ရုန်းကန်လှုပ်ရှား လယ်သမား –
ဖိုးရာဇာ (မအူပင်)

.

မြ န်မာနိုင်ငံတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ အများစုက တောင်သူလယ်သမားနှင့် လယ်ယာလုပ်သားတို့ ဖြစ်ကြသည်။ တောင်သူလယ်သမားသည် လယ်ယာမြေ လုပ်ပိုင်ခွင့် ရသူသာ ဖြစ်သည်။ လယ်ယာမြေကို ပိုင်ဆိုင်သူ မဟုတ်ပေ။ ဥပဒေနှင့်အညီ ယခင်က တစ်နှစ်တစ်ခါ သီးစားမှတ်ပုံတင် ပြုလုပ်ပြီး သက်ဆိုင်ရာ ကျေးရွာ အာဏာပိုင်များထံတွင် “ အချခံ ” လုပ်ရသည်။

သတ်မှတ်ထားသော တာဝန်ကျေစပါး မရောင်းနိုင်လျှင် လယ်ယာမြေ စည်းကမ်းနှင့် မညီလျှင် သီးစားချထားခြင်း မပြုဘဲ လယ်ယာမြေလုပ်ကိုင်ခွင့်ကို ငြင်းပယ်နိုင်သည်။ နိုင်ငံတော်ပိုင် လယ်ယာမြေကို လုပ်ပိုင်ခွင့် ရသည့်အတွက် နိုင်ငံတော်က သတ်မှတ်ထားသည့် လယ်ခွန်၊ တာတမံခွန် စသည်တို့ ပေးဆောင်ရသည်။ သတ်မှတ်သည့် သီးနှံအမျိုးအစားကို သတ်မှတ်ထားသည့် နည်းစနစ်အတိုင်း စိုက်ပျိုး၍ သတ်မှတ်သည့် ဈေးနှုန်းဖြင့် သတ်မှတ်သည့် တင်းရေကို နိုင်ငံတော်သို့ ရောင်းချပေးရသည်။ တာဝန်ကျေ စပါးဟုခေါ်သည်။

တာ ၀န်ကျေ စပါးကို လမ်းစဉ်ပါတီခေတ်၊ ၁၉၈၈ နောက်ပိုင်း န.၀.တ ခေတ်၊ န.ယ.က ခေတ်များ အထိ ၂၀၀၃/၂၀၀၄ ခု တိုင်အောင် ရောင်းချပေးခဲ့ကြရသည်။ မရောင်းနိုင်လျင် အရေးယူခြင်း၊ လယ်ယာမြေ ပိုင်ဆိုင်ခွင့် ရုပ်သိမ်းခြင်း စသည့် ပြစ်ဒဏ်တို့ ခံကြရသည်။ တာဝန်ကျေ စပါးရောင်းချရသည် ဆိုသည်မှာ မြို့နယ်၊ ကျေးရွာအုပ်စုတစ်ခု၏ အထွက်ကို စံကွက် ခန့်မှန်းခြေတို့ဖြင့် တွက်ချက်ပြီး အထွက်တင်း သတ်မှတ်သည်။ ထိုအထွက် တင်းမှ မျိုး၊ ၀မ်းစာ၊ စသည်တို့ ကို စာရင်းချန်ပြီး ပိုလျှံစပါး ရောင်းပေးရခြင်းဖြစ်သည်။

ဥပမာ – လယ်သမား တစ်ဦး လယ် ၁၀ ဧက ရှိသည်။ တစ်ဧက အထွက် တင်း ၅၀ သတ်မှတ်ထားသဖြင့် ၎င်း၏ လယ် ၁၀ ဧကသည် စပါးတင်း ၅၀၀ ထွက်ရမည်။ မိသားစု ၅ ဦးရှိသည့်အတွက် တစ်ဦးလျှင် ၁၅ တင်းဖြင့် ၀မ်းစာ ၇၅ တင်း၊ တစ်ဧက မျိုးစပါး ၃ တင်း ဖြင့် ၃၀ တင်း။ အလေအလွင့် ၂ တင်းနှုန်းဖြင့် ၁၀ ဧကစာ တင်း ၂၀။ စုစုပေါင်း ၀မ်းစာ၊ မျိုးစပါး၊ အလေအလွင့် ( ၇၅ + ၃၀ + ၂၀ ) = ၁၂၅ တင်းချန်ခွင့် ရသည်။ လယ်ထွက်စပါး ၅၀၀ တင်းထဲမှ ၁၂၅ တင်းကိုနုတ်ပြီး ကျန်စပါး ၃၇၅ တင်းကို တာဝန်ကျေစပါး ရောင်းပေးရသည်။

မှန်လယ်ထွက်စပါးက ခန့် မှန်းချေလောက် မထွက်သည့်အခါ တာဝန်ကျေ မရောင်းနိုင်တော့။ အရေးယူခံရသည်။ လယ်လုပ်ပိုင်ခွင့် ရုပ်သိမ်းခံရသည်။ မဖြစ်မနေ ရှာကြံပေါင်နှံ ရောင်းချလျင်လည်း ကြွေးတင် ကျွန်ဖြစ်ဘ၀ ရောက်ကြရသည်။ လယ်ယာမဲ့ ဖြစ်ကြုရသည်။ ၁၉၈၈  နောက်ပိုင်း န.၀.တ၊ န.ယ.က အစိုးရလက်ထက် တာဝန်ကျေ စပါးရောင်းချရသည့် စပါးတင်းရေ လျော့နည်းသွားသည်။ သို့ ရာတွင် စပါးဖိုး ကြိုတင်ငွေပေး စာချုပ်ရာ၌ ရွှေမေတ္တာကဲ့သို့သော မဖြစ်မနေ၀ယ်ယူရသော မြေသြဇာဖိုးများ ကျခံလာရသည်။

ထိုကာလတွင် လယ်ယာမြေများကို ဥပဒေမဲ့ သိမ်းဆည်းမှုများ မြောက်များစွာ ဖြစ်ပေါ်ခဲ့သည်။ မြို့ပြချဲ့ထွင်မှု၊ စက်မှုဇုန် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်မှု၊ စစ်တပ်တိုးချဲ့မှု စသည့်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တောင်သူလယ်သမားတို့၏ လယ်ယာမြေများကို မြန်မာနိုင်ငံအဝှမ်း ဧက သန်းနှင့်ချီပြီး သိမ်းဆည်းခဲ့ကြသည်။ လယ်ယာမြေသိမ်းသည်ဆိုသည်မှာ အာဏာနှင့် ငွေကြေးရှိသူတို့သာ လုပ်နိုင်သော လုပ်ရပ်ဖြစ်သည်။

ထို့ ကြောင့် တောင်သူလယ်သမားတို့ လယ်ယာမဲ့ဘ၀ ရောက်ကြရပြီး ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းအတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဆောင်ရွက် ရသည်အထိ လယ်ယာမြေသိမ်းဆည်းမှုများ များပြားခဲ့ရသည်။

အဆိုပါ ကော်မရှင်ဥက္ကဌ ဦးတင်ထွတ်က ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ၄၈ ရက်နေ့ မြောက် အစည်းအဝေး၊ ၂၀၁၅ မေလ ၂၅ ရက်တွင် လွှတ်တော်၌ ပြောကြားရာမှာ

ဒီနေ့ ကျွန်တော် တို့ .. သိမ်းတဲ့ တချို့မြေတွေဟာ အများပြည်သူ အကျိုးလား၊ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးလား ဆိုတာ ဒီနေ့ ကျွန်တော်တို့ အများကြီး ပေါ်ပေါက်နေပါတယ်။ ဒါကြောင့်မို့လို့  ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့ ပြောချင်ပါတယ်။ နောက်တစ်ခုက ဒီမြေတွေကို သိမ်းတဲ့နေရာမှာ ဥပဒေနဲ့ အညီ မသိမ်းတဲ့အတွက် ပြဿနာတွေတက်နေတာတွေ အများကြီးရှိပါတယ်။

လန – ၃၉ မကျဘဲနဲ့ အလုပ်လုပ်တယ်။ လန – ၃၉ ကျပြီးအလုပ်မလုပ်တာတွေဆိုရင် သူ့ ဥပဒေမှာ ပြန်သိမ်းရမယ်။ နိုင်ငံတော်က စီမံ ခန့်ခွဲရမယ်ဆိုတာတွေ၊ ဒီနေ့ အထိ မလုပ်ပါဘူး။ လန -၃၉ မကျသေးဘဲနဲ့ တောင်သူလယ်သမားတွေ ပိုင်တဲ့ လယ်ယာမြေတွေကို ယနေ့ထိ ဆက်ပြီးတော့ စီမံကိန်းတွေ လုပ်နေတာဟာ ဥပဒေနဲ့ မညီပါဘူး။ ဒါကိုလည်း အရေးယူသင့်တာ ယူပြီးတော့ ဖြေရှင်းသင့်တာ ဖြေရှင်းပေးပါလို့ ကျွန်တော့် အနေနဲ့ တင်ပြလိုပါတယ် ” လို့ဆိုခဲ့ပါသည်။

ယ်ယာမြေ သိမ်းဆည်းခြင်း ကိစ္စနှင့် ပတ်သက်ပြီး သမိုင်းတွင် သည့်စကားများဖြစ်ပါသည်။ ဦးတင်ထွတ်က ဆက်လက်ပြောကြားရာမှာ
“ မြေတွေကို ပြန်စွန့်ပြန်တော့လည်း ဂဝံမြေတွေ၊ မြေညံ့တွေကိုပေးတယ်။ ကောင်းတာတွေကို သက်ဆိုင်ရာလူတွေက ယူထားတာရှိပါတယ်။ နောက်တစ်ခါ စွန့်လွှတ်တဲ့ အခါမှာလည်း လက်ရှိလုပ်နေတဲ့ သူတွေကိုပဲ ပေးပြီး မူလ အသိမ်းခံရတဲ့ သူတွေမရတာလည်း ရှိပါတယ်။ နောက်တစ်ချက်ကတော့ လန – ၃၉ တောင် မကျသေးဘဲနဲ့ စိမံကိန်းတွေ လုပ်တယ်။လျော်ကြေး၊ နစ်နာကြေးမပေးဘူး။ ဒီဟာတွေလည်းပဲ ကျွန်တော်တို့ အများကြီး တွေ့နေရပါတယ် ” ဟု ပြောကြားခဲ့ပါသည်။

ဦးတင်ထွတ် ဆိုသည်မှာ သမ္မတဦးသိန်းစိန် လက်ထက်က အာဏာရ ပါတီ၏ ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပါသည်။ အဆိုပါ ပုဂ္ဂိုလ်၏ ပြောကြားချက်များကို ကြည့်ခြင်းအားဖြင့် လယ်ယာမြေသိမ်းဆည်းမှုများ ဥပဒေနှင့် ညီမညီ၊ တရားမျှတမှု ရှိမရှိ ဆိုသည်ကို သိရှိနိုင်မည်ဖြစ်ပါသည်။ လယ်ယာမြေ သိမ်းဆည်းခံရမှုများကြောင့် တောင်သူလယ်သမား မိသားစုများ လယ်ယာမဲ့ဘ၀ ရောက်ကြရပြီး ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာ လုပ်စားရသည့် အခြေအနေ ဖြစ်ကြရသည်။ အချို့ ကျုးကျော် ဖြစ်ကြရသည်။ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်သား ဘဝနှင့် ရောက်ကြရသည်လည်း ရှိသည်။

ယ်ယာမြေကို ဆက်လက် လုပ်ကိုင်ခွင့် ရနေသည့် လယ်သမားများ အနေဖြင့်လည်း အခက်အခဲ မျိုးစုံ ကြုံနေကြရဆဲဖြစ်သည်။ တာဝန်ကျေစပါး ရောင်းရသော်လည်း စပါးဈေးက မမှန်။ တောင်သူ စပါးပေါ်ချိန်တွင် ဈေးကျသည်။ လယ်သမားလက်ထဲ စပါးကုန်လျင် စပါးဈေး၊ ဆန်ဈေး တက်သည်။ ငွေကြေးရှိသူ၊ သိုလှောင်နိုင်သူတို့သာ အကျိုးခံစားရသည်။ ကုန်ထုတ်လုပ်သူတွေက ရှုံးပြီး ကုန်သွယ်သူတွေက မြတ်သည့် အခြေအနေ ဖြစ်နေသည်။

လယ်သမားအများစုကလည်း စပါးပေါ်လျင် ပေါက်ဈေးနှင့် ရောင်းပြီး ကြွေးဆပ် ကြရသည်။ စပါးထွက်မကောင်းလျင် ကြွေးပင်မကျေ။ စပါးရောင်းရသည်ကလည်း ၁ တင်းကို ၄၆ ပေါင်နှင့်မဟုတ်။ ပေါင် ၅၀။ ၅၅ ပေါင်ပေးရသည်။ စပါး တင်း ၁၀၀ ရောင်းတိုင်း ၁၀ တင်းမှ ၁၅ တင်းထိ နစ်နာကြရသည်။ ရာသီဥတုကလည်းမမှန်။ စပါးပေါ်ချိန် မိုးရွာသည်။ စို့ ထိုးပင်ပေါက်ဖြစ်ပြီး ဆုံးရှုံးကြရပြန်သည်။

ဘာဝပတ်ဝန်းကျင် သစ်တောသစ်ပင် မရှိသဖြင့် ရာသီဥတုဖောက်ပြန်သည်ဟုဆိုသည်။ လယ်သမားက တောပြုန်းအောင် သစ်ခုတ်နိုင်သူမဟုတ်။ တောင်လည်းမဖြို၊ ကျင်းလည်း မတူးနိုင်။ သူတစ်ပါးလုပ်သမျှ ကြားက ကိုငဘ တို့ ခါးနာသည့် ဘ၀ ရောက်ကြရသည်။ ကျေးရွာများတွင် ရွှေ့ပြောင်း လုပ်သားများလာပြီး လယ်ယာလုပ်သား ရှားလာသည်။ ပျိုးနုတ် ကောက်စိုက်သူ မရှိတော့။ ကိုသာလှတို့ ၊ မစာဥတို့ မြို့ ရောက်ကုန်ပြီဖြစ်သည်။

ထို့ ကြောင့် စပါး ကြဲခင်း စနစ်ကျင့်သုံး လာရသည်။ ကြဲခင်းက စိုက်ခင်းလောက် စပါးမထွက်။ လက်ကြားမခွဲနိုင်လျင် အပင်ထူပြီး ပိုးကျတတ်သည်။ ဓာတ်မြေသြဇာ ပိုလိုက်ရသည်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတို့ အသုံးပြုမှု ပိုများလာသည်။ လယ်သမား၏ လယ်လုပ်ကိရိယာ အရင်းအနှီးကလည်း မနည်း။ ထွန်စက်၊ ရေစုပ်စက်၊ တစ်ဘီးထွန်၊ ခြွေလှေ့ စက် စသည်ဖြင့်ရှိထားရသည်။

ကျွဲ နွားတို့ ပျောက်လာနေပြီ ဖြစ်သည်။ ယခုအခါ စပါးရိတ်သား မရှိသဖြင့် ရိတ်ခြွေ စက်ကြီးများကို သုံးလာရသည်။ အဌားစနစ်ဖြင့်သာ ဆောင်ရွက်နိုင်သည်။ အရစ်ကျရောင်းပေးနေသည် ဆိုသော်လည်း လယ်သမား အများစုတို့ မ၀ယ်နိုင်။ တစ်ဧက ငါးသောင်း၊ ခြောက်သောင်း စသည်ဖြင့် ဌားကြရသည်။ စက်မှုလယ်ယာမှ အဌားဝန်ဆောင်မှု ပေးနိုင်လျင် ဈေးသက်သာပြီး စက်ပိုများလာမည်ဟု လယ်သမားတို့ မျှော်လင့်ကြသည်။

.နိုင်ငံတော်က စိုက်ပျိုးစရိတ် ချေးငွေအဖြစ် စပါးစိုက် လယ်တစ်ဧကကို တစ်သိန်းခွဲနှုန်း ချေးသည်။ နွေစပါးစိုက်လျင် တစ်သိန်းခွဲ ထပ်ချေးသည်။ မိုးစပါး၊ နွေစပါး ပေါင်းလျင် တစ်ဧက သုံးသိန်း ဖြစ်နေပေပြီ။ နည်းသည့် အကြွေးမဟုတ်။ အဆင်မပြေလျင် သောက ပိုရတော့သည်။ အဓိကမှာ စပါးဈေးမတည်ငြိမ်ခြင်း၊ ရာသီဥတုမမှန်ခြင်းတို့ ဖြစ်သည်။ ဈေးမှန်၊ ရာသီမှန်နေလျင် စိုးရိမ်စရာမဟုတ်။ ရှုံးရှုံးမြတ်မြတ် လယ်လုပ်ပိုင်ခွင့်လေး ရှိနေသေးလျင် အချိန်တန် လယ်ထဲဆင်းချင်သည်သာဖြစ်သည်။

ထို့ ကြောင့် လယ်သမားတို့ သည် ဆိုရှယ်လစ်ခေတ်၊ န.၀.တ ခေတ်တွင် တာဝန်ကျေစပါး ရောင်းရသည်။ လယ်ယာမြေ သိမ်းဆည်းခံရသည်။ သို့သော် ခေတ်စနစ်တွေကို ဖြတ်ကျော်လာနိုင်သည်။ မျက်မှောက်ခေတ်တွင်လည်း မတည်ငြိမ်သော ဈေနှုန်း၊ မမှန်သော ရာသီဥတု၊ မတရားသော အလေးတင်းတောင်း တို့ ဖြင့် ရင်ဆိုင်ကြုံတွေ့ နေကြရသော်လည်း လယ်လေးရှိလျင် ကြွေးပေးမည့်သူ ရှိသည်ဆိုသော အသိဖြင့် မိသားစုတို့ ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် ရုန်းကန် လှုပ်ရှားနေကြရ ဦးမည်သာ ဖြစ်ပါသည်။

ဖိုးရာဇာ (မအူပင်)

(မူရင်းသတ်ပုံအတိုင်းဖော်ပြထားပါသည်)