ကိုနိုင်း – မြန်မာပြည်နဲ့ စစ်ကာရန်များ

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၄၉ )

ကျွန် တော်တို့မြန်မာပြည်တွင်းစစ်ပွဲတွေကြာနေခဲ့သလို စစ်ပွဲတွေဆက်ဖြစ်နေတာ၊ စစ်ဘေးရှောင်မြန်မာပြည်သူ တိုင်းရင်းသားတွေဒုက္ခရောက်နေပြီး ဓားစာခံဖြစ်နေကြတာ၊ပြည်တွင်းစစ်ပွဲတွေရပ်ဖို့တိုင်းရင်းသားပြည်သူတွေတောင်းဆိုနေကြတာ၊ငြိမ်းချမ်းရေးညီလာခံ(၂၁ရာစုပင်လုံ)ကြီးရပ်ဆိုင်းနေရတာတွေဖြစ်ပေါ်နေသမျှ ပြည်တွင်းစစ်ပွဲနဲ့ပတ်သက်ပြီး ၀တ္ထုတွေ၊ ဆောင်းပါးတွေ၊ ကဗျာတွေရေးနေကြရဦးမှာပါ။

မှန်တကယ်တော့ပြည်တွင်းစစ်ကြောင့်၊တိုင်းရင်းသားပြည်သူတွေဒုက္ခရောက်ရသလို၊တိုင်းပြည်မှာလည်းစီးပွားရေးတွေယုတ်လျော့နေပါတယ်။ ပိုဆိုးနေတာက ကျွန်တော်တို့တိုင်းပြည်ဟာ စစ်အာဏာရှင်စနစ်အောက်ကနေ ဒီမိုကရေစီနိုင်ငံအဖြစ်ပြန်တည်ဆောက်ရတော့မယ့်အချိန်မှာ အကူးအပြောင်းကြားကာလမှာပြည်တွင်းစစ်ကြောင့် အခက်အခဲတွေအများကြီးတွေ့ကြုံနေရပါတယ်။ ဒီစစ်ပွဲတွေကိုတိုက်နေတဲ့အတ္တတွေ၊လောဘတွေဖျောက်ကွယ်နိုင်ပါ့မလား။ စစ်ကိုကဗျာတွေနဲ့ကန့်ကွက်နေကြတဲ့ကာရန်တွေအကြောင်းကိုပြန်ပြောပြနေမိပါတယ်။

၂၀၁၈ ဖေဖော်ဝါရီလ၊ ခေတ်ရနံ့မဂ္ဂဇင်းထဲက ဆရာဖျာပုံနီလုံဦးရေးတဲ့ ”ဒေါင်းကဗျာနှင့်ဒေါင်းပုဝါ”ကို ဖတ်ကြည့်မယ်ဆိုရင်။

တချိန်က
“ဒေါင်း”ဆရာအရိပ်မှာ
သြောင်းကထာ ကဗျာမိတ်နဲ့
မာန်ဖိတ်ခဲ့တယ်။

ခုလည်း
သောင်းစကြ၀ဠာထိပ်မှာ
ဒေါင်းအဂ္ဂပဝါအလံချိတ်ပါလို့
ကဗျာစိတ် ကဗျာသွေးနဲ့
ငြိမ်းချမ်းရေးတွေးလျက်ပါ။

“ဒေါင်း”ဆရာနှင့်ဒေါင်းပဝါ
ကျွန်တော့်ဘ၀မှာ တသွေးတသံတည်း
‘စစ်လောင်းရိပ်အား မလိုလား၍
တားမြစ်ကန့်ကွက် တခဲနက်လျှင်
တွဲလက်ညီညာ ဤကမ္ဘာမှ
မောင်းကာထုတ်ရန် အဓိဋ္ဌာန်၏’ဆိုတဲ့

ဆရာဒေါင်းရဲ့
ငြိမ်းချမ်းရေးတောင်းဆိုသံ
စစ်နှင့်ပြည်သူကဗျာဟာ
ခုထိ ကျွန်တော်တို့ရင်ထဲမှာ
တမြေ့မြေ့လွမ်း
တဖွေ့ဖွေ့တမ်းရင်း
မေ့ဖျောက်မစွမ်းနိုင်ပါဆဲ။

ရာကြီးဒေါင်းနွယ်ဆွေကိုတမ်းတရင်း ရေးလိုက်တဲ့ကဗျာပါ။ စစ်ဆိုတာကိုတော့အားလုံးက မလိုလားပါဘူး။ ပြည်သူတွေမလိုလားတာကိုသိပေမယ့် ပြည်သူတွေရဲ့မျက်နှာကိုမကြည့်ပဲ၊ စစ်တိုက်နေကြတဲ့သူတွေကို ဘယ်လိုနားလည်ရမလည်းဆိုတာ မသိကြတော့ပါဘူး။ သိပေမယ့် အာဏာအတွက်သေနတ်ကိုင်ထားကြတာကိုလည်း ဘယ်သူမှမပြောနိုင်၊ မတားဆီးနိုင်တော့ပါဘူး။

စစ်ကိုဆန့်ကျင်ခဲ့ပြီးငြိမ်းချမ်းရေးကိုလိုလားခဲ့ကြတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာကြီးဒဂုန်တာရာ၊ ဆရာကြီးဒေါင်းနွယ်ဆွေတို့သာသေဆုံးသွားကြပါတယ်။ မြန်မာပြည်တွင်းစစ်ကတော့ မသေနိုင်ခဲ့ပါဘူး။ ပြည်တွင်းစစ်သေမှ ငြိမ်းချမ်းရေးကရှင်သန်လာနိုင်မှာပါ။ အမှန်တကယ်ကတော့ စစ်ဆိုတာမသေနိုင်အောင်လူတွေကဖန်ဆင်းထားကြပါတယ်။

ဒါကို၂၀၁၈၊ ဇန်န၀ါရီလမှာ၊ မိုးမခအွန်လိုင်းပေါ်က ကဗျာဆရာ သားဦးရေးထားတဲ့ “နိဗ္ဗာန်ကအပြန်” ကဗျာကို ဖတ်ကြည့်ပါစို့။

ငါးတွေကိုသာ ခြေထောက်တပ်ပေးလိုက်
သူတို့လည်းကုန်းပေါ်တက် လက်နက်တပ်ဆင်ကြလိမ့်မယ်

ဝါးပင်ဟာ ၀လုံးကလေးထဲကထွက်လာပြီး
ဝရံတာကနေရပ်ကြည့်ငေးနေတယ်

အသားရောင်တွေကသာ ငါတို့အမြင်တွေကိုခွဲခြားသွားတာပါ
စာရွက်ကိုကြည့်လည်း အဝိုင်းကတဝဲလည်လည်

တကယ့်သံသရာထဲရောက်နေပြီဆိုတာကိုလည်း
မမေ့ပါနဲ့
မမေ့ပါနဲ့

တကယ့်ငြိမ်းချမ်းရေးအစစ်က
ကျည်ဆန်ရဲ့အံသွားထဲမှာပါ။

စ်ကသံသရာထဲမှာ လည်နေတယ်လို့ ကဗျာဆရာက ရေးသွားပါတယ်။ ငြိမ်းချမ်းရေးဆိုတာ အံသွားထဲက ကျည်ဆန်နဲ့တင်စားပြတယ်။ ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့ပြည်တွင်းစစ်ဟာ ဘယ်လောက်ပဲရှည်ကြာရှည်ကြာ၊ အံသွားသာတိုချင်တိုသွားမယ်။ အံသွားထဲညှပ်နေတာကကျည်ဆန်ဆိုတော့ မပြီးနိုင်တဲ့စစ်ပွဲတွေကိုကြုံတွေ့နေရဦးမှာပါ။

စစ်တိုက်နေသူတွေကတော့ ပြည်သူတွေဒုက္ခရောက်နေတာကိုလည်း မကြည့်တော့ပါဘူး။ စစ်ပွဲတွေရပ်ပါလို့တောင်းဆိုနေတာတွေကို အံတိုနေပြီဆိုတော့ ဘယ်လိုမှငြိမ်းချမ်းရေးကို မျှော်လင့်လို့မရနိုင်သေးပါဘူး။

.

၂၀၁၈၊ ဇန်နဝါရီလက လွတ်လပ်လှိုင်း အွန်လိုင်းမဂ္ဂဇင်းထဲက ကဗျာဆရာ မင်းနဒီခရဲ့”မြို့ထဲကိုတင့်ကားတွေဖြတ်သွားတယ်”ဆိုတဲ့ ကဗျာကိုကြည့်ရင်သိနိုင်ပါတယ်။

 အဲဒီတော့
လူတွေအကုန်လုံး လမ်းမပေါ်ထွက်ကြည့်ကြတယ်။

စစ်သားတွေဟာ
စစ်ကားပေါ်မှာထိုင်ပြီး လိုက်ပါလာကြတယ်တု
တ်တုတ်မျှမလှုပ် ကျောက်ရုပ်ကြီးများလို
ထွက်ပေါ်လာတယ်။

မြို့အထွက်မှာ တံတားတစင်းရှိတယ်
စစ်ကားအမိုးတွေဟာ
တံတားအပေါ်ဘောင်နဲ့မလွတ်အောင်မြင့်တယ်
တံတားဘောင်တွေကိုဖြတ်ပစ်မလား
စစ်ကားအမိုးတွေကိုဖြုတ်ချမလား
သီအိုရီအရဆိုရင်တော့
ကားဘီးတွေကိုလေလျော့ပြီး သူတို့ဆက်သွားကြမှာပေါ့။

မှန်တကယ်ဆိုရင် ပြည်သူတွေသွားဖို့ တံတားကိုတန်ဖိုးထားရမှာပါ။ ဒါပေမယ့် စစ်တိုက်တာကိုပဲအဓိကထားနေကြတော့ ပြည်သူတွေဒုက္ခရောက်ရမယ်ဆိုတာကို မကြည့်နိုင်တော့ပါဘူး။ ဒါပြည်သူတွေအတွက်ကာကွယ်ပေးဖို့လား၊ ပြည်သူတွေအကျိုးကိုကြည့်ဖို့လား။ တိုက်စစ်၊ ကာစစ်တွေအောင်မြင်ဖို့ကိုပဲကြည့်နေကြတာပါ။

အခုတော့ မဟုတ်ဘူး
သူတို့ဟာ တံတားကိုဖြတ်မကူးတော့ပဲ
စစ်ကိုမြို့ထဲခေါ်လိုက်တယ်။

စစ်ဟာမြို့ထဲဝင်လာပြီဆိုကတည်းက မြို့နေပြည်သူတွေကြောက်ရွံ့နေကြပြီ။ မြို့ထဲမှာ စစ်ပွဲတွေဖြစ်ရင် ပြည်သူတွေက စစ်ဘေးရှောင်ရတော့မယ်။ ဒုက္ခသည်စခန်းတွေကို အိမ်ရာတွေကို စွန့်ခွာပြီးပြေးရတော့မယ်။ စစ်သားတွေကတော့ ပြည်သူတွေထွက်ပြေးသွားမှ –

အမိန့်စောင့်နေတဲ့ စစ်သားတွေဟာ
သူတို့သေနတ်ကိုပစ်ဖို့
လက်ညှိုးလေးကွေးလိုက်တယ်
သေနတ်မောင်းသံကြားတော့
စစ်ဟာ
သူ့ကိုယ်သူ ပြန်သတိရလာတယ်
စစ်”အစစ်”ဖြစ်ပြီလား။ 

ကယ်တော့ မြန်မာပြည်တွင်းစစ်ဟာ အတ္တတွေ၊လောဘတွေလွှမ်းမိုးနေသမျှဖြစ်နေရဦးမှာပဲ။ မကြာသေးခင်က သတင်းကိုကြားလိုက်ရတယ်။ စစ်အတုလုပ်တဲ့သတင်းလို့ပြောရမှာပါ။ စစ်ပွဲဟန်လုပ်ပြတာကမြစ်ဝကျွန်းပေါ်မှာတဲ့။ ဒါကစစ်ပွဲအစစ်မဟုတ်သေးပါဘူး။ တကယ့်စစ်ပွဲအစစ်က ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာဖြစ်နေတာပါ။

ဘယ်အရပ်ဒေသမှာဖြစ်ဖြစ် စစ်ပွဲအစစ်ဖြစ်တာမကောင်းပါဘူး။ စစ်ပွဲကိုတိုက်နေကြတဲ့ နှစ်ဖက်စစ်သားတွေ လဲသေ၊ ပြည်သူတွေလဲသေ။ စစ်ပွဲအစစ်ဖြစ်ရင်လူသားတွေအချင်းချင်းသတ်နေကြတာပါပဲ။ သေနေကြတာပါပဲ။ပြောမယ်ဆိုရင် စစ်ပွဲတွေမဖြစ်ဖို့အရေးကြီးပါတယ်။

၂၀၁၈ ဖေဖော်ဝါရီလ၊ ဖက်ရှင်မဂ္ဂဇင်းထဲက ကဗျာဆရာမြတ်ဝေရဲ့”စစ်ဆိုတာဝေးဝေးသွားပါ”လို့ပြောရမလိုဖြစ်နေပါပြီ။

စစ်ဆိုတာဝေးဝေးသွားပါ
အချစ်လိုတာ ငြိမ်းချမ်းရေးပါ။
လက်နက်မဲ့သူကိုတိုက်တဲ့ စစ်ကိုပြန်မြင်နေလို့
အခု မျက်ရည်တွေနဲ့ ဒီသီချင်းကိုဆိုတယ်။
ပစ်လိုက်တဲ့ ယမ်းတောင့်ထိပ်ကကြေးသား
ဖောက်ဝင်သွားတော့ လူသားတယောက်ကိုယ်မှာ
သွေးဟာ ငါတို့နိုင်ငံထဲမှာ စွဲသွားတယ်

ဘယ်သူကပဲ ပစ်ပစ်
စစ်ဆိုတာ ချစ်သင့်တဲ့အရာလို့
ခင်ဗျားတို့ ထင်နေရော့သလား။

ဘယ်မှာလဲ စစ်ရဲ့ ချစ်မေတ္တာတွေ
ဘယ်မှာလဲ စစ်ရဲ့ ပျော်ရွှင်မှုတွေ
ဘယ်မှာလဲ တရားသော စစ်
ခင်ဗျားတို့ အချစ်မှာ စစ်ဖြစ်တာနာကျင်ဖွယ်။

ကဗျာထဲမှာမေးထားတာ ဘယ်သူဖြေမှာလဲ။ စစ်ကိုချစ်နေတဲ့လူတွေက လူအနည်းငယ်ပါ။ ပြည်သူတွေကတော့ စစ်ဆိုတာမုန်းတီးစရာကောင်းတဲ့အရာလို့ဖြေကြမှာပါ။ တရားသောစစ်ပွဲဆိုတာပြည်တွင်းစစ်မှာမရှိပါဘူး။ တရားသောစစ်ပွဲကိုထောက်ခံနေကြတဲ့ လူတွေကလည်း စစ်အာဏာရှင်လက်ကျန်တွေပါပဲ။ လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ အာဏာကိုပြန်လိုချင်နေတဲ့ အာဏာရူးလူတစုပါ။

မြို့ထဲမှာ စစ်ရဲ့ခြေရာ လမ်းပေါ်လဲကျသူတွေ
လမ်းပေါ်မှာ စစ်ရဲ့လက်ရာ အပြိုအပျက် အစအနတွေ
ဗုံးတွေထောင်ထားတဲ့နေရာတိုင်း နေရာတိုင်း
တိတ်ဆိတ်စွာ
စစ်ကို စောင့်လို့ အသင့်ပြင်တယ်။

စစ်ဟာ
ပျော်ရွှင်မှုကို စောင့်ကြည့်နေတဲ့ လက်ဖြောင့်တပ်သား
စစ်ဟာ ယုံကြည်မှုကို သွေးထိုးလိုက်တဲ့
ပစ်ရန်အသင့် လက်နက်

စစ်ရဲ့အနိဋ္ဌာရုံတွေကိုမြင်ရမှာပါ။ ကျူးကျော်စစ်တွေကို တော်လှန်တဲ့စစ်တွေမှာတောင် အပျက်အစီးတွေရှိနေပါတယ်။ တိုင်းရင်းသားအချင်းချင်းဖြစ်တဲ့စစ်တွေမှာတော့ အင်မတန်ကြေကွဲဝမ်းနည်းစရာတွေကျန်ခဲ့မှာပါ။

သေသူတွေရဲ့ အရိုးပြာမှာ
ငြိမ်းချမ်းရေးကို ခင်ဗျားတို့လိုက်ရှာ
သားမဲ့သွားသူ မိခင်မုဆိုးမမျက်ရည်မှာ
ငြိမ်းချမ်းရေးကို ခင်ဗျားတို့လိုက်ရှာ

လင်မဲ့သူ စစ်သားမယားရဲ့ ကလေးတွေအနာဂတ်မှာ
ငြိမ်းချမ်းရေးကို ခင်ဗျားတို့လိုက်ရှာ
သေဖို့အသက်ငင်နေတဲ့ ရဲဘော်လေးလက်ထဲက
သွေးစွန်းမိသားစုဓာတ်ပုံလေးမှာ
ငြိမ်းချမ်းရေးကို ခင်ဗျားတို့လိုက်ရှာ

ဒါပါပဲ။ စစ်ဆိုတာ ဘယ်သူမှမချစ်နိုင်ကြတဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေပါပဲ။ ဒီမတရားသဖြင့် ဆင်နွဲနေတဲ့စစ်တွေကို တရားသောစစ်ပွဲတွေအဖြစ်ထောက်ခံသူလူတစုကိုလည်း ရှုတ်ချလိုက်ပါတယ်။ ပြည်တွင်းစစ်ကိုသေအောင်မသတ်ချင်တဲ့ လူတစုကိုလည်းကန့်ကွက်ပါတယ်။

မိမိတို့တိုင်းရင်းသားပြည်သူတွေရဲ့မျက်နှာကိုလစ်လျူရှုထားပြီး ခုခံစစ်၊ကာစစ်တွေကိုလည်းမလိုလားပါဘူး။ ပြည်တွင်းစစ်တွေဖြစ်နေသမျှပြည်သူတွေနဲ့အတူ၊စာပေသမားတွေ၊ကဗျာဆရာတွေအနေနဲ့စစ်ပွဲဆန့်ကျင်တဲ့ စာတွေ၊ကဗျာတွေရေးနေကြရပါဦးမယ်။

ကိုနိုင်း

ခံစားသုံးသပ်မိသောကဗျာများ

၁။ ဖျာပုံနီလုံဦး၊(ဒေါင်းကဗျာနှင့်ဒေါင်းပုဝါ)၊ခေတ်ရနံ့မဂ္ဂဇင်း၊ဖေဖော်ဝါရီလ၂၀၁၈။

၂။ သားဦး၊(နိဗ္ဗာန်ကအပြန်)၊မိုးမခအွန်လိုင်း၊ဇန်နဝါရီ ၂၀၁၈။

၃။ မင်းနဒီခ၊(မြို့ထဲကိုတင့်ကားတွေဖြတ်သွားတယ်)၊လွတ်လပ်လှိုင်းအွန်လိုင်းမဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၈။

၎။ မြတ်ဝေ၊(စစ်ဆိုတာဝေးဝေးသွားပါ)၊ဖက်ရှင်မဂ္ဂဇင်း၊ဖေဖော်ဝါရီလ ၂၀၁၈။

မူရင်း။ သူရိယနေဝန်းဂျာနယ်၊ တွဲ(၁)၊ မှတ်(၁၈၆)၊ ၁ဝ၊ ဖေဖော်ဝါရီ၊ ၂ဝ၁၈။