ကိုအောင်မှိုင်း

သမိုင်းတန်ဘိုးများ ကျိုးပဲ့ခြင်း (အပိုင်း-၁)

အပိုင်း ( ၁ )

(သမိုင်း။ န – နိုင်ငံ၊ လူမျိုး၊ အဆောက်အအုံ စသည်၏ ဖြစ်စဉ်။ ယင်းကိုလေ့လာသောပညာရပ်။ [ ပါ ၊ သမ္မုတိ ] လို့ မြန်မာ အဘိဓါန်မှာဆိုထားပါတယ်။)

ဆိုလိုတာက သမိုင်းဆိုတာ ဖြစ်စဉ်တွေလို့ ကျနော်တို့ အနက်ဖွင့်ကြမယ်ဆိုရင် မှားမယ်မထင်ပါ။ လူတဦးတယောက် ဖြစ်စေ အဖွဲ့ အစည်းတခုဖြစ်စေ နိုင်ငံတခုဖြစ်စေ နိုင်ငံအများဖြစ်စေ ဖြတ်သန်းခဲ့ကြတဲ့ဖြစ်စဉ်တွေဟာ အမှန်တကယ် ပကတိဘာဝ တည်ရှိနေကြတာဘဲဖြစ်ပါတယ်။ ကောင်းကြတာတွေဖြစ်တည်ခဲ့ကြသလို မကောင်းတာတွေလဲ အမှန်တ ကယ်ဖြစ်တည်ခဲ့ကြတာပါဘဲ။ ဒီဖြစ်စဉ်တွေကို မျိုးဆက်တွေတဆက်ပြီးတဆက်သယ်ဆောင်လာခဲ့ကြရင်း လူ့အဖွဲ့  အ စည်းဟာ ကနေ့ထိဖြစ်ထွန်းတိုးတက်လာခဲ့ရတာဘဲဖြစ်ပါတယ်။ ဒါဟာလူ့အဖွဲ့ အစည်းရဲ့ သမိုင်းတန်ဘိုးဘဲဖြစ်ပါတယ်။

လူ့အဖွဲ့ အစည်းဟာ သမိုင်းဦးဘုံမြေခေတ်ကစလို့ ကနေ့ခေတ်တိုင်အောင် အလွန်များပြားလှတဲ့ လူမှုတိုက်ပွဲတွေနဲ့  ရင်ဆိုင်ခဲ့ကြရပါတယ်။ အမှားတွေကိုတိုက်ပွဲဝင်ခဲ့ကြရပါတယ်။ ကျနော်ဆိုလိုတာက လူအဖွဲ့ အစည်းအတွက် အကျိုးမပြုတဲ့ တနည်းပြောရင် လူ့အဖွဲ့ အစည်းရဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို အဟန့်အတားဖြစ်စေတဲ့၊ လူ့အဖွဲ့ အစည်းရဲ့  ငြိမ်းချမ်းသာယာမှုကို ဖျက်လိုဖျက်ဆီးဖြစ်စေတဲ့ စနစ်တွေ အဖွဲ့ အစည်းတွေ လူပုဂ္ဂိုလ်တွေအားလုံးကို ဆန့်ကျင်တိုက်ပွဲ ဝင်ခဲ့ကြရတာဘဲဖြစ်ပါတယ်။ ဥပမာ ကျေးပိုင်ကျွန်ပိုင်ရှင်စနစ်က လွတ်မြောက်အောင် ကျေးကျွန်တွေအပါအ၀င် လူ့အဖွဲ့  အစည်းဟာ ကျေးပိုင်ကျွန်ပိုင်ရှင်တွေကို ပြတ်ပြတ်သားသားတိုက်ပွဲဝင်ခဲ့ကြလို့သာ ကျနော်တို့လူသားတွေဟာ ကျေးပိုင် ကျွန်ပိုင်ရှင်စနစ်က လွတ်မြောက်ခဲ့တာဘဲဖြစ်ပါတယ်။ ဒါဟာလဲသမိုင်းထဲကသမိုင်းတန်ဘိုးလို့ ပြောရမှာဖြစ်ပါတယ်။

မိုင်းကိုချဉ်းကပ်တဲ့အခါ အချို့ က ပညာရပ်တခုအဖြစ်ချည်းကပ်ကြသလို တချို့ ကတော့ လူ့အဖွဲ့ အစည်းအမြင်နဲ့ ချည်းကပ်ကြလေ့ရှိပါတယ်။ ဆိုလိုတာက လူအဖွဲ့ အစည်းအပေါ်အကျိုးပြုမှု အကျိုးပျက်မှုတွေအပေါ်က ချဉ်းကပ်လေ့ ရှိပါတယ်။ ဒါကို လူမှုတိုက်ပွဲတွေအဖြစ် ပုံဖော်လေ့ရှိကြသလို မျိုးဆက်အလိုက်နိဂုံးချုပ်မှုတွေ လုပ်နိုင်တဲ့အထိ တိုက်ပွဲ ဝင်လေ့ရှိကြပါတယ်။ ကျနော်ဆိုလိုတာက ကျေးကျွန်စနစ်ဆိုတာ လူ့အဖွဲ့ အစည်းအတွက် တကယ့်အနိဌာရုံတွေဖြစ်ခဲ့တဲ့အတွက် ကျေးကျွန်စနစ်ကို ကုန်စင်တဲ့အထိတိုက်ပွဲဝင်ခဲ့ကြတာကို ဆိုလိုတာပါ။ ကျေးကျွန်စနစ်နဲ့ပတ်သက်တဲ့ အစိတ်အပိုင်းလေးတစိုးတစိမှမကျန်အောင် လူ့အဖွဲ့ အစည်းအနေနဲ့ သုတ်သင်ရှင်းလင်းနိုင်ဘို့ ကြိုးစားအားထုတ်ခဲ့တာပါ။

ဒီနေရာမှာ ကျနော်ထောက်ပြချင်တာက ကျေးကျွန်စနစ်ကို လူ့အဖွဲ့ အစည်းအနေနဲ့ တိုက်ခိုက်တဲ့အခါ ဘက်နှစ်ဘက်ရှိ နေခဲ့တာဟာ ပကတိဘာဝအကြောင်းတရားဘဲဖြစ်ပါတယ်။ ဘက်တဘက်က ထွန်းလင်းတောက်ပတဲ့ လူ့အဖွဲ့ အစည်း တနည်းပြောရရင် ကျွန်သခင်မရှိတဲ့ လူ့အဖွဲ့ အစည်းဖြစ်လိုတဲ့ဘက်နဲ့၊ အခြားဘက်တဘက်ကတော့ ကျေးကျွန်စနစ်ကို ဆက်လက်ထိမ်းသိမ်းထားလိုကြတဲ့ ကျွန်ပိုင်ရှင် အရှင်သခင်တွေဘက်ဘဲဖြစ်ပါတယ်။

ဒါဟာ တိုက်ပွဲပါ”။ ရန် ငါ ပဋိပက္ခ ပါ။ ဒီတိုက်ပွဲမှာ တရားမျှတတဲ့လူ့အဖွဲ့ အစည်းဘက်က အောင်ပွဲခံခဲ့တဲ့အတွက် ကျနော်တို့ကိုယ်တိုင် ကျွန်ဘဝကိုမကျ ရောက်ခဲ့ကြတာလို့ပြောရမှာဖြစ်ပါတယ်။ တကယ်လို့သာ ကျေးကျွန်တွေဘက်ကသာ အောင်ပွဲမခံနိုင်ခဲ့ဘူးဆိုရင် ဒါမှမဟုတ် ကျေးပိုင်ကျွန်ပိုင်ခေတ်သာ ဆက်ရှိနေဦးမယ်ဆိုရင် ကနေ့ဗမာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ကျွန်ဖြစ်မလား ကျွန်ပိုင်ရှင် ဖြစ်မလားဆိုတာ ဘယ်သူမှတပ်အပ်သေချာပြောနိုင်မှာ မဟုတ်တာတော့သေချာပါတယ်။ အသေအချာပြောနိုင်တာကတော့ လူအများစုဟာ ကျွန်ပိုင်ရှင်လူတန်းစားဘဲဖြစ်ချင် ကြမှာသေချာပါတယ်။ ဘယ်လိုလူက ကျွန်ဖြစ်ချင်မှာလဲဗျာ။ ဒါကိုလဲ ကျနော်တို့ သမိုင်းတန်ဘိုးတခုလို့မှတ်တမ်းတင်ကြ ရမှာဖြစ်ပါတယ်။ ပေးဆပ်မှုတွေ အနစ်နာခံမှုတွေ ကိုယ်ကျိုးစွန့်လွှတ်မှုတွေနဲ့ သာ သမိုင်းတန်ဘိုးတွေကို စာမျက်နှာတွေ အဖြစ်ရေးသားခဲ့ကြတာဖြစ်တယ်ဆိုတာတော့ မေ့ပျောက်လို့ဖြစ်တဲ့ကိစ္စတွေမဟုတ်ပါဘူး

ဒီလိုစနစ်တခုကစနစ်တခုကိုပြောင်းတိုင်းဆိုသလိုပါဘဲ ဘေးထွက်ဆိုးကျိုးတွေကို ကျနော်တို့ လူ့အဖွဲ့ အစည်းအနေနဲ့လဲ အလူးအလဲ ခံခဲ့ကြရတာဖြစ်ပါတယ်။ ဥပမာ ကျေးကျွန်စနစ်ကို တိုက်ခိုက်ဖျက်သိမ်းနိုင်ခဲ့ပေမဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ကျေးကျွန်စနစ်ရဲ့  အကြွင်း အကျန်ဖြစ်တဲ့ မြေရှင်ပဒေသရာဇ်စနစ်ကို တခါဖြတ်ကြရပြန်ပါတယ်။ မြေရှင်ပဒေသရာဇ် စနစ်ကို ကျနော်တို့ တိုက်ခိုက်ဖျက်သိမ်းခဲ့နိုင်ကြပေမဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် အရင်းရှင်စနစ်ကို ကျနော်တို့ ဖြတ်ကြရပြန်ပါတယ်။

ကနေ့ ကျနော်တို့တွေ့ နေရတဲ့ ပြဿနာတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တယ်ဆိုတာ ကျနော်ပြောလိုတာပါ။ ဒီမိုကရေစီစနစ်ကိုပြောင်းလဲတည်ဆောက်ကြရာမှာ ဒီမိုကရေစီခေတ်ပြောင်း တော်လှန် ရေးအဖြစ် သတ်မှတ်ပြောဆိုနေကြတာကလဲ ဒီဘေးထွက်ဆိုးကျိုးတွေကို တိုက်ပွဲသဏ္ဌာန် စနစ်တကျ တိုက်ပွဲဝင်ရတာ ဖြစ်လို့ ဒီမိုကရေစီခေတ်ပြောင်းတော်လှန်ကာလို့ သတ်မှတ်ပြောဆိုရတာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို တိတ်တိတ်တမျိုး၊ ဗြောင်တမျိုးဖက်တွယ်ထားလိုတဲ့ အဖွဲ့ အစည်းတွေလူပုဂ္ဂိုလ်တွေကို ပြတ်ပြတ်သားသားတိုက်ပွဲဝင်ရတာဖြစ်ပါတယ်။

ဘောတရားတခုရှိပါတယ်။ “ငြိမ်းချမ်းရေးလိုချင်ရင် စစ်ကိုဆန့်ကျင်ရမယ်။ လူထုကစစ်ကို ပြတ်ပြတ်သားသား မဆန့်ကျင်သရွေ့  စစ်ကလူထုကို ပြတ်ပြတ်သားသား ဖိနှိပ်နေမှာဖြစ်ပြီး စစ်ပွဲတွေလဲရှည်ကြာလာမှာဖြစ်သလို စစ်ပွဲတွေနဲ့ အတူ ပေါက်ဖွားလာတဲ့ စစ်တပ်လူတန်းစားဟာလဲ အခွင့်ထူးခံတွေ ဖြစ်လာလေ့ရှိပါတယ်”။ ဒီဘေးထွက်တန်ဘိုးတွေကို သမိုင်းဆိုင်ရာ အမွေတွေလို့လဲ ပြောလို့ရပြန်ပါတယ်။ ကောင်းမွေတွေရှိသလိုဆိုးမွေတွေလဲရှိပါတယ်

ဒီနေရာမှာ သမိုင်းတန်ဘိုးထဲက အရေးအလွန်ကြီးတဲ့ သမိုင်းအမွေဆိုတာကို ကျနော်တင်ပြလိုပါတယ်။ လူတဦးဖြစ်စေ၊ အဖွဲ့ အစည်းတခုဖြစ်စေ၊ နိုင်ငံတနိုင်ငံဖြစ်စေ ကျနော်တို့သမိုင်းဆိုင်ရာဖြစ်စဉ်တွေကိုဖြတ်သန်းကြရာမှာ သမိုင်းအမွေဆိုတဲ့ တန်ဘိုးဟာ ဘယ်လိုမှဖျောက်ဖျက်လို့မရအောင် ကပ်လျှက်ပါလာလေ့ရှိတာကလဲ သမိုင်းထဲက တန်ဘိုးတခုလို့ ပြောရမှာပါ။ ဥပမာ မိသားစုတခုမှာ မိဘမရှိတော့ရင် မိဘအမွေကို သားသမီးတွေကရကြသလို မိဘရဲ့ ကောင်းမွေဆိုးမွေ တွေကိုလဲ သားသမီးတွေက ငြင်းပယ်လို့မရနိုင်ဘဲ ရရှိခံစားကြရတာ ဓမ္မတာဘဲဖြစ်ပါတယ်။ သူကတော့ သူကြီးသား၊ သူ ကတော့ အရက်သမားသား၊ သူကတော့ကျောင်းဆရာသား စသဖြင့် ကိုယ်မလုပ်တဲ့ အမွေတွေကို တနင့်တပိုးရရှိခဲ့ကြရလေ့ရှိပါတယ်။ ဒါက မိသားစုတစုအတွက် ဖြစ်ပါတယ်။

ဖွဲ့ အစည်းတခု နိုင်ငံတခုအတွက်ဆိုရင်တော့ လူအများဟာ အချို့ ကိစ္စတွေမှာ ပြင်းထန်တဲ့ သမိုင်းဆိုင်ရာအမွေတွေကို ခံကြရလေ့ရှိပါတယ်။ ဥပမာ နာဇီပါတီခေတ်မှာ ဂျူး (၆)သန်း ကျော်ကျော်ကို သတ်ဖြတ်ခဲ့တဲ့ ဂျာမန်လူမျိုးတွေရရှိတဲ့ ဒုတိယကမ္ဘာစစ်သမိုင်းအမွေကတော့ အတော်ကိုခါးသီးနာကျည်းစရာတွေနဲ့ အပြည့်ဖြစ်ခဲ့ပါတယ်။ ကနေ့ ဂျာမန်လူမျိုး တွေဟာ ဒီဒုတိယကမ္ဘာစစ်ကကျူးလွန်ခဲ့တဲ့အမှားကို ဝန်ခံခဲ့ကြသလို ဒါတွေအတွက်လဲ အလွန်အရှက်ရစေခဲ့ကြပါတယ်။

ဒီလိုအမှားတွေ သင်ခန်းစာတွေကို ဖျောက်ဖျက်တာတို့ ဖုံးဖိဖာထေးတာတို့ကို လုံးဝမလုပ်ခဲ့ကြပါဘူး။ မှတ်တမ်းမှတ်ရာတွေကိုလဲ စနစ်တကျသိမ်းဆည်းထားခဲ့ကြကာ လူအများအတွက်ကြည့်ရှုသင်ခန်းစာယူနိုင်အောင် ပြတိုက်များ တည်ဆောက် ပြသထားခဲ့ကြပါတယ်။ နောက်မျိုးဆက်တွေအတွက် ဒီအမှားမျိုးတွကို သင်ခန်းစာယူစေခဲ့တယ်။ ဂျာမန်လူမျိုးတွေအတွက်တင်မဟုတ်ဘဲ လူ့အဖွဲ့ အစည်းကြီးတခုလုံးအတွက် ဆိုးမွေတွေကို နိဂုံးချုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အင်မတန် အတုယူစရာကောင်းတဲ့ အတွေးအခေါ် အမြင်အယူအဆဖြစ်ပါတယ်။

ကျနော်ပြောချင်တာက အဖေကအရက်သမားမို့ သားလဲအရက်သမားဖြစ်ရမယ်။ အဖေသူခိုးမို့ သားလဲသူခိုးဖြစ်ရမယ်ဆိုတာကတော့ ကာယကံရှင်တွေနဲ့ဘဲ ပတ်သက်တဲ့ ကိစ္စဖြစ်ပါတယ်။ အဖေအရက်သမားဖြစ်ပေမဲ့ သားကဘုရားလူကြီး ဂေါပကဖြစ်နေတာတွေ၊ အဖေသူခိုးဖြစ်ပေမဲ့ သားကလူကြည်ညိုစရာ ဘုန်းတော်ကြီးဖြစ်နေတာတွေလဲ လူ့ဘဝအခင်းအကျင်းမှာ တွေ့ကြရမှာဖြစ်ပါတယ်။ ကျနော်ပြောလိုတာက ဗမာပြည်မှာ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ခဲ့ပါတယ်။ ရာစုနှစ်တစုနီးပါးကို ကျနော်တို့ ဖြတ်သန်းခဲ့ကြရပါတယ်။ စစ်တပ်ရဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေ ဗိုလ်ကျစော်ကားမှုတွေ၊ လူထုကိုကျွန်တွေလိုသဘောထားဆက်ဆံခဲ့တာတွေဟာ ရာစုနှစ်တစုနီးနီးကိုကြာညောင်းခဲ့ပါတယ်။ ဘယ်လိုဘဲဆိုစေ ကနေ့တပ်မတော်ဟာ ဒီဆိုးမွေကို အမှန်တကယ်ကိုခံကြရမှာဖြစ်ပါတယ်။

မာ့တပ်မတော်အနေနဲ့ ဒီအမွေဆိုးကိုမလွဲမသွေခံကြရမှာဖြစ်သလို အသိအမှတ်ပြုကြရမှာဖြစ်ပါတယ်။ ဒီဆိုးရွားလှတဲ့ သမိုင်းကို ဖျောက်ဖျက် ဖာထေးလို့မရနိုင်ပါဘူး။ အမှန်အတိုင်း အမှန်တရားကို လက်ခံဘို့လိုပါတယ်။ ဆိုးရွားလှတဲ့ စစ်အာဏာရှင်စနစ်ကို ကနေ့တပ်မတော်က အရာရှိအရာခံတွေ ကြားချင်မှာမဟုတ်တာသေချာပါတယ်။ ဒါကြောင့် လွတ်တော်မှာ အာဏာရှင်စနစ်ဆိုတဲ့အသုံးအနှုန်းကို ကန့်ကွက်ကြဟန်တူပါတယ်။ အရက်သမားသားဘဝက ဘုရားလူကြီးဘဝ ရောက်ရတာက အရက်သမားသားဆိုတဲ့ အမွေဆိုးကို ဖုံးကွယ်လိုက်ရုံနဲ့ ရောက်သွားတာ မဟုတ်ပါဘူး။ ကာယကံရှင်ကိုယ်တိုင် အမွေဆိုးကို အမွေကောင်းဖြစ်အောင်ဆောင်ရွက်တဲ့ကောင်းမှုကြောင့်လို့ ကျနော်တော့ထင်တယ်။ ကနေ့ဗမာ့တပ်မတော်မှာရှိတဲ့ အရာရှိ အရာခံ အကြပ် တပ်သားတွေဟာ အမွေဆိုးကနေအမွေကောင်းဖြစ်အောင်လှည့်ပြောင်းရမှာက ဗမာ့တပ်မတော်တခုလုံးရဲ့ တာဝန်ဖြစ်တယ်ဆိုတာကို သတိချပ်ဘို့လိုပါတယ်။

ကျနော်တို့အမြင်ကတော့ ကနေ့ဗမာ့တပ်မတော်အနေနဲ့  လူထုဘက်မျက်နှာမူလိုက်တာနဲ့  တိုင်းပြည်ရဲ့ အခြေအနေ ချက်ခြင်းလှည့်ပြောင်းသွားနိုင်စရာ အချက်အလက်တွေ ထုနဲ့ထည်နဲ့ကို ရှိနေလို့ပါဘဲ။ လူထုထောက်ခံတဲ့အစိုးရရယ်၊ တိုင်းပြည်အတွက် အနစ်နာခံမဲ့လူထုရယ်၊ အစိုးရအပေါ် နားလည်စာနာနိုင်တဲ့ တိုင်းရင်းသားပြည်သူတွေရယ်၊ တိုင်းပြည်ရဲ့ ရေခံမြေခံ ပထဝီဝင်အနေအထားနဲ့ သယံဇာတတွေ ရယ်၊ မြန်မာပြည်ကိုကူညီချင်တဲ့ နိုင်ငံရပ်ခြားကပြည်သူတွေရယ်ပေါ့ဗျာ။ ဒါတွေဟာ လက်တွေ့တကယ်ကို ရှိနေကြပါတယ်။ ခက်တာက ဗမာ့တပ်မတော်ကိုယ်တိုင် အတွေးအခေါ်မလှည့်ပြောင်းနိုင်တာကိုက ဗမာပြည်ရဲ့  အဓိကပြဿနာရဲ့  အခက် အခဲဆုံး ဘက်တခုဖြစ်နေတာပါ။ ကျနော်တို့နိုင်ငံအတွက် အလွန်ကို ဝမ်းနည်းကြေကွဲစရာကိစ္စဘဲဖြစ်ပါတယ်။ ဇင်ဘာဘွေ နိုင်ငံက မိုဂါဘီလိုလူမျိုးတွေကို ဘာလို့ ဆက်ထောက်ခံနေသလဲဆိုတာတော့ ကနေ့ဗမာ့တပ်မတော်ကို ကျနော်တို့မေးခွန်း ထုတ်ရလိမ့်မယ်ထင်ကြောင်းပါဗျာ။

ကိုအောင်မှိုင်း
(နိုဝင်ဘာ၊ ၂၇ ရက်၊၂ဝ၁၇ခုနှစ်)

(“သမိုင်းတန်ဘိုးများ ကျိုးပြဲ့ခင်း” အပိုင်း-၂ ကို ဆက်လက်ဖော်ပြပါမည်)