ကိုနိုင်း – နွေဦးကိုဖွင့်လှစ်လိုက်တဲ့အမြောက်သံများ

.

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၅၂ )

နှစ်တကြိမ် ရောက်လာနေကြနွေဦးကို ရောက်လာပြန်ခဲ့ပြီပေါ့။ အဝေးတနေရာက ဥသြငှက်ကလေးရဲ့လွမ်းဆွတ်ဖွယ်တွန်ကျူးသံကို ကြားလိုက်မိတယ်။ စိန်ပန်းနီနီတွေလည်း ပွင့်ကြတော့မယ်။ ပေါက်ပန်းတွေလည်း ပွင့်နေလောက်ပြီပေါ့။ ဒီနွေဦးရောက်ရင် ကျွန်တော်လွမ်းမိနေတတ်တယ်။ ကျောင်းသားဘ၀တုန်းက နွေဦးရောက်ရင် ကျောင်းတွေပိတ်တော့မယ် ဆိုတာကိုတွေးရင်း၊ ပျော်နေမိသလို၊ လွမ်းဆွတ်နေမိတယ်။

လယ်ကွင်းပြင်ကျယ်ကြီးရဲ့ခြောက်သွေ့စပြုနေပြီဖြစ်တဲ့ ရိုးပြတ်တောကို မျှော်ငေးနေမိတယ်။ ကုက္ကိုလ်ပင်ကြီးတွေရဲ့ အောက်မှာထိုင်ပြီး တွေးနေငေးနေမိတဲ့အခါ လေရူးတွေ ဝေ့လာတာကို ကြည်နူးစွာ ခံစားလိုက်မိတယ်။ ငယ်စဉ်ဘ၀မှာ နွေဦးတွေရဲ့ရသကို အေးချမ်းစွာ ခံစားခဲ့မိပါတယ်။ တဖြေးဖြေးနဲ့ ကြီးပြင်းလာတဲ့အခါမှာ သိခဲ့ရတာတော့ ဒီနွေဦးမှာ ဖက်ဆစ်ဂျပန်တွေကို မောင်းထုတ်ခဲ့တဲ့ တော်လှန်ရေးအကြောင်းပေါ့။ တရားမျှတတဲ့ တော်လှန်စစ်ကို နွေဦးက သင်္ကေတပါပဲ။

ခုအချိန်မှာတော့ ပြည်တွင်းစစ်ရဲ့ အမြောက်သံတွေကို အဆက်မပြတ်ကြားနေရပါတယ်။ ဒီနွေဦးကို ဖွင့်လှစ်လိုက်တဲ့ အမြောက်သံတွေက ညီနောင်အချင်းချင်း ပြန်သတ်ဖြတ်နေကြတာပါပဲ။ ဒီလို ညီနောင်အချင်းချင်း ပြန်သတ်ဖြတ်နေတဲ့ စစ်ပွဲတွေကို ဘယ်သူကများ တရားသောစစ်လို့ သတ်မှတ်နိုင်မှာလဲ။

ဒါကို တရားသောစစ်ဆိုပြီး ထောက်ခံပွဲတွေ လုပ်နေကြတာ အလွန်အင်မတန် အံ့သြဖို့ကောင်းပါတယ်။ ပြည်တွင်းစစ်မှာ အပြန်အလှန် တိုက်ခိုက်သတ်ဖြတ်နေကြတဲ့ စစ်သားတွေ သေဆုံးနေကြတဲ့ စစ်ဆိုတာကို “စစ်”ဆိုတာ မကြားချင်လောက်အောင် မုန်းမိခဲ့ပါတယ်။ “စစ်” တဲ့။

          စစ်

တစစ်စစ် တိုက်နေ
တစစ်စစ် မိုက်နေကြ။

အပြစ်မဲ့သူတွေမှာတော့
အသက်ရှူတိုင်း
အနာတရ။

စ်ဆိုတာ စစ်ပွဲအတွင်းမှာ တိုက်ခိုက်သတ်ဖြတ်နေတဲ့ စစ်သားတွေရော၊ စစ်ပွဲဧရိယာအတွင်းမှာ နေကြတဲ့ ပြည်သူတွေရော အနာတရ ဖြစ်နေကြမှာပါ။ ဒါကို “လွတ်လပ်လှိုင်း” အွန်လိုင်း မဂ္ဂဇင်းမှာ ကဗျာဆရာ ”မောင်ရဲနွေ(ပလိပ်)”ရဲ့“စစ်”ကဗျာကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်။ ပြည်တွင်းစစ်ဟာ မြန်မာတပြည်လုံးကို တစစ်စစ် နာကျင်ကြေကွဲတဲ့ ခံစားမှုတွေ ပေးနေပါတယ်။

ဒီပြည်တွင်းစစ်ပွဲကြီးကို ငြိမ်းသတ်ချင်ပေမယ့်လည်း နှစ်ကာလကြာရှည်အောင် မငြိမ်းသတ်နိုင်သေးပါဘူး။ ဒီပြည်တွင်းစစ်ပွဲကြီးဟာ မြန်မာပြည်အတွက် ဆုံးရှုံးမှုများစွာကို ပေးနေပါတယ်။ ဒါကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ၊ ဗြူတီမဂ္ဂဇင်းထဲက ကဗျာဆရာ ထက်ဦးလူ (မူဆယ်)ရဲ့ “အလုပ်လက်မဲ့ပြဿနာ”ကဗျာကို ဖတ်ကြည့်ကြပါ။

ဒီပန်းချီကားကြီးက ကြာခဲ့ပါပြီ
သူ့ရဲ့ ပြကွက်တွေကလည်း ထူးမခြားနား
သေနတ်ပြောင်းဝက ထွက်လာတဲ့
အမွေခံသားဆိုးများရဲ့ အက်ရှင်ပဲ။

ဒီ ပြည်တွင်းစစ်ဆိုတဲ့ အမွေကို ဘယ်သူ ယူချင်ခဲ့မှာလဲ။ တကယ်တော့ ဒီပြည်တွင်းစစ်ကို ရေရှည်တောက်လောင်အောင် ဖန်တီးထားခဲ့ကြတာကို ပြန်ကြည့်မယ်ဆိုရင်တော့ စစ်အာဏာရှင်တွေပါပဲ။ စစ်အာဏာရှင်စနစ်က ပေးတဲ့အမွေဆိုးပါ။ ဒီအမွေခံသားဆိုးတွေရဲ့လုပ်ရပ်တွေကို အမွေခံလိုက်ရတာက ပြည်သူတွေပါပဲ။ နောက်ဆုံးပြောရရင် မြန်မာပြည်ကြီးက ဆင်းရဲတွင်းနက်မှုထဲကို ကျဆင်းခဲ့ရပါတယ်။ ဒီလို ဘဝတွေရောက်အောင် ဖန်တီးခဲ့တဲ့ သားဆိုးတွေကတော့ အတ္တမီးတွေ ၊လောဘမီးတွေ တောက်လောက်နေတာကို တွေ့ရမှာပါ။

သည်ပင်လယ်ကြီးထဲခုန်အဆင်းမှာ
ငါ့အစ်ကိုဆိုတဲ့ နာမ်စားတလုံးက
သေနတ်သုံးချက်ဖောက်ပြီး ကြိုဆိုတယ်။

ငါ့အဖေဆိုတဲ့ လူတန်းစားက
အကောင်းစား ဝီစကီတွေနဲ့
ဆန်ကုန်မြေလေး အုပ်စုတွေနဲ့
ချီးယားစ်လို့ ဘယ်ညာညှိတယ်။

မှန်တကယ်တော့ အဖေတွေ မဟုတ်ပါဘူး။ မြန်မာပြည်ကို အုပ်စိုးချယ်လှယ်ခဲ့ကြတဲ့ ပထွေးတွေပါ။ သူတို့က ပေါက်ဖွားလာတဲ့ သားဆိုး အဆက်ဆက်ကလည်း ဒီပြည်တွင်းစစ်အမွေကို ဆက်ခံယူပြီး မြန်မာပြည်ကို ဒုက္ခဆိုးတွေအောက်မှာ ဆက်နှစ်မြုပ်လိုက်ပါတယ်။

သားချော့တေး မညည်းတတ်တဲ့
မိခင်ရဲ့နို့ရည်က စမ်းရေလိုမလန်းဘူး
အခမဲ့တွေနဲ့ စီးဆင်းလာတဲ့ ဖခင်ရဲ့ အာဟာရမှာ
ယမ်းနံ့တသင်းသင်းနဲ့ အစာအိမ်ထဲထိ
ဒီလိုနဲ့ ငါ့အသက်ဟာ
သူတပါးခန္ဓာနဲ့ ချိတ်ဆက်လို့။

မြန်မာပြည်ဆိုတဲ့ မိခင်ဟာ ဒီပြည်တွင်းစစ်ဆိုတဲ့ ဒုက္ခတွေကို ရင်စီးခံနေရပါတယ်။ ပြည်သူပြည်သား တိုင်းရင်းသားတွေဆိုတဲ့ သားသမီးတွေအတွက် နို့ရည်တွေနဲ့ အာဟာရတွေကိုလည်း မဖြည့်ပေးနိုင်ခဲ့ပါဘူး။ အာဟာရတွေမှာလည်း ယမ်းနံ့တွေ သင်းနေခဲ့ရပါတယ်။

ငါတို့ မြက်ခင်းတု လယ်ကွင်းမှာ
ဓမ္မကျောင်းက ခေါင်းလောင်းသံတွေ
ရွာကျောင်းက ခေါင်းလောင်းသံတွေက
ဆက်သွယ်မှု ဧရိယာအပြင်ဘက်မှာ

လူကြီးမင်းရဲ့ သင်ခန်းစာက
ဘွဲ့ရဖို့မလိုဘူး အ,လိုက်ဖို့ပဲ
ဟောဒီ လက်ညှိုးလေးကို
ဟောဒီလိုများ ကွေးတတ်ရင်
ထမင်း နပ်မှန်ပြီတဲ့။

ကဲ ကြည့်ကြစမ်းပါ။ ဒီစစ်အာဏာကို ငန်းငန်းတက်နေတဲ့ စစ်အာဏာရှင် ပထွေးတွေက ပြည်သူတွေကိုပေးတဲ့ သင်ခန်းစာတဲ့။ စစ်အာဏာရှင်တွေက နှစ်ရှည်လများ တိုင်းပြည်အာဏာကို အပိုင်စီးထားတော့ ပထွေးကပေးတဲ့ပညာရေးဆိုတာ စေတနာပါတဲ့ အရာမဟုတ်ဘူးဆိုတာတော့ သိကြမှာပါ။

သေနတ်ပြောင်းဝက ထွက်လာတဲ့
လူလည်လုပ်နည်း အတတ်ပညာရှင်တွေ

သူတို့ရဲ့လက်ညှိုးမှာ
ပြည်သူတွေရဲ့ ဝိညာဉ်တွေနဲ့
ပြည်သူတွေရဲ့ သွေးစက်တွေနဲ့
ပြည်သူတွေရဲ့ မျက်ရည်တွေနဲ့
အသားမာတွေ ထူထပ်လို့

အနတ္တကို အတ္တလို့ ဝေဝါးနေသရွေ့
သူတို့ရဲ့သံသရာ လက်ညှိုးဟာ
သူတို့ ရင်ဘတ်ဆီ ပြန်လာမယ်။

ခုဆိုရင် အာဏာရှင်တွေရဲ့လှည့်ကွက်ထဲမှာ တိုင်းပြည်ဟာ အတင်းရုန်းကန်နေရပါပြီ။ အာဏာရှင်စစ်ကြီးကတော့ အေးအေးချမ်းချမ်းနဲ့ ကန့်လန့်ကာနောက်ကွယ်ကို ၀င်ရောက်သွားပါပြီ။ ဒါပေမယ့်သူ့ရဲ့ အာဏာစက်ဝန်းဟာ သက်ရောက်နေတုန်းပါပဲ။ တိုင်းပြည်မှာတော့ မငြိမ်သက်မှုတွေနဲ့ တည်ငြိမ်မှုကို ပြန်တည်ဆောက်နေရပါတယ်။

ဒီလို ပြန်ပြီး တည်ငြိမ်မှုကို ပြန်တည်ဆောက်ချိန်ဟာလည်း ကာလကြာနေပါလိမ့်မယ်။ ဘယ်သူသေသေငတေမာရင်ပြီးရော ဆိုသလိုဖြစ်နေပေမယ့် ငတေကတော့ မသေနိုင်သေးပါဘူး။ ဒီတိုင်းပြည်မှာ ဒီငတေသေမှ အေးမယ်ဆိုသလို ဖြစ်နေပါတယ်။ သံသရာလက်ညှိုးကတော့ အင်မတန် အံ့သြဖွယ်ကောင်းလောင်အောင် ရောက်လာမအောင်ကြာနေပါတယ်။

ပွင့်လင်းရာသီမှာ မပွင့်လင်းတဲ့
ငါတို့မြက်ခင်းတု တိုက်ပွဲတွေ
သိက္ခာအတွက်လား ရိက္ခာအတွက်လား
လူမျိုးအတွက်လား နိုင်ငံအတွက်လား
သေချာတာကတော့ အနိုင်အရှုံးဆိုတာ

ဟိုး… မိုးကုတ်စက်ဝိုင်းမှာ
အလင်းနဲ့ အမှောင်ရဲ့အားပြိုင်ပွဲ
အပြားတွေ၊ အလုံးတွေ၊ အငွေ့တွေရဲ့
စည်းဝါးမပီတဲ့ ဘင်သံမှာ
နှစ်ပါးသွားတွေ ကခုန်ရင်း
ပဒိုင်းသီးတို့ရဲ့ ဘ၀သံသရာ။

ဒါ တွေကိုတော့ စာဖတ်သူတွေလဲ သိကြမှာပါ။ စာတ်နေသူကြီးကတော့ ပိုသိပါလိမ့်မယ်။ သိရက်သားနဲ့ ဘာကြောင့်မပြောပဲ နှုတ်ဆိတ်နေကြတာလဲ ဆိုတဲ့မေးခွန်းတွေကို မေးချင်ပေမယ့် မမေမးရဲကြဘူးဆိုရင် စစ်အာဏာရှင်ခေတ်က မကုန်သေးတာကို ပြနေပါတယ်။ ပွင့်လင်းရာသီမှာ မပွင့်လင်းနိုင်သေးတဲ့ ငါတို့မြက်ခင်းတု တိုက်ပွဲတွေ ဆက်တိုက်နေရဦးမှာတဲ့။ ဒါတွေတိုက်တာ သိက္ခာတရားအတွက် ဖြစ်ပါလိမ့်မယ်။လူမျိုးအတွက်၊ နိုင်ငံအတွက်၊ တရားသောတိုက်ပွဲကို စစ်မပါပဲ တိုက်ရဦးမှာပါ။

ငါတို့ရဲ့မြက်ခင်းတု ကောင်းကင်မှာ
ပျံသန်းသွားတဲ့ ချိုးဖြူငှက်တွေ
သူတို့ဟာ အသေခံတပ်သားတွေလား
သူတို့ရဲ့ကျူးရင့်သံက ပေါက်ကွဲအား ဘယ်လောက်လဲ။

တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်မိ
ရိုးဖလာ အမိုက်အမဲလေးတွေပါ
တကယ်တမ်းတော့ ငါတို့ရဲ့ ပြောင်းဝမှာ
သံလွင်ခက်တွေကို ထိုးစိုက်ပြီး
ပြည်သူတွေကို ပူဇော်လိုက်ချင်တာ
ဒါပေမယ့်… ဒါပေမယ့်။

ခုအချိန်မှာလည်း ဒါပေမယ့်တွေနဲ့ အဆုံးသတ်နေရတဲ့ အခြေအနေတွေကို ရောက်နေပါတယ်။ ဒီနေ့ခေတ်မှာ အသေခံတပ်သားတွေ ရှားနေပါပြီ။ သူတို့အနေနဲ့ ခြေကုန်လက်ပမ်းကျနေပြီလို့တောင် ပြောလို့ရနေပါပြီ။ ပြောရမယ်ဆိုရင် သံလွင်ခက်ချီမယ့်ချိုးငှက်ဟာ ဒဏ်ရာပလပွနဲ့ တောင်ပံချိုးထားတာ ခံနေရပါပြီ။ ငြိမ်းချမ်းရေးဆိုတဲ့ ဆေးကလည်း မကုနိုင်သေးပါဘူး။ ချိုးငှက်လေးအသက်ရှင်အောင်ပဲ မနည်းကြိုးစားနေရပါတယ်။ ဒါတွေကို နွေဦးရောက်လာတဲ့အခါတိုင်း ပျော်နေမယ်ထင်ခဲ့ကြပါတယ်။ ပျော်ချင်ပေမယ့် မမျှော်လင့်နိုင်သေးပါဘူး။

ဒါကို ၂၀၁၈ ဇန်နဝါရီလ၊ လွတ်လပ်လှိုင်း အွန်လှိုင်းမဂ္ဂဇင်းထဲက ကဗျာဆရာ ”ချောဘသစ်”ရဲ့ “သံတော်ဆင့်” ကဗျာလေးနဲ့ အဆုံးသတ်လိုက်ချင်ပါတယ်။

ခေါင်းလောင်းသံတွေ တိတ်ပြီး
ဥသြသံတွေ မြည်ဟည်းတုန်ခါ
လောင်နေတဲ့မီးကို မျက်ရည်နဲ့ ငြိမ်းလို့မရပါဘူး။ 

ဖုတ်သက်ဝင်နေတဲ့ တိုင်းပြည်ဟာ
ခြေတဖက်ဆာလို့
အရူးတွေပေးထားတဲ့ အသက်ကိုဆက်လို့။

နီးရာဓားဆွဲပြီး သရဏဂုံတင်
ဓမ္မကို နှိုးကြပါစို့ရဲ့။

မ္မကိုနှိုးတဲ့အချိန်မှာလည်း အဓမ္မတွေ အနှောင့်အယှက်ပေးနေတာကို သတိပြုကြရပါလိမ့်မယ်။ဘာဖြစ်လို့လည်း ဆိုတော့ အရူးတွေပေးထားလို့ အသက်ဆက်နေရတဲ့ တိုင်းပြည်မှာ ဆူပူမှုတွေ၊တရားဥပဒေပြင်ပကို ရောက်နေကြတဲ့ မသာမာမှုတွေကအစ တိုက်ပွဲဖြစ်နေကြတဲ့ ပြည်တွင်းစစ်တွေပြည့်နှက်နေလို့ပါပဲ။ ကဗျာဆရာပြောသလိုပဲ လောင်နေတဲ့မီးကို မျက်ရည်နဲ့ငြိမ်းလို့မရနိုင်ပါဘူး။အခုအချိန်မှာ တိုင်းပြည်အတွက် သရဏဂုံတင်ထားဖို့ပါပဲ။

ကိုနိုင်း

ခံစားသုံးသပ်မိသောကဗျာများ

၁။ မောင်ရဲနွေ(ပလိပ်)၊ (စစ်)၊ လွတ်လပ်လှိုင်း အွန်လိုင်းမဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၂၀၁၈။

၂။ ထက်ဦးလူ(မူဆယ်)၊ (အလုပ်လက်မဲ့ပြဿနာ)၊ ဗြူတီမဂ္ဂဇင်း၊ ဇန်နဝါရီ ၂၀၁၈။

၃။ ချောဘသစ်၊ (သံတော်ဆင့်)၊ လွတ်လပ်လှိုင်း အွန်လိုင်းမဂ္ဂဇင်း၊ ဇန်နဝါရီ ၂၀၁၈။