ကျော်ထင် – 
ကျနော် ပျောက်နေတဲ့ တပေါင်း

.

(တစ်)

ကျနော်စာသင်တဲ့ ကျောင်းတွေထဲက ဟိန်းရတနာအောင်ကျောင်းဝန်းထဲမှာ စိုက်ထားတဲ့ သစ်ပင်လေးတွေကို ကျနော် သိပ်သဘောကျတယ်။ သကြားသီးပင်တဲ့။ အကိုင်းအလက်တွေက သေးသေးသွယ်သွယ်နဲ့   အများ ကြီး ဖြာနေတာ။ အဲ့ဒီ့ အကိုင်းအလက်တွေ ဖြာနေပုံက ဖွင့်ဆောင်းထားတဲ့ ထီးခရိုင်လိုပဲ။ ရိုးတံသွယ်သွယ်မှာ အရွက်တွေကလည်း သိပ်လို့ ၊ စိပ်လို့ ။ ထီးရွက်တွေလိုပဲလေ။ 

မိုးဆောင်းရာသီတွေတွေမှာတော့ ထီးရွက်တွေ သိပ်သိပ်စိပ်စိပ်ကြောင့် အရိပ်တွေကညို့ လှပေါ့။ စာကလေးငှက်တွေအတွက် ကြယ်ငါးပွင့်ဟိုတည် ပြောရင်လည်း ဟုတ်နေမှာပဲ။ ပိုတာက အေးချမ်းတယ်။ လုံခြုံတယ်။ သူတို့ အတွက် ငှက်ခတ်မုဆိုးတွေ မရှိလို့  အန္တရာယ်ကင်းတယ်။ ဒါကြောင့်လည်း ရင်ခေါင်းလောက်ရှိတဲ့ အကိုင်းအခက်တွေမှာ အိပ်တန်းဝင်နိုင်တာ။

ပင်လေးတွေက အကြီးကြီးတွေ မဟုတ်၊ မိုးထိုးနေတဲ့အပင်တွေမဟုတ်ပေမယ့် အရိပ်သိပ်ကောင်းတယ်။ သူ့အရွက်သူ့ အခက်နဲ့ သူ ပြည့်စုံနေတာ။ ဒါ့အပြင် အသီးစိမ်းစိမ်းလေးတွေကို သီးပေးတတ်ပြန်တယ်။ မှည့်တော့ သူ့ ဝဏ္ဏက နီနီညိုညို။ အရသာက ချိုတိုတိုတဲ့။ ကျောင်းသားလေးတွေကော၊ ကျောင်းသူလေးတွေကော ခူးစားနေတာတွေ ရလို့ ကျနော်လည်း လိုက်ခူးစားကြည့်မိခဲ့ဖူးတယ်။ ဟုတ်တယ်။ ရသာဓာတ် ချိုချိုနဲ့ ဂန္ဓရနံ့  မွှေးဖွဖွကို ဖျဖျရလိုက်တယ်။ 

ဒီအပင်လေးတွေက လောကအပေါ်ထားတဲ့ မေတ္တာဓာတ်ကို နိုးထစေတယ်လို့  ကျနော်တော့ ခံစားမိတယ်လေ။ လောကကို နှစ်သက်စေတယ်။ သဘာဝ ကိုမက်မောစေတယ်။ ကျနော့်အတွက် အရိပ်အာဝါသအပြင် တွေးတောခြင်းအာဟာရကိုပါ ထပ်ပေးနေသလိုပါပဲ။ ကျနော့်ပုဂ္ဂလခံစားချက်မှာ ဒီလိုပဲ အတွေးဖြစ်မိတယ်။ တနှစ်ပတ်လုံး ပင်ပန်းခဲ့သမျှတွေဟာ ဒီအချိန်ဒီရာသီရောက်ပြီဆိုရင် ဒီအပင်ပျိုတန်းအောက်မှာ လွမ်းမောကြည်နူးမိစေတာ။ အရိပ်ခိုချင့်စဖွယ် သစ်ပင်တန်းလေးတွေအောက်မှာ သံခုံတန်း မည်းမည်းလေးတွေကို ချပေးထားတယ်။ ခုံတန်းလေးပေါ် ထိုင်လိုက်တော့ တပို့တွဲရဲ့ နှုတ်ဆက်နေရောင်က အာဝါသအပြင်ဘက်မှာ ကျဲကျဲတောက်လို့ ။ တပို့ တွဲရဲ့ အဓိပ္ပာယ်ကိုက နေပူရာ နေရောင်ပျို့ ရာဆီသို့  သွားတာတဲ့။ ဒီတော့ ပူပြီပေါ့။ 

ကွင်းပြင်ကို ဖြတ်ပြီး ကျောင်းရုံးခန်းဘက်ဆီ ငေးမောကြည့်မိပေမယ့် မျက်လုံးတွေက နေရောင်ကျဲကျဲရဲ့ဒဏ်ကို မခံနိုင်ဘူး။ ဇရာထောင်းပြီးကတည်းက မျက်လုံးတွေ အတောင်ညောင်းကုန်တာ။ ဝေးဝေးလည်း မလွင့်နိုင်။ နီးနီးဆိုလည်း မှုန်ရီမှုန်ဝါး။ အမှောင်မှာဆိုတော့ မမြင်မကန်း။ နေပူပူ အလင်းထူထူထဲထဲဆိုတော့ ပိုလို့  မတိုးနိုင်ပေါ့။ ဒါနဲ့ပဲ မျက်လုံးတစုံလုံးကို နေရောင်တလင်းကနေ ရုပ်သိမ်းလို့  အရိပ်ဓာတ်အောက်ဆီ ရွှေ့ လိုက်ရတယ်။ 

ခုတော့ အပင်အောက်က အရိပ်တွေလည်း ပျောက်လုနေပါပြီ။ နေပူကျဲကျဲအောက်မှာ အပင်လေးတွေရဲ့ အရိပ်က ကျိုးတို့ ကျဲတဲရယ်။ အရွက်စိပ်စိပ်တွေက ကြွေပြီလေ။ အရွက်သိပ်သိပ်တွေက အကိုင်းမှာအခက်မှာ အနေနည်းကုန်ကြပြီ။ မနက်ဖြန်သဘက်ဆိုရင်ပဲ တပေါင်းလထဲ ချဉ်းနင်းဝင်ရောက်တော့မှာ။ ပတ်ဝန်းကျင်ကြီးတခုလုံးကို လွမ်းမောစရာဖြစ်အောင် နေရာချထားတတ်တဲ့ရာသီပေါ့။ လွမ်းမောစွာဆိုပေမယ့် ရင်ထဲမှာတော့ အကြည်ဓာတ်ကတော့ လတ်နေတုန်း။ အနုဓာတ်တွေကဆတ်နေတုန်း။ 

ဆယ်ပတ်လည်ကာလတွေတုန်းကလို အပျော်တွေနဲ့ လတ်ဆတ်နေတာာလား။ နှစ်ဆယ်ကျော်ကာလတွေ တုန်းကလို ကဗျာဓာတ်တွေ စာဓာတ်တွေနဲ့ လား။ သုံးဆယ်ကျော်ကာလက သည်းသည်းသန်သန် လှုပ်ထခဲ့ရတဲ့ ရွရွတက် နွေဝေဒနာမျိုးနဲ့ လား။ သေချာတာပြောကြေးဆို ဒါဟာ တပေါင်းရဲ့ ဝေဒနာလေ။ ဝေဒနက္ခန္ဓာပေါ့။ ဒါမှ မဟုတ် နွေ ဝေဒနက္ခန္ဓာ။

(နှစ်)

ဆယ်ပတ်လည်ကာလတွေတုန်းက တပို့ တွဲကုန်လုပြီဆိုတာနဲ့  ပေါက်ပွင့်တာကို စောင့်မျှော်တတ်တာ။ ပေါက်ပင်တွေအောက်မှာ ပေါက်ပွင့်ရဲရဲတွေက ရွရွတက်တက် နီမြန်းလို့ ။ မြေပြင်မှာကိုပဲ ပထဝီသားကို မမြင်ရတော့တာ။ ပေါက်ပွင့်ကြွေတွေထဲက အလတ်ဆတ်ဆုံးတပွင့်ကို ပွင့်ဖတ်၊ ပွင့်ချပ်တွေကို ဖယ်ပြီး ၀တ်ဆံကို ယူလိုက်တယ်။ ၀တ်ဆံကွေးကွေးလေးထဲက ၀တ်ဆံတိုင်ကို အသာဖွဖွ ဆွဲထုတ်ဖယ်ရှားပစ်တယ်။ ပြီးမှ ၀တ်ဆံရိုး ကျောခုံးကွေးကွေးလေးကို ပါးစပ်ဖျားမှာထားပြီး ဆွဲပြီးစုပ်လိုက်တာ။ ထွက်ပေါ်လာတဲ့ လေစုပ်သံက တကယ့်ကိုငှက်ကလေးတကောင်ရဲ့ ပီဘိအသံလိုပဲ။ 

ဒါက ကရုဏာသက်စရာ ဖက်နေတဲ့ ကြည်နူးစရာ နွေတေးသံလေ။ ကျနော်တို့ ဖန်တီးသီကျူးတဲ့ နွေးတေးသံ။ လူလုပ် နွေတေးသံ။ နွေတေးသံကို ပါးစပ်ဖျားမှာ သီကျူးရတာကို ငြီးသွားတော့ ဟိုဘက်တောင်စောင်းက တိုက်ပန်းနွယ်တွေဆီ ရောက်သွားတတ်တယ်။ 

တိုက်ပန်းနွယ်တွေကတော့ အရွက် မကျသေးလို့ စိမ်းမြလို့ ကောင်းနေတုန်း။ တိုက်ပန်းနွယ်တွေပေါ် ပုဆိုးဟောင်းတထည်ကို ဖြန့်ခင်းလိုက်တယ်။ အမှုန်အမွှားပေမှာနဲ့ ပုရွက်ဆိတ်ရန်ကိုတော့ ကြောက်တယ်။ပုဆိုးပေါ်မှာ ပက်လက်လှန်ရင်းသစ်ပင်ကြီးတွေကို ပင့်ငေးကြည့်မိတာ။ ဘာလို့ ရယ် မသိဘူး။ အပင်တွေကို အဲ့လို ကြည့်ရရင် ကြည်နူးနေတတ်တယ်။ 

အူထဲထိအောင်များ မြူတွေကျခဲ့လေသလား။ ဗိုက်ထဲမှာ မဆာတော့သလို ပြည့်အင့်နေခဲ့တယ်။ စာမေးပွဲပြီးလို့ ကျောင်းတံခါးတွေပိတ် ခေါင်းလောင်းသံတိတ်သွားတာကလည်း တ ကြောင်း တဂါထာ အဖြစ်ပါလိမ့်မယ်။ စိတ်ထဲမှာ ပျော်တယ်။ ရင်ထဲ ထိအောင်ပဲ။ အဲ့ဒါ ၀မ်းထဲထိအောင်များ တိုးဝင်လာလေသလား။ တပို့ တွဲဟောင်းလို့ တပေါင်းဆီပြောင်းရင် ထမင်းပါ မဆာတော့သလိုပဲ။ ခံစားမိတယ်။ ပျော်တယ်။ အဲ့ဒီ့အပျော် တွေနဲ့ ဓာတ်ကူးလို့ သစ်ပင်တွေကိုပင့်ပြီး ငေးကြည့်မိတာ။ အကြာကြီးပဲ။ 

မျက်လုံးတွေ ညောင်းလို့ အိပ်ပျော်သွားတော့ အိပ်ပျော်သွားတယ်ဆိုတာကို နိုးမှပဲသိရတော့တယ်။ အငေးနဲ့ အငိုက်ကြားမှာ ကျနော် မိုက်ခနဲအိပ်ပျော်သွားတတ်တာကိုး။ ထလို့ သိလိုက်တော့ လူတကိုယ်လုံးမှာအမည်းမှုန်တွေပေလို့ ဖွဲပြာမှုန်တွေလေ။ ဟိုဘက် နားမှာရှိတဲ့ ဆပ်ပြာစက်ကထွက်လာတဲ့ အမှုန်တွေပေါ့။ တောင်လေမှာပါလာပြီး ကျနော့်ကိုယ်ပေါ်ကျခဲ့လို့  လူတကိုယ်လုံး အမည်းပြောက်တွေ ဖြစ်ကုန်တာ။

ရင်နှစ်တွေတုန်းက ဒီလိုမဖြစ်သေးဘူး။ စက်ရုံမှ မတည်ရသေးတာ။ အခုတော့ စက်ရုံကရှိနေပြီ။ ဖွဲပြာမှုန်တွေလည်း တောင်လေမှာအလွှတ်မဲ့ လိုက်ပါခွင့် ရနေပြီ။ ကျနော်လည်းနောက်နေ့ တွေ၊နောက်နှစ်တွေမှာဖွဲပြာမှုန်တွေ ပေမှာကြောက်လို့  တိုက်ပန်းနွယ်တွေနဲ့ ဝေးရာမှာပဲနေခဲ့ရပြီ။ ဒါကတဆယ်ပတ်လည်ကာလ။နွေအစတပေါင်းအဆန်းမှာကျနော် ဖြတ်သန်းခဲ့ရတာတွေထဲ က တချို့ တလေ။

(သုံး)

နှစ်ဆယ်ကျော်ကာလတွေမှာ ဘာကိုလုပ်လုပ် ဘာကိုတွေးတွေး အာဂမယုတ္တိတွေကို ကိုးကွယ်တတ်လာပြီ။ ရာသီကို ခံစားတာကအစ ကျမ်းလေးကိုးရမှ ဆိုတာမျိုး ဖြစ်လာတာ။ အဲ့ဒီလိုမှလည်း စိတ်ကကျေနပ်မှုရတယ်။ အဲ့ဒီ့ကျေနပ်မှုတွေထဲမှာ တပေါင်းလဟာ သရမ်းသလိုလိုနဲ့ ဆန်းပါတယ်လေ။ ရတနသုတ်မှာတောင် နွေလေလထဲက ဦးဦးဖျားဖျား တပေါင်းလဟာ တောအုပ်တွေတောင် လှသတဲ့။ သသီရိကောယထာ ကျက်သရေရှိသတဲ့။ ဒါကြောင့်လည်း တပေါင်းသာခေါင်၊ လများနောင်ဝယ်လို့  ဇေယျရန္တာမိတ်က မြနန်းရဝေချီမှာ စပ်ဆိုသွားတာ။ 

ဝဒေးရဲ့ ရတုမှာလည်း ညကား ချမ်းမြေ့၊ နေ့ ကား ပူခြည် တဲ့။ ဂါထာခြောက်ဆယ်ပျို့ မှာတော့ တပေါင်းလကား၊ ချမ်းမြ မသမ်း၊ ပြင်းထန် မပူ၊လွင်မြူ မထောင်းတဲ့။ ဒါက ရှင်အုန်းညို ရေးခဲ့တာ။ ဆယ့်နှစ်ရာသီ လူးတားမှာလည်း တပေါင်းလသာ၊ လ တကာထက်၊ နှိုင်းရာဖက်ရှောင်၊လများနောင်ကား၊ တောင်လည်းသာမော၊ တောလည်းသာထွေ၊ ရေလည်းသာလှ ဆိုပြီး တပေါင်းလကိုအသာဆုံးလို့ စပ်ဆိုထားတာ။ 

ပေါင်းကို အာဂမယုတ္တိတွေမှာ မိန်တဲ့။ မိန်ရာသီကို ရာဇမတ္တဏ်မှာ ငါးရုပ်နှစ်ရုပ်တဲ့။ ဇောတိတတ္တကျမ်း မှာတော့ ငါးကြင်းပွတ်သဏ္ဌာန်တဲ့။ အနောက်ဘက်က လူတွေကလည်း မိန်ရာသီကို ငါးကြင်းရုပ်နှစ်ကောင်နဲ့  ဖော်ပြထားတယ်။ တပေါင်းမှာ ငါးတွေ ပျော်တယ်တဲ့။ မိန်ရာသီကို ငါးတွေ နှစ်ခြိုက်ကြတယ်။ ဒါကြောင့် မိန်ဆိုတာ ငါးတဲ့။

ကြောင်ကိုခေါ်တဲ့ မီ-မီ-မီဆိုတာတကယ်တော့ မိန်-မိန်-မိန်လို့ ခေါ်တာ။ ငါးကြော်ကြိုက်တဲ့ ကြောင်ကိုမိန်- မိန်-မိန်လို့ ခေါ်တာဟာ ငါးစားလှည့်ဆိုတဲ့သဘော။ ဒါပေမယ့် အာဂမဟာလက်တွေ့ ထဲမှာတခါတခါ တက် တက်စင်လွဲသွားတတ်တာကိုတွေ့ ရတယ်။ အဲ့ဒီ့အခါကျ သီအိုရီအပေါ်ဆီပဲ တိမ်းညွှတ်ရတော့မလား။ လက်တွေ့  နောက်ကိုပဲ ဖဝါးထပ်ချပ်ရတော့မလားဆိုတာ မကွဲဘူး။ မိန်ရာသီလိုပဲ။ ရောနေတယ်။ အပူနဲ့ အအေး ရောနေသလိုမျိုး။ သီအိုရီနဲ့ လက်တွေ့ ကို တလှည့်စီ ခံစားနေရတယ်။

(လေး)

သုံးဆယ်မှာ အစွန်းထွက်လာတော့ ကျနော် ကျောင်းဆရာဖြစ်နေပြီ။ မြစ်ကမ်းနဖူးက တွဲဖက်အထက်တန်းကျောင်းလေးမှာ မြန်မာစာတွေ သင်နေတာ။ ကျောင်းလေးက ပေါင်းလောင်းမြစ် ကမ်းနဖူးပေါ်မှာရှိတယ်။ ကျောင်းနံဘေးမှာ တံတားလေးတစင်း။ အဲ့ဒီ့ မျောတံတားရှည်ရှည်လေးက မြစ်ရေပေါ်မှာ အရှေ့ အနောက်ကို ဆန့် တန်းလို့ ။ တံတားတစိပ်တပိုင်းကို ကုက္ကိုရွက်စိပ်စိပ်တွေက အေးရိပ်ပေးထားတယ်။ အဲ့ဒီ့ရေစပ်မှာ အ၀တ်လျှော်တဲ့သူ၊ ရေချိုးရေကူးတဲ့သူ၊ ကွမ်းရွက်ထမ်းတောင်းကိုချလို့ အမောဖြေနေတဲ့သူ၊ တံတားကူးမယ့်သူ၊ အိမ်သာလို့ ဧည့်လာနေတဲ့သူတွေနဲ့ အစုံပဲရှိနေတယ်။

ဒီနေရာဟာ တခါတုန်းက ဆိပ်ကမ်းသာတဲ့။ ကျနော့်အတွက် ဒီနေရာဟာ စုတ်ကော လာဘ်ကော ၀င်တဲ့နေရာ။ အောင်မြေနင်းခဲ့တဲ့ နေရာလေ။ အဲ့ဒီ့ နေရာမှာ ကျနော့်ဘ၀ကို မျှော်လင့်မထားတဲ့ အခြားတခုနဲ့ စခဲ့တာ။ မျှော်လင့် မထားဘူးဆိုတာက ကျောင်းဆရာလုပ်မယ်လို့  မျှော်လင့်မထားတာ။ လူပျိုကြီးဘ၀န့ပဲနေမယ်လို့ မျှော်လင့်ထားတာ။ ဒါပေမယ့် ဒါတွေအားလုံး ပြိုကျခဲ့ရတယ်။ ကျနော့်အောက် (၁၄)နှစ်လောက်ငယ်တဲ့ ကောင်းမလေးတယောက်ကို တိတ်ဆိတ်စွာချစ်ခဲ့တာ။ မျိုသိပ်ကာချစ်ခဲ့တာ။ 

ဒါပေမယ့်လည်း အဲ့ဒီ့ အချစ်သိုဝှက်စခန်းကြီးဟာ နွေဦးမှာ တစခန်းထခဲ့ရတယ်။ ဒီတပေါင်းမှာပဲ တော်လှန်ရေးနိမိတ်တွေ ပြခဲ့လို့ ရန်ကုန်သွားပြီး မင်္ဂလာဖိတ်စာတွေ ရိုက်ခဲ့ရတဲ့ထိ ကျယ်လောင်စွာဟစ်ကြွေးချခဲ့တာ။ ဒီတုန်းက နွေဦးဟာ ကျနော့်ကို ရူးသွပ်သွားစေဖူးတယ်။ ကုက္ကိုရွက်တွေ ကြွေချသလိုမျိုး၊ သတိရတာတွေက ဒလဟောကို သည်းချနေခဲ့တာ။ ချစ်ဦးချစ်ဖျားကာလ နွေဦးဟာ လေရူးတင် မကတော့ပါဘူးလေ။ ကျနော့်ကိုပါ ထည့်တွက်လို့ ရတော့တာ။ ဒါက အသက်သုံးဆယ်ကျော်ကာလ ၀က်သက်နွေဦးတွေ။

(ငါး)

ခုလည်း တပေါင်းနွေဦးအောက်မှာ ကျနော် ၄၉ ကြိမ်မြောက် ရောက်နေမိပြန်ပါပြီ။ မနက်ဖြန်မှာ တပေါင်းလက ဆန်းတော့မှာ။ ဒါကို သကြားပင်လေးတွေအောက်မှာ ထိုင်ကာငေးရင်း တွေးကြည့်နေတာ။ တဆယ်ပတ်လည် ကာလတွေတုန်းကလည်း တပေါင်းလရောက်ပြီလို့ သိတဲ့စိတ်၊ နှစ်ဆယ်ပတ်လည်တွေမှာလည်း ဒီလိုပဲ တပေါင်းလရောက်ပြီလို့ သိနေတာပဲ။ သုံးဆယ်ကျော်တဲ့စိတ်မှာလည်း တပေါင်းအသိရှိနေခဲ့တယ်။ တပေါင်းကိုသိတဲ့စိတ်တွေက တူတယ်။ ဒါပေမယ့် တပေါင်းကိုခံစားမိတာတွေကျတော့ မတူတော့ပြန်ဘူး။ 

ဒါတွေကို အဘိဓမ္မာအတွေးမှာတော့ စေတသိတ်တဲ့။ စိတ်တွေကိုချယ်လှယ်တဲ့ စေတသိတ်။ သူချယ်လှယ်တော့ အာရုံရဲ့ အရသာတွေကိုခံစားတတ်တဲ့ ဝေဒနာတွေ ပေါ်လာတာပေါ့။ ဒါကို ဝေဒနက္ခန္ဓာလို့ ခေါ်တယ်တဲ့။ ဝေဒနာတွေကို စုပေါင်းထားတာ။ ဒီလိုဆိုတော့ ကျနော် တရားပေါက်နေတာမဟုတ်ပါဘူး။ အဘိဓမ္မာဟာ ကျနော်နဲ့ အဝေးဆုံးမှာ ရှိနေတုန်းပါပဲ။ ဒါပေမယ့် တပေါင်းတခုတည်းမှာပဲ ဝေဒနာတွေ စုံတယ်ဆိုတာလောက်တော့ သဘောပေါက်နေတယ်။ 

ကိုယ် ချမ်းသာတဲ့ သုခ။ ကိုယ် ဆင်းရဲတဲ့ဒုက္ခ။ စိတ်ချမ်းသာတဲ့ သောမနဿ။ စိတ်ဆင်းရဲတဲ့ ဒေါမနဿ။ ပြီးတော့ ဘာမှ မဖြစ်တတ်တဲ့ ဥပေက္ခာဝေဒနာ။ ဒါတွေအားလုံး မိန်မှာရှိနေတယ်။ ခုပဲကြည့်လေ။ သကြားရွက်တွေ ကြွေနေကုန်ပြီ။ အကိုင်းမှာ၊ အခက်မှာ၊ အလက်မှာ နေသူနည်းသွားပြီ။

ကြွသူတွေက မြေပြင်မှာ ဒုနဲ့ဒေး။ ကြွေဟန်ပြင်တွေက ပင်ယံထက် မြအရွက်မှာ အဝါတွေဖက်လို့ ။ အကုန်ကြွေမှာပဲလေ။ ဒါဟာ သဘာဝဓမ္မ။ ဒီဓမ္မဟာ အဟောင်းစွန့် လို့  အသစ်တွေဝေတာလား။ အသစ်ဝေဖို့ အဟောင်းတွေကို ကျဉ်ပစ်တာလား။ အညမညလား။ ကျနော်ကကော အဟောင်းလား၊ အသစ်လား။

နှစ်က အဖေဆုံးသွားတယ်။ မြေပြင်မှာ ကြွေနေတဲ့ သစ်ရွက်တွေလိုပေါ့။ အမေကျတော့ အခုနေမကောင်းဖြစ်နေပုံက ကြွေဟန်ပြင်နေတဲ့ သစ်ရွက်ပဲ။ မနက်ဖြန်ဆို ကျနာ့်သားလေး (၄)တန်းစာမေးပွဲဖြေရတော့မယ်။ ဒါက နောက်ဝေတော့မယ့် အညွန့် အဖူး။ 

ကျနော်ကကော။ မြေပြင်မှာလည်း မရှိဘူး။ ပင်ယံမှာလည်း ကျနော့်ကို မတွေ့မိဘူး။ နောက်ဝေမယ့် သစ်ရွက်လည်း ကျနော်မဟုတ်ဘူး။ ဒါဆို ကျနော် ဘယ်မှာလဲ။ တပေါင်းနွေကိုခံစားရင်း တပေါင်းထဲမှာ ကျနော် ပျောက်နေတယ်။

ကျော်ထင်