ဝေယု – ဒီနွေဦးမှာ

.

ဒီနွေဦးမှာ
သရက်ကင်းဖူးလေးတွေနဲ့
ငါနဲ့
နီးနီးလေးပဲ။

ကျောင်းပိတ်သွားတဲ့
ကလေး လေးတွေနဲ့ ငါနဲ့
နီးနီးလေးပဲ။

ပျော်ရာပျော်ကြောင်း ရှာလို့ရတယ်
အေးရာအေးကြောင်းတော့ ရှာလို့မရသေး
ဂျာဆိုင်းအိမ်ရေ။

မြင်ရဲ့ မဟုတ်လား
ကြောက်လန့်နေဆဲ မျက်လုံးတွေ
အံကြိတ်ထားဆဲ မေးရိုးတွေ။

နှစ်ပေါင်း
လပေါင်း
လပြည့်ညတွေကို ရေလို့
ငါရှာနေတဲ့
ငါ့အသံထဲက သံသရာဟာ
အရှည်ကြာဆုံးပဲ။

လမ်းထဲမှာ
တောထဲတောင်ထဲမှာ
မြို့ထဲရွာထဲမှာ
ကဗျာတွေစာတွေထဲမှာ
ငါဟာ
ခေါင်းပြားအောင် အိပ်လို့ရမယ့်
အိမ်ကလေး တလုံးကိုလည်း
ရှာဆဲ။

သရက်ကင်းဖူးလေးတွေနဲ့
ငါနဲ့
နီးနီးလေးပဲ

ဒီနွေဦးမှာ
ငါ
စစ်တိုက်တမ်း မကစားချင်တော့ဘူး။

ဝေယု