သဉ္ဇာရွှန်းလဲ့ရည် – 
၃၅ နှစ်အောက်ဆိုရင်
လူငယ်ချည်းပဲလို့ ဆိုပေမယ့်

ရွှန်းလဲ့ကတော့ အသက်အရွယ်ကြောင့်ရလာတဲ့
အတွေ့အကြုံ၊ ဘဝဖြတ်သန်းမှုကို
အခွင့်ကောင်းယူမှုတွေကို လက်မခံခဲ့ဘူး။
ဒါသည် အမေ စောမွေးပေးလို့ ဖြစ်လာတဲ့ အရာလို့ပဲ ခံယူတယ်။
အမေမွေးတာ နောက်ကျ၊ လူဖြစ် နောက်ကျပေမယ့်
လူငယ်တိုင်းဟာ မတူညီတဲ့ စွမ်းရည်တွေရှိတယ်။

.

သက်(၃၅)နှစ်အောက်အရွယ်ဆိုရင် လူငယ်ချည်းပဲလို့ သတ်မှတ်ကြပေမယ့် အဲဒီလို သတ်မှတ်ခံကြရတဲ့ လူငယ်တွေထဲမှာတင်ကိုပဲ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အောက်၊ အသက် ၂၅ နှစ်ကနေ ၃၀ အောက်၊ အသက် ၃၀ နဲ့ ၃၅ နှစ်အကြားမှာရှိတဲ့ လူငယ်တွေရယ်လို့ အသက်အရွယ်အပိုင်းအခြားတွေအလိုက် သုံးပိုင်းပိုင်းပြီး ခွဲစဉ်းစားပေးဖို့လိုမယ်ထင်ပါတယ်။

ဘာ လို့ ဆို လူငယ်ထဲမှာမှ အငယ်ဆုံး အသက် ၁၈ လူငယ်တယောက်နဲ့ အသက်အကြီးဆုံး  ၃၅ နှစ်ရှိနေတဲ့ လူငယ်နှစ်ယောက်ကို တွေးကြည့်ရင် အသက်အရွယ်ကွာဟမှု (gap) က ဆယ်စုနှစ် ၂ ခုနီးပါး ကွာသွားသလို အတွေ အကြုံ၊ အရည်အချင်း၊ ဖြတ်သန်းမှုကအစ မတူကြတော့ လူငယ်ခေါင်းစဉ်ထဲမှာတောင် တပြေးညီစဉ်းစားပြီး equality နဲ့ သွားလို့ မရဘူး။ Equity နဲ့ တွေးပေး၊ ထည့်သွင်းစဉ်းစားပေး၊ quota ချပေးရပြန်တယ်။ 

ဥပမာ.. သင်တန်းတခု တက်ရမယ်ဆိုတောင် တက်သင့်သူစဉ်းစားရင် ခေါင်းဆောင်ဖြစ်လာချေရှိသူ လူငယ်ကို ပိုမြင်ကြတယ်။ ပြောတတ်ဆိုတတ်၊ အဖွဲ့ မျက်နှာပွင့်စေသူပေါ့။ ဒါဟာ အသက် ၃၀ အရွယ်လူငယ်ဖြစ်နိုင်တယ်။ ပိုကြီးသူလဲဖြစ်နိုင်တယ်။ ဒီလိုလူဟာလဲ အခွင့်အရေးပိုရတယ်။ ယုံကြည်မှုပိုရတယ်။ 

ယဘုယျအားဖြင့် ပိုငယ်တဲ့ အဖွဲ့ဝင်တွေကတော့ ပြောတတ်ဆိုတတ်အောင် သူဟာ အချိန်ကာလတခုကို ပြန်စောင့်ရပြန်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရအောင်လဲ စောင့်ရပြန်တယ်။ အခွင့်အရေးမှာတောင် သူက တဆင့်နိမ့်ရတယ်။ ဘယ်လောက်တော်သည်ဖြစ်စေ လုပ်ငန်းကိုင်ငန်းမှာ အမှားများနိုင်သေးတော့ ယှဉ်စဉ်းစားရင် ကျန်ခဲ့ကြတာများတယ်။ 

လူ ငယ်အရေး ပြောကြဆိုကြတဲ့အခါ လူငယ်ဆိုတာကို အသက်အရွယ်နဲ့ ကန့်သတ်ပေးပါလို့ တောင်းဆိုကြ၊ ပြဌာန်းခိုင်းကြတာက ဒီလို အသက်အရွယ်ပေါ် အခြေတည်တဲ့ မညီမျှမှု၊ ခွဲခြားမှု၊ မယုံကြည်မှုတွေကို မနှစ်သက်ကြဘူး၊ သဘောမတူကြဘူး။ ငယ်သော်လည်း စွမ်းနိုင်တယ်။ မြေတောင်မြှောက်ပေးကြရမယ်။ သီးခြားစဉ်းစားပေးရမယ်။ အတွေ့ ကြုံများများရအောင် များများလုပ်ကိုင်မယ်၊ များများယုံကြည်ပေးပါဆိုတဲ့ အမြင်ကနေ တော်လှန်ကြတာ။ ဒါတောင် မြန်မာပြည်မယ် အသက် ၅၀ ထိ လူငယ်ဆိုတာ ရှိတုန်းပါ။ စိတ်ပျိုရင် ကိုယ်နုတယ် လူငယ်ပဲ ဆိုတာလဲ အများကြီး။ လူငယ်ခေါင်းစဉ်အောက်ကနေ အလွယ်တကူ ခေါင်းဝင်လျှိုပြီး အညွှန့်ခူးကြသူတွေလဲ အများကြီး။ 

ဒီလို အသက်အရွယ်ကြောင့် ဖြစ်တဲ့ မညီမျှမှုဟာ လူ့ အသိုင်းအဝိုင်းမှာရှိလို့ သီးခြားခွဲထုတ် စဉ်းစားပေးခံထားရတဲ့ လူငယ်ဆိုတဲ့ အသက်အရွယ်အပိုင်းခြား (၁၈ – ၃၅) ထဲမှာလဲ ကိုယ်စိုးရိမ်ခဲ့တာကို ကိုယ်ပြန်မဖြစ်အောင် သတိထားရမယ်။ 

ဒီလို သတိထားခြင်း၊ ထည့်သွင်းစဉ်းစားခြင်းဟာ အသက်အရွယ်အပိုင်းခြားတခုစီရဲ့ ပါဝင်မှု၊ ဦးဆောင်မှုကို ဖော်ဆောင်လိုက်ခြင်းပဲ။ ရေရှည်တည်တံ့မယ့် လူငယ်ဦးဆောင်မျိုးဆက်ကို ပျိုးထောင်ခြင်းပဲ။ ဘယ်အရာပဲ လုပ်လုပ် ပူးပေါင်းဆောင်ရွက်သူ၊ ဦးဆောင်သူ၊ ပံ့ပိုးကူညီသူ အခန်းကဏ္ဍတိုင်းမှာ age segment ၃ ခုထဲက လူငယ်တွေ ပါနေသလား။ သူတို့တွေ ပါဝင်လာအောင် ထည့်သွင်းစဉ်းစားမှုရှိသလား။ သူတို့ ခေါင်းဆောင်ဖြစ်ဖို့  ဘာ အတားအဆီးတွေရှိနေသလဲ တွေးကြဖို့ ကောင်းတယ်။ 

Age segment တိုင်းက လူငယ်တွေရဲ့ ကိုယ်စားပြုမှု ရှိနေတဲ့ လှုပ်ရှားမှု၊ လုပ်ငန်း၊ အစီအစဉ်တွေဟာ generation gap ဖြစ်နိုင်ချေနည်းသွားပြီ။ conflict sensitivity နည်းသွားပြီ။ အခု အသက် ၃၀ တန်းတွေ တွေးပုံနဲ့ အသက် ၂၀ တန်းတွေ တွေးပုံတောင် မတူတော့ပါဘူး။ တည်ငြိမ်စအရွယ်နဲ့ တက်ကြွစအရွယ် အမြင် ၊ ခံယူချက်၊ ချဉ်းကပ်ပုံတွေ ကွာနေပြီ။ နောက်ဆယ်စုနှစ်တွေမှာ digital age မှာ မျိုးဆက်တွေနဲ့ အမှီလိုက်ဖို့ ဆိုတာ ပိုကွာဟနိုင်ချေများလာပါပြီ။ 

ရွှန်းလဲ့ကတော့ အသက်အရွယ်ကြောင့် ရလာတဲ့ အတွေ့အကြုံ၊ ဘဝဖြတ်သန်းမှုကို အခွင့်ကောင်းယူမှုတွေကို လက်မခံခဲ့ဘူး။ ဒါသည် အမေစောမွေးပေးလို့ ဖြစ်လာတဲ့ အရာလို့ ပဲ ခံယူတယ်။ အမေမွေးတာနောက်ကျ၊ လူဖြစ်နောက်ကျပေမယ့် လူငယ်တိုင်းဟာ မတူညီတဲ့ စွမ်းရည်တွေရှိတယ်။ ဒါကို ဖော်ထုတ်ပေးနိုင်တဲ့ နည်းဗျူဟာကတော့ လူငယ်ဆိုင်ရာ စဉ်းစားတွေးခေါ်ချက်တွေမှာ age segments ၃ ခုအတွက် မတူညီတဲ့ လိုအပ်ချက်တွေအလိုက် ဖြည့်ဆည်းပြီး quota ထားပြီးကို ဦးဆောင်မှုကို တန်းတူရယူခြင်း နည်းလမ်းပါပဲ။ 

သဉ္ဇာရွှန်းလဲ့ရည်

Credit @ https://www.facebook.com/Thinzarshunleiyi