဉ်ပစ်အမြောက်ကြီးတပ်မှာအမူထမ်းခဲ့တယ်။ ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် ဗိုလ်သင်တန်း တတိယပတ်ကို တက်ခဲ့တယ်။ ဂျပန်တော်လှန်ရေးကာလမှာ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးအဖွဲ့ (A.F.L) – Antifascist League ကို အမေရိကန်လေထီးတပ် (၁၀၁) နဲ့ ပထမဆုံးဆက်သွယ်ပေးခဲ့တယ်။ ဆရာကြီးဟာ နိုင်ငံရေးနယ်ပယ်၊ စာပေနယ်တို့မှာ လေထီးဝင်းမောင်၊ အလံနီဝင်းမောင်၊ ၀မ်းအိုဝမ်းကျော်ဝင်းမောင်လို့ ထင်ရှားသူလည်းဖြစ်ပါတယ်။


တ်ာလှန်ရေးကာလက အမေရိကန် ၀မ်းအိုဝမ်းတပ်တွေကို ရိန်းဂျားတပ် (Ranger)လို့ ခေါ်ကြတယ်။ အဲ့ဒီတပ်ထဲ ဗမာ၊ ရှမ်း၊ ဗမာမွတ်စလင်နဲ့ တိုင်းရင်းသားတွေပါတယ်။ “အမေရိကန် ၀မ်းအိုဝမ်းအဖွဲ့နဲ့ ဗြိတိသျှ ဖို့ဒ် ၁၃၆ တပ်ဖွဲ့တွေဟာ စစ်အောင်နိုင်ရေးအတွက် အရေးကြီးတဲ့ နိုင်ငံရေးပြဿနာများ၊ ထောက်လှန်းရေးပြဿနာများကို အဓိကထား ဆောင်ရွက်ကြတဲ့ အဖွဲ့ဖြစ်တယ်။

နိုင်ငံတော်ကောင်စီဥက္ကဋ္ဌက ၁၉၈၀ ပြည့်နှစ် ဇွန်လ(၇)ရက်နေ့မှာ အမိန့်အမှတ် ၃/၈၀-၁၉၈၀ နဲ့  နိုင်ငံဂုဏ်ရည်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းနဲ့ ပတ်သက်လို့ အမိန့်ထုတ်ပြန်ထားတဲ့ အချက်ထဲမှာ


၁။ ထူးခြားပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နိုင်ခြင်း
၂။ ကိုယ်ကျိုးမဖက် အနစ်နာခံ၍ ကြိုးပမ်းလုပ်ဆောင်ခဲ့ခြင်း

၃။ စိတ်သဘောထား မှန်ကန်စွာ ခံယူဆောင်ရွက်ခဲ့ ခြင်း

၎။ စစ်မှန်သောစေတနာရှိခြင်း 
စတဲ့ အချက်တွေပါဝင်ပြီး ကိုက်ညီတဲ့သူမှ ချီးမြှင့်အပ်နှင်းခြင်းခံရမှာဖြစ်တယ်။

ဂျ ပန်ခေတ် လေထီးသမားများဟာ ဖေါ်ပြပါအရည်အချင်း (၄)ရပ်နဲ့ ကိုက်ညီယုံသာမက သမိုင်းဝင် အချက်(၁၀)ချက်ဖြစ်တဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ အထူးတာဝန်ထမ်းဆောင်ခဲ့သူများ အပိုဒ်နဲ့လည်း အကျုံးဝင်တဲ့အတွက် နိုင်ငံဂုဏ်ရည်ဘွဲ့ ပေးအပ်ခံရတယ်လို့ ဆရာကြီးက သူ့ရဲ့ “ဂျပန်ဖက်ဆစ်တော်လှန်ရေး လေထီးသမားများ” စာအုပ်မှာ စာရေးသူရဲ့စကားဦးဆိုပြီး ဖေါ်ပြထားပါတယ်။

ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင်ဟာ ဂျပန်တွေ နှိပ်စက်တဲ့ငရဲခန်းမှာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံရတယ်။ တိုင်းပြည်အပေ၊ ရဲဘော်ရဲဘက်အပေါ် ချစ်သူ၊သစ္စာကြီးသူဖြစ်တယ်။ ဆရာကြီးကို ဂျပန်ဖမ်းသွားတာဖတ်ရင်း ခံပြင်းစိတ်နဲ့ အတွေးဆင့်ပွားလာမိတယ်။

အဖမ်းခံရပုံက လှေသမားသွားစခန်းချတဲ့ ဦးဘဒင်ဟာ ဂျပန်လူဖြစ်နေပါတယ်။ လှေသမားက မူးမူးနဲ့ “သူတို့ မင်းကွန်းကပြန်လှည့်သွားတဲ့အခါ မင်းကွန်းက တိမ်းရှောင်ကြ ဗုံးလာချလိမ့်မယ်လို့ပြောပြသတဲ့။ ဒါကြောင့် ဦးဘဒင်က စံရှားကို သွားပြောတော့ စံရှားက လှေသမားကိုစံထွန်းကို ချက်ချင်းဖမ်းလိုက်တယ်။ (စာ ၅၂၀ – ဂျပန်ဖက်ဆစ်တော်လှန်ရေး လေထီးသမားများ)

လှေသမားရဲ့စကားကို ဂျပန်အလိုတော်ရိက ကြားတယ်။ သူကြားတာကို ဂျပန်ကို သတင်းပေးတော့ လှေသမားကို ဖမ်းတယ်။ နောက်တော့ ဆရာကြီးကို ဖမ်းလိုက်တယ်။ ဆရာကြီးကို ဂျပန်နှိပ်စက်တာကို ဆရာကြီးရဲ့“ဂျပန်ဖက်ဆစ်တော်လှန်ရေး လေထီးသမားများ” စာအုပ်က နည်းနည်းလောက် ကူးယူဖေါ်ပြပါ့မယ်။

ကျွန်တော့်တို့ကို ဂျပန်က ယာယီအချုပ်ခန်းကို ခေါ်သွားပြီး ချက်ချင်း စစ်ဆေးမေးမြန်းပါတယ်။ ရိုက်နှက်ကန်ကျောက် လက်သီးနဲ့ထိုး ခေါင်းကို တမံတလင်းနဲ့ဆောင့်ပြီး စစ်ဆေးပါတယ်။ လှေသမားက ကျွန်တော့်ကို စပိုင်သူလျှိုတစ်ယောက်လို့ ထင်မှတ်နေပြီး ဂျပန်တော်လှန်ရေးသမားဆိုတာ မသိပါ။

“ ကိုလှရွှေကို နောက်ထပ် စစ်ပြန်တော့ သူဘာမှမသိကြောင်း၊ ကိုဝင်းမောင်ဟာ ကသာကို အမေရိကန်တပ်တွေ ၀င်လာလို့ ပြေးဝင်လာတဲ့အကြောင်းသာ ပြောပြလို့ သိကြောင်းလောက်ကိုသာ အစစ်ခံတယ်။ ဂျပန်က ရိုက်နှက်ကန်ကျောက်ပေမယ့်လည်း ဒီအတိုင်းပဲဖြေတယ်။


တော်လှန်ရေးသမားတွေရဲ့သတ္တိကို လေးစားမိပါတယ်။ တချို့ဆိုရင် ဂျပန်တွေရဲ့နှိပ်စက်မူကို ကြံ့ကြံ့မခံနိုင်ကြလို့ ဖေါ်ကောင်လုပ်ကြ၊ တော်လှန်ရေးသမားတွေ အသက်ဆုံးရှုံးကြရတာတွေ ဖတ်ရ၊ ပြောပြတာတွေကြားရတာ အင်မတန်စိတ်နာဖို့ကောင်းတယ်။ ဂျပန်ကို တော်လှန်မယ်ဆိုတဲ့ ကွန်မြူနစ်ပါတီဝင်တယောက်ကို ဂျပန်က ဖမ်းသွားတော့ နှိပ်စက်လိုက်တာနဲ့ ဂျပန်လူလုပ်ပါ့မယ်၊ သတင်းပေးပါ့မယ်၊ အသက်ကိုချမ်းသာပေးပါဆိုပြီး ဂျပန်လူဖြစ်သွားကြတာလည်း ဖတ်ဖူးကြားဖူးတယ်။

ရာကြီးကို စစ်ဆေးရိုက်နှက်ကြတဲ့အကြောင်း ဆရာကြီးရေးထားတဲ့ စာအုပ်မှာဖတ်ရတယ်။ ဆရာကြီးနဲ့ ကိုစံထွန်းဆိုတဲ့ တော်လှန်ရေးသမားကိုလည်း ဂျပန်က အချုပ်ထဲက ထုတ်လို့ အပျင်းပြေကြည့်ဖို့ အချင်းချင်းထိုးကြိတ်ခိုင်းသေးတယ်။ တကယ်မထိုးရင် ဂျပန်က ရက်ရက်စက်စက်ရိုက်နှက်တယ်လို့ ဖတ်ရပါတယ်။ဒါကြောင့် ဆရာကြီးက ညှာချင်သော်လည်း မညှာရဲဘဲ ထိုးကြိတ်ခဲ့ရတယ်။ ဒါကို ဆရာကြီးရဲ့“ဂျပန်ဖက်ဆစ်တော်လှန်ရေး လေထီးသမားများ စာအုပ်”မှာ ဖတ်ရတယ်။


ကျွန်တော်တို့ တိုက်ကြက်နှစ်ကောင်ခွပ်တာကို လက်သီးလက်မောင်းတန်းပြီး တဝါးဝါးနဲ့ရယ်လို့ အားရမှ “နှစ်ယောက်စလုံးမကောင်းဘူး”ဆိုပြီး ဂျပန်တွေက ကျွန်တော်တို့ကို ရိုက်နှက်ပြန်တယ်။ အားရမှ သူ့အခန်း ကိုယ့်အခန်း ပြန်ပို့ပါတယ်။ အဲ့ဒီညက ကိုစံထွန်း ကျွန်တော့်လက်သီးချက်ကြောင့် ခံသွားရတာတွေတွေးရင်း စိတ်ထဲမချမ်းသာမိဘူး။ တော်တော်ယုတ်မာတဲ့ ဖက်ဆစ်ကောင်တွေပဲလို့ ဆဲဆိုမိပါသေးတယ်” (စာ ၅၂၃ – ဂျပန်ဖက်ဆစ်တော်လှန်ရေး လေထီးသမားများ)

မေရိကန်တပ်မတော်က ပေးလိုက်တဲ့ ထိပ်တန်းလျှို့ဝှက်စာတစ်စောင်ကို ဆရာကြီးက ဥာဏ်သုံးပြီး သင်းပေါင်းကားရွာမှာကတည်းက ဝါးလုံးခြေထောက်တစ်ခုထဲ ပုံမပျက်ထည့်ထားခဲ့ပါတယ်။ ဒီစာဟာ အင်မတန်အရေးပါတဲ့ စာတစောင်ဖြစ်ပါတယ်။ ဆရာကြီးကိုမဖမ်းခင်မှာ လျှို့ဝှက်စာထည့်ထားတဲ့ ဝါးလုံးခြေထောက်ပါတယ်၊ ဂျပန်မမြင်အောင် သူက ပစ်ချထားခဲ့တာပါ။ ဒါကို ဂျပန်တွေ့ရင် ဒုက္ခပဲဆိုတဲ့ စိုးရိမ်စိတ်ကဆရာကြီးဆီမှာ ရှိနေပါတယ်။ သေလုမတတ်နှိပ်စက်တာကို ဆရာကြီးက မဖေါ်ခဲ့ဘူး။ တော်လှန်ရေးသမားမှန်းသိပြီး ဒီစာကိုသာတွေ့ခဲ့ရင် တော်လှန်ရေးကြီးပျက်သွားမှာကို အထူးစိုးရိမ်နေခဲ့တယ်။

“ ဒီစာနဲ့ပတ်သက်ပြီး စစ်လားမေးလား လုပ်လာမယ်၊ စစ်ဆေးမေးမြန်းတာကို ခံနိုင်ရည်ရှိရင် တော်ရဲ့၊ ခံနိုင်ရည်မရှိလို့ ထုတ်ဖေါ်ပြောမိရင်တော့ လောလောဆယ် ဗိုလ်သိန်းဦး၊ ဗိုလ်အာဠာဝကနဲ့ ဗိုလ်မှူးဗထူးတို့နဲ့တကွ အထက်မြန်မာပြည် ဘီဒီအေတပ်များ လက်နက်ဖြုတ်ခံရမယ်၊ အဖမ်းအဆီးခံရမယ်၊ နောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အားလုံး အဖမ်းခံကြရမယ်။

ဒီတော့ တော်လှန်ရေးကြီးဟာ တစ်နည်းတစ်ဖုံ ပျက်စီးသွားနိုင်တယ်လို့ ဆရာကြီးက တွေးပူနေပါတယ်။(စာ-၅၂၅)။ တကယ်လို့ ဒီစာကိုတွေ့ခဲ့ရင် သူ့ကို အမျိုးမျိုးစစ်မယ်။ စိတ်ဆိုတာက ဒုက္ခသိပ်ခံရရင် ပြောင်းလဲတတ်တယ်။ တော်လှန်ရေးတော့ အထိခိုက်မခံဘူး သူ့အသက်သာ အသေခံမယ်ဆိုတဲ့စိတ် ဆရာကြီးမှာ ရှိနေပါတယ်။


ဒီစာကို ဂျပန်တွေ ရလာခဲ့ရင်တော့ သူတို့ အချုပ်ခန်းက ကိုယ့်ကိုလာဆွဲမထုတ်ခင် ခေါင်းအုံးပေးထားတဲ့ အုတ်ခဲနှစ်ခဲ ဘယ်ညာကိုင်ရင်း ကိုယ့်ခေါင်းကိုယ်ရိုက်ခွဲလိုက်မယ်လို့ ယတိပြတ်ဆုံးဖြတ်ခဲ့တယ်။ ဒီလိုဆုံးဖြတ်လိုက်မှ ကျွန်တ်ာလည်း တည်တည်ငြိမ်ငြိမ်ဖြစ်သွားပါတယ်” (စာ ၅၂၆)

ဂျပန်ခေတ်က နှိပ်စက်မူတွေက တော်ရုံသတ္တိနဲ့ မခံနိုင်ပါဘူး။ ဆရာကြီးဟာ သတ္တိနဲ့ ဇွဲခတ်နိုင်သူလို့ ဆိုရမယ်။ တော်လှန်ရေးအပေါ်သစ္စာမဖေါက်ဘူး၊ မိမိကိုယ်ကိုပဲ သတ်သေလိုက်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုးကို လေးစားလို့ မဆုံးနိုင်ဖြစ်ရပါတယ်။

မြအောက်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရဟန်းပျိုအဖွဲ့ဥက္ကဌ ဆရာတော် ဦးပဏ္ဍိတက သော့တူနဲ့မြေပုံကို စီစဉ်ပေးလို့ ဂျပန်ထဲမှာ တန်ပြန်ထောက်လှန်းဖို့လွှတ်ထားတဲ့၊ အသွင်ယူထားတဲ့၊ AFO (Antifascist Organization) ခေါ် ဖက်ဆစ်ဆန့်ကျင်စည်းရုံးရေးအဖွဲ့က လျှို့ဝှက်သွင်းထားတဲ့ ဂျပန်အရင်သင်တန်းအဖွဲ့ဝင် ကိုအောင်မှီက ဂျပန်အလစ်မှာ သော့ပေးလို့ သေကံမရောက်အသက်မပျောက်ဖြစ်ခဲ့ရတယ်။

ကိုအောင်မှီက “ဒီည ပြေးနိုင်ရင်ပြေး မပြေးနိုင်ရင် မနက်ဖြန်မနက်မှာ ခင်ဗျားကို ထုတ်သတ်လိမ့်မယ် စီရင်ချက်ချပြီးပြီးလို့” တီးတိုးပြောသွားသေးတယ်လို့ ဆရာကြီးက သူ့စာအုပ်မှာ ရေးထားတာဖတ်ရတယ်။ ကျွန်တော်တို့နဲ့ စကားဝိုင်းတွေမှာလည်း ပြောတာလည်း မှတ်သားဖူးပါတယ်။

ဂျပန်အချုပ်ခန်းရှေ့မှာ ဂျပန်မွေးထားတဲ့ ဘဲအုပ်ရှိပါတယ်။ ဘဲဆိုတဲ့သတ္တဝါက လူကိုတွေ့ရင် အသံပေးတတ်တယ်။ ဒါကိုလည်း ဆရာကြီးက သတိထားရတယ်။ ကြိုတင်ပြီး ဘဲအုပ်ကို မောင်းရတယ်။ လေကြောင်း အချက်ပေးသံကို နားထောင်ရတယ်။ အသံကြားရင် ဂျပန်တွေ ဗုံးခိုကျင်းထဲဝင်မယ့်အချိန်ကိုမှန်းပြီး  သော့ကိုဖွင့်ရမယ်။ တော်တော်သတိထားရတဲ့ ခက်ခဲတဲ့ကိစ္စပါ။

ဆရာကြီးနဲ့ ရန်ကုန်မှာဆုံတုန်း ကျွန်တော်က ဆရာကြီးကို လွတ်မြောက်ခဲ့ပုံမေးမိတော့ ဆရာကြီးက
“ခင်ဗျား မတ်တပ်ရပ်ပါ၊ လက်ကိုဆန့်လိုက်ပါ”လို့ခိုင်းတယ်။

ကျွန်တော့်လက်ကိုကြည့်ပြီး
“ခင်ဗျားလက်က တိုတယ် အချုပ်ခန်းသော့ကို မမီနိုင်ဘူး ကျွန်တော့်လက်တံတောင် မီရုံပဲရှိတယ်။ အခန်းထဲကနေ တံခါးဆီ လက်လှမ်းပြီး ခဲခဲယဉ်းယဉ်းဖွင့်ရတာလို့ စကားဝိုင်းမှာပြောတာ မှတ်သားထားဖူးတယ်။

ပြောချင်တာက ဂျပန်တော်လှန်ရေးမှာ အဖမ်းခံရတယ်၊ နှိပ်စက်ခံရတယ်။ သို့သော် ဆရာကြီးက နိုင်ငံကိုချစ်တယ်၊ တော်လှန်ရေးအပေါ်အသက်နဲ့လဲပြီး သစ္စာရှိခဲ့တယ်။

မိမိအသက်ကိုသာ အသေခံမယ်၊ တော်လှန်ရေးကို လုံးဝသစ္စာမဖေါက်ဘူး” ဒီလိုသစ္စာကြီးတဲ့ သူရဲကောင်းကြီးကို လေးစားစိတ်နဲ့ သတိရလွမ်းဆွတ်မိတယ်။ ဆရာကြီးဟာ ဂျပန်ခေတ်မှာ ဂျပန်တွေ ဖမ်းတုန်းကသေကံမရောက်ခဲ့ဘူး ။နှစ်ခါမွေးလာသူလို့ တင်စားကြတယ်။
 မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့အတွက်ကြောင့် နိုင်ငံတော်သမ္မတက ၁၉၇၂ မတ်လ(၂၇)ရက်မှာ လွတ်လပ်ရေးမော်ကွန်းဝင်ဒုတိယအဆင့်၊၁၉၈၀ ခုနှစ်၊ မေလ(၂၈)ရက်နေ့မှာ နိုင်ငံ့ဂုဏ်ရည်ဒုတိယအဆင့်တို့ကို ချီးမြှင့်ခံခဲ့ရပါတယ်။

ဆရာကြီးဟာ (၂၃-၉-၂၀၁၂) ည (၁ဝး၄၅) မှာ သာကေတမြို့နယ်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာပဲ ကွယ်လွန်ခြဲ့ပီးကွယ်လွန်ချိန်မှာ အသက် ၉၃ နှစ်ရှိပြီလို့ သိရပါတယ်။ 

ထက်ဝေး

(မူရင်းသတ်ပုံအတိုင်းဖော်ပြထားပါသည်)