ဆောင်းဝင်းလတ် – ကဗျာရေးတဲ့
ဆရာမောင်သွေးသစ်နဲ့
မှတ်မှတ်ရရစကားပြောဖြစ်ခြင်း

လက်နက်အားကိုးနဲ့
တိုင်းပြည်ရဲ့ အုပ်ချုပ်မှုအာဏာကို
သိမ်းပိုက်ရယူဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ကြီးပွားဖို့ဆိုရင်
ငြိမ်းချမ်းရေးရရှိမှသာ ဧကန် ဖြစ်နိုင်မှာပါ။

ကျွန်တော်တို့
စာပေသမားတွေ အားလုံးကလည်း
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့
ငြိမ်းချမ်းရေး အလံတော်ကို ဆက်လက်လွှင့်ထူပြီး
မနက်ဖြန်မှာ ငြိမ်းချမ်းရေး ရရှိဖို့
ရေးသားတောင်းဆိုရမယ့် တာဝန်တွေရှိပါတယ်။

.

အစ်ကိုက ဆောင်းပါးတွေလည်းရေးတယ်။ စိတ်ခံစားမှုပေါ်တဲ့အခါ ဝတ္ထုလည်းရေးတယ် ဆိုတာ ကျွန်တော် တွေ့နေ ဖတ်နေရတယ်လေ။  “ ဇီးကွက်မောင်နှံ ” ဆိုတဲ့ ဝတ္ထုတိုကို ဘယ်လို ခံစားမှုနဲ့ ရေးဖြစ်ခဲ့တာလဲ အစ်ကို။

လွတ်လပ်ခြင်းရဲ့ သဘောသဘာဝကို ဦးတည်ပြောချင်တဲ့ သဘောပါတယ်။ အမရပူရ တောင်သမန်အင်းစောင်းမှာ ဇီးကွက်မောင်နှံကို လှောင်ချိုင့်သွင်းရောင်းနေတာတွေ့ရတော့ အိမ်က သမီးအတွက် ဈေးကြီးပေးဝယ်လိုက်တာ။ ပြီးတော့ မြန်မာတွေအယူအဆက ဇီးကွက်ရုပ်ကိုဆောင်ရင် စီးပွားလာဘ်လာဘ အောင်တယ်လို့ ယုံကြည်ယူဆနေကြတော့ .. ရန်ကုန်အိမ်ကို တကူးတက သယ်လာတာပေါ့ဗျာ။ 

အိမ်ရောက်တော့ ပြဿနာ စတက်တော့တာပါပဲ။ ဇီးကွက်ဆိုတာ နေ့မှာ အိပ်ပြီး ညပျော်ငှက်တွေ၊ အခု အိမ်ရောက်တော့ နေ့မှာ သူတို့ခမျာ ပတ်ဝန်းကျင်က လူသံ၊ ကားသံတွေနဲ့ အိပ်မရတော့ဘူး။ ည အပြင်ထွက် ပျံသန်းရမယ့် သဘာဝအရမဟုတ်ဘဲ လှောင်ချိုင့်စံ ဘဝကိုရောက်နေရပြီး တညလုံး အပြင်ပြန်ထွက်ဖို့ တောင်ပံခတ် ကြိုးပမ်းနေတာ သိရတော့ သူတို့ရဲ့ ပင်ကိုယ်သဘာဝကို ဆန့်ကျင်ပြီး ချုပ်နှောင်မထားသင့်တော့ဘူးလို့ ယူဆပြီး ကန်တော်ကြီးစောင်းက တောအုပ်ဆီသွားပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

စိတ်ထဲမှာ ခံစားချက်က အစိုးရဟောင်းက မတရားဖမ်းဆီး ချုပ်နှောင်ထောင်ချခံထားရရှာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေကို နောင်တက်လာမယ့် အစိုးရလက်ထက်မှာ နှောင်ကြိုးမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးစေချင်တဲ့သဘောဖြစ်ပေါ်လာတယ်။ သခင်အဟောင်းကလည်း ချုပ်နှောင်၊ သခင်အသစ်ကလည်းဆက်ပြီး ချုပ်နှောင်တာမျိုး အစိုးရအဆက်ဆက် နိုင်ကျဉ်းအဖွဲ့ဝင်တွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအားလုံးကို ထောင်ဗူးဝ တံခါးမကြီး ဖွင့်လှစ်ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝ ရရှိခံစားစေချင်တဲ့ ဦးတည်ချက်နဲ့ “ ဇီးကွက်မောင်နှံ ” ဝတ္ထုကိုရေးဖြစ်ခဲ့တယ်။

ကဗျာဆရာမောင်သွေးသစ်နှင့်
စာရေးဆရာဆောင်းဝင်းလတ်

အစ်ကိုနဲ့အတူ စာပေဟောပြောပွဲ တချို့ ကျွန်တော်သွားတိုင်း မျက်ရည်တွေရစ်ဝိုင်း၊ စကားသံတွေ ဆို့နင့်ပြီး အစ်ကိုရွတ်ဆိုလေ့ရှိတဲ့ ကဗျာတပုဒ်ကို သတိထားမိပါတယ်။ “ ပင်းဘောဘူတာကဗျာ “ ပေါ့အစ်ကို။ ဒီကဗျာကိုရေးဖြစ်ခဲ့တဲ့ အစ်ကို့ရဲ့ ခံစားမှုလေးကိုလည်း သိပါရစေ။

နာက်ခံ အကြောင်းရင်း အဖြစ်မှန်က ၁၉၇၄ ခုနှစ်က ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ထဲက ရှမ်းရွာကြီးတရွာဖြစ်တဲ့ “ ပင်းဘော ” မှာ စာပေဟောပြောပွဲ ကျင်းပတယ်။ “ ပင်းဘော ” ကနေ မြောက်ဘက် နမ္မတီးသကြားစက်ကို ပွဲကူးဖို့ ရထားစောင့်နေတုန်း တနေကုန်အထိ ရထားက ရောက်မလားဘူး။ ဘာကြောင့်ရောက်မလာမှန်းလဲ မသိဘူး။ ဘူတာမှာ ခရီးသွားတွေက ရထားကိုစောင့်နေကြတာ တော်တော်များတယ်။ 

ကျွန်တော် စဉ်းစားမိတာက ဒီဒေသခံတွေက သွားလာစရာဆိုလို့ ရထားကိုပဲ အားကိုးနေရတာ .. ကားလမ်းကသွားဖို့ ဆိုတာကလည်း လက်နက်ကိုင်အဖွဲ့တွေကလည်း ထိန်းချုပ်ထားတာ။ ရေလမ်းလေကြောင်းလမ်းကလည်းမရှိ။ အခုလို ရထားက အချိန်မမှန်။ တွဲချော်တာ၊ စက်ခေါင်းပျက်တာ၊ မိုင်းထိတာတွေနဲ့ ကြုံရင် ခရီးသွား ဒေသခံတွေအဖို့ အဲ့ဒီ့ရထား လမ်းကြောင်းပေါ်မှာပဲ အချိန်တွေ နစ်နာကုန်ဆုံးစေတာ မကြာခဏဆိုတာ ကြားသိရတော့ ဒီတလမ်းမောင်းစနစ်က ဒေသခံတွေအတွက် အတော်ဒုက္ခရောက်တာကို စဉ်းစားမိတယ်။

ဒါကိုအခြေခံပြီး စိတ်ကူးထဲမှာ အတွေးတခု ဝင်လာတယ်။ ၁၉၇၄ ခုနှစ်ကာလက မ.ဆ.လ တပါတီ အာဏာရှင်စနစ် အုပ်စိုးနေတာ။ ပြည်သူလူထုအားလုံး တပြည်လုံး အကျပ်အတည်းတွေ့နေတဲ့ ခေတ်ဆိုးခေတ်ကျပ်။ ရုန်းကန်တော်လှန်ဖို့၊ ခေတ်စနစ်ပြောင်းဖို့ ကြံစည်ကြိုးစားသူ ရဟန်းရှင်လူ ၊ကျောင်းသားကျောင်းသူတွေဟာ မတရားသင်းပုဒ်မနဲ့ အဖမ်းအဆီး ခံနေကြရတာ။ ဒီမိုကရေစီကို လိုလားသူ မှန်သမျှ တပါတီ အာဏာရှင်တွေက နည်းမျိုးစုံနဲ့ မျိုးဖြုတ်သုတ်သင်နေတဲ့ အချိန်

အခု တလမ်းမောင်း ရထားလမ်း စနစ်ကြောင့် ဒေသခံပြည်သူတော်တော်များများက အစဉ်ထာဝရ ဒုက္ခ ရောက်ကြသလို တပါတီ အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ် တင်းကျပ်မှုတွေအောက်မှာ ဒီမိုကရေစီကို လိုလားသူတွေ အတော်များများရဲ့ လူမှုဘဝတွေ ပျက်စီးစေခဲ့တာအမှန်ပဲ။

ဒီလိုနှိုင်းယှဉ်စဉ်းစားမိရင်း မြစ်ကြီးနား အဆန်ရထားကိုစောင့်ရင်း ကိုယ်ဝန်ဆောင် မိန်းမငယ်တဦး အသက်ဆုံးရှုံးသွားတာကို တင်စားဖွဲ့နွဲ့ရင်း .. မ.ဆ.လ တပါတီ အာဏာရှင် လက်ထက်မှာ ဒီမိုကရေစီခေတ်ပြောင်းကို စောင့်ရင်း .. စောင့်ရင်း ဒီမိုကရေစီ သန္ဓေလောင်းတွေ ကျဆုံးခဲ့၊ ဆုံးရှုံးခဲ့ရပါလား ဆိုတဲ့ ယှဉ်တွဲ ခံစားစိတ်နဲ့ “ ပင်းဘော ” ကဗျာကို ရေးဖြစ်ခဲ့တာပါ။

စာနယ်ဇင်းလောကမှာ “ ဆရာမောင်သွေးသစ် ” ဆိုတာကို ကဗျာဆရာ၊ စာရေးဆရာ တယောက်အပြင် ဝါရင့် သဘာရင့် စာနယ်ဇင်း အယ်ဒီတာတယောက်လို့လည်း ထင်ထင်ရှားရှား လူသိများပါတယ်။ အစ်ကို အယ်ဒီတာအဖြစ် ဆောင်ရွက်ပေးခဲ့ရတဲ့“ မိုးဝေစာပေမဂ္ဂဇင်း” နဲ့ စာပေဂျာနယ်တွေကို ဘာဖြစ်လို့ လုပ်ကိုင်ပေးခဲ့ရတာလဲခင်ဗျာ။ အကြောင်းရင်း လေးသိပါရစေ။

မိုးဝေစာပေ မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဆရာနတ်နွယ်ရဲ့ ယုံကြည် စိတ်ချမှုအရ “ တာဝန်ခံ အယ်ဒီတာ ” တာဝန်ယူခဲ့ရပါတယ်။ ၁၉၈ဝ ခုနှစ်ကပေါ့ဗျာ။ အယ်ဒီတာကောင်းတယောက်ရဲ့ အရည်အချင်း၊ အရည်အသွေးနဲ့ မဂ္ဂဇင်းမူဝါဒကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ပုံဖော်ဆောင်ရွက်တဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို ဆရာနတ်နွယ်ဆီက လက်ဆင့်ကမ်း အမွေဆက်ခံခွင့်ရရှိခဲ့ပါတယ်။

အယ်ဒီတာကောင်းတယောက် ဖြစ်ဖို့ဆိုတာ စာမူရွေးချယ် ဆုံးဖြတ်တဲ့အပိုင်းမှာ သတ္တိရှိရမယ်။ ပြတ်သားရမယ်။ ပုဂ္ဂိုလ်ရေးထက် စာမူအရည်အသွေးကို ဇောင်းပေးရှုမြင်ရမယ်။ ကလောင်သစ်တယောက်ရဲ့ စာမူကောင်း တပုဒ်ကို သုံးရဲဖို့ ခွန်အားရှိဖို့လိုသလို၊ မျက်နှာသိ တယောက်ရဲ့ အရည်အသွေးမမီတဲ့ စာမူကို လူချင်း ချစ်ခင်ရင်းနှီးမှုကို စံမထားဘဲ ပြတ်ပြတ်သားသား ပယ်ရဲရမယ်။

ယ်ဒီတာတယောက်က သူ့ထံရောက်လာတဲ့ စာမူအားလုံးကို အလေးထားဖတ်ရှုရမယ်။ သုံးဖြစ်တယ်ဆိုရင် ဘာကြောင့်သုံးဖြစ်တယ်။ မသုံးဖြစ်ဘူးဆိုရင်လည်း ဘာကြောင့် မသုံးဖြစ်ဘူး ဆိုတဲ့ သုံးသပ်ချက်အဖြေကို စာမူပိုင်ရှင်ကို ပြန်ပြောနိုင်တဲ့ အနေအထားမျိုးမှာ ရှိနေရမယ်။

ဒီလို အယ်ဒီတာကောင်းတယောက်မှာ မလွဲဧကန်ရှိသင့်တဲ့ စရဏတရားတွေကို ဆရာ နတ်နွယ်ဆီက အမွေခံအဖြစ် လက်ခံရပြီးတဲ့နောက်မှာ “ လူကိုမရွေး စာကိုရွေးမည် ” ဆိုတဲ့ မူကို ဆုပ်ကိုင်ပြီး အယ်ဒီတာအဖြစ်နဲ့ ရပ်တည် ကျင်လည်ခဲ့ရတာ ကနေ့ ကာလအထိပါပဲ။

ကနေ့ မျိုးဆက်သစ် အယ်ဒီတာတွေကို စေတနာစကားနဲ့ အမှာစကားပြုချင်တာကတော့ မဂ္ဂဇင်းမူဝါဒနဲ့ ပတ်သက်လာရင် ဘယ်သူ့မျက်နှာမှ ငဲ့ကွက်စရာမလိုဘဲ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်သွားရင် သမိုင်းကြောင်းကောင်းတဲ့ အယ်ဒီတာ တဦးဖြစ်လိမ့်မယ် ဆိုတာပါပဲ။

အစ်ကိုရေ .. ဒီနေ့အထိ မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးကို ပြည်သူလူထု အများစုက လိုလို လားလား တောင့်တောင့်တတ အများကြီး မျှော်လင့်နေကြတုန်းပါပဲ။ ဒီအတွက်လည်း အနုပညာသမား အားလုံးလိုလိုပဲ .. ငြိမ်းချမ်းရေးကို ကြိုဆိုနေကြတယ်လေ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အစ်ကို့ရဲ့ မျှော်လင့်ခြင်း စိတ်ဆန္ဒ ခံစားမှုလေးကိုလည်း သိပါရစေခင်ဗျာ။

လွတ်လပ်ရေးနဲ့ ပြည်တွင်းစစ်က ဒင်္ဂါးပြားတပြားရဲ့ ခေါင်းနဲ့ပန်း။ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်း ကျောခြင်းကပ်ပြီး နှစ်ပေါင်း ၇ဝ ကျော် ကျောခိုင်းခဲ့ကြတာပါပဲ။ ၄၈ ခုနှစ်မှာ တိုင်းပြည်လွတ်လပ် ရေးရတယ်။ အဲဒီ့နှစ်ထဲမှာပဲ ပြည်တွင်းစစ် ဖြစ်ပွားတော့တာပဲ။ ခြုံကြည့်လိုက်ရင် ပြည်သူတွေလည်းနာ .. တိုင်းပြည်လည်းနာတာ လက်တွေ့ပဲ။ ဒါကို မနှစ်မြို့လို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကိုယ်တိုင် ပြည်တွင်းစစ် အမြန်ရပ်စဲရေး လေးချိုးကဗျာကြီးတွေရေးပြီး တောင်းဆို၊ နယ်တကာလှည့်ပြီး ပြည်တွင်းငြိမ်းချမ်းရေး မနှေး အမြန်ရရှိရေး တရားတွေ ဟောပြောခဲ့တာပဲ။

စာပေမျိုးဆက်အနေနဲ့ပြောရင် ဆရာဒဂုန်တာရာ၊ ဆရာဒေါင်းနွယ်ဆွေ၊ ဆရာနေသွေးနီတို့ကအစ .. ကျွန်တော်တို့လက်ထက်၊ အခုကာလတိုင် ပြည်တွင်းစစ် အမြန်ရပ်စဲဖို့၊ ဘုံငြိမ်းချမ်းရေးရရှိဖို့၊ ကဗျာတွေ အများကြီး ရေးဖွဲ့ခဲ့ကြတာပါပဲ။ ကနေ့ကာလအထိ ငြိမ်းချမ်းရေး အပေါင်းလက္ခဏာ ရောင်ခြည်က လင်းရောင်မသန်းသေးဘူး။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရအဖွဲ့ကလည်း ၂၁ ရာစု ပင်လုံညီလာခံကြီးကို အလေးအနက် ထားပြီး ဦးဆောင်ကျင်းပနေသလို လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့ ညှိနှိုင်းဆွေးနွေးပွဲတွေ အရှိန်အဟုန်မပျက် ကျင်းပဆွေးနွေးနေကြတာပဲ။

နေ့ကာလကြီးမှာ လက်နက်အားကိုးနဲ့ တိုင်းပြည်ရဲ့ အုပ်ချုပ်မှုအာဏာကို သိမ်းပိုက်ရယူဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ကြီးပွားဖို့ဆိုရင် ငြိမ်းချမ်းရေးရရှိမှသာ ဧကန် ဖြစ်နိုင်မှာပါ။ ကျွန်တော်တို့ စာပေသမားတွေ အားလုံးကလည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေး အလံတော်ကို ဆက်လက်လွှင့်ထူပြီး မနက်ဖြန်မှာ ငြိမ်းချမ်းရေး ရရှိဖို့ ရေးသားတောင်းဆိုရမယ့် တာဝန်တွေရှိပါတယ်။

ကဗျာဆရာ၊ အယ်ဒီတာ
ဆရာမောင်သွေးသစ်

ဒီနေ့ စာနယ်ဇင်းလောကထဲကို ဝင်လာကြပြီး အစ်ကိုတို့ ကျွန်တော်တို့ရဲ့ ပုခုံးပြောင်း တာဝန်ကို ယူကြတော့မယ့် လူငယ်စာနယ်ဇင်းသမားတွေ၊ အယ်ဒီတာတွေအပေါ်မှာ အစ်ကို့ရဲ့ အမှတ်တရ အမှာစကားလေး ချီးမြှင့်ပြောပြပေးပါဦး ခင်ဗျာ။

အယ်ဒီတာကောင်းဖြစ်ဖို့ –
စာပေဝမ်းစာပြည့်ရမယ်။
နိုင်ငံရေးအသိ နိုးကြားရမယ်။ 
ကမ္ဘာ့ပြောင်းလဲမှု ဖြစ်စဉ်တွေကို လေ့လာသုံးသပ်ရမယ်။ 
အမှန်တရားနဲ့ ပြည်သူတွေဘက်က အရဲအဝံ့ ရပ်တည်ရဲရမယ်။ 
အုပ်စုဖွဲ့ ဂိုဏ်းဂဏ ထူထောင်ပြီး စာမျက်နှာ ဖွဲ့စည်းမှုတွေကို ရှောင်ကြဉ်ရမယ်။ 
စာရေးသူတွေအပေါ်မှာ ကိုယ်ချင်းစာတရား ထားရှိရမယ်။ 
စာဖတ်သူအပေါ်မှာ လေးစားတန်ဖိုးထားမှု အပြည့်ရှိရမယ်။ 

အယ်ဒီတာက အယ်ဒီတာကောင်းတယောက် ဂုဏ်သိက္ခာကို ဦးထိပ်ထား ပန်ဆင်ကြမယ်ဆိုရင် စာဖတ်သူအများက လေးစားခြင်း၊ အသိအမှတ်ပြုခြင်း ခံယူနိုင်တဲ့ “ အယ်ဒီတာကောင်း ” တွေ ဖြစ်ပါစေလို့ စေတနာရှေ့ထား .. တိုက်တွန်းလိုက်ပါတယ်။ 

ဆောင်းဝင်းလတ်