တောင်ခြေရွာ – စိုးခိုင်ညိန်း

.

ကျွန် တော်တို့အဖွဲ့ စီးလာသောကားသည် အကွေ့အကောက်များသော လမ်းအတိုင်း တတောင်ဆင်းလိုက် တတောင်တက်လိုက်နဲ့ ချင်းပြည်နယ်ရဲ့ တောင်တန်းတွေဆီကို ဦးတည်သွားနေသည်။ ကားမူးလေ့မူးထ မရှိလှသော ကျွန်တော်သည်ပင် အကွေ့အကောက်တွေနဲ့ ကားမူးကာ မကြာခဏ အန်နေရသည်။ တနေရာ အရောက်မှာတော့ ကျွန်တော်တို့ကားသည် ကတ္တရာလမ်းမပေါ်မှ မြေသားနီနီ လမ်းကလေးဆီသို့ ဖဲ့ဆင်းသွားလေသည်။ ကျွန်တော်တို့အဖွဲ့သည် ချင်းတောင်တက်ဖို့ သွားကြတာဖြစ်သည်။ တောင်ခြေက ရွာလေးတရွာမှာနေသော အသိမိတ်ဆွေ တယောက်ကို ၀င်ခေါ်ဖို့ သွားခြင်းဖြစ်သည်။ လမ်းမကနေ ရွာကလေးဆီ ရောက်ဖို့ ကားအတော် မောင်းရသေးသည်။ လမ်းမှာ စီးဆင်းနေသော စမ်းချောင်းကလေးကို ဖြတ်ရသေးသည်။ 

ရွာ ကလေးထဲကို ရောက်တော့ အိမ်ထဲက လူတွေက အထူးအဆန်းသဖွယ် ခေါင်းပြူကာ ကြည့်ကြသည်။ အိမ်အများစုက အသားဖြင့် ဆောက်ထားသော အိမ်များဖြစ်သည်။ တချို့အိမ်များက အိုဟောင်းကာ ဆွေးမြေ့နေသည့်ပုံ ပေါက်နေသည်။ ရွာလယ်အ၀င်လမ်းမမှာ ကားကိုရပ်ပြီး အသိမိတ်ဆွေ၏ အိမ်ကို မေးရသည်။ အသိမိတ်ဆွေ၏ အိမ်က ရွာ၏ အရှေ့ပိုင်းမှာ ဆိုကာ တယောက်က အိမ်အရောက်ပင် လိုက်ပို့ပေးသည်။ ယာတောကနေ ထွန်ယက်ပြီးပြန်လာပုံရသော လှည်းတစီးသည် ရွာလမ်းမအတိုင်း ဖြတ်မောင်းသွားတာ တွေ့ရသည်။ အိမ်တအိမ်မှ လှည်းပေါ်ကလူကို လှမ်းနှုတ်ဆက်နေသော အသံသည် ခပ်ဝဲဝဲဖြစ်နေသည်။ အိမ်တအိမ်၏ ရှေ့ကွက်လပ်မှာ အမျိုးသမီးတယောက်က ကြက်သွန်တွေကို ဖြန့်ခင်းနေတာ တွေ့ရသည်။ 

သိမိတ်ဆွေက ကျွန်တော်တို့အဖွဲ့ လာသည့်အတွက် အပျော်ကြီး ပျော်နေပုံရသည်။ လက်ဖက် ၊ ဘီစကစ်၊ ကော်မီမစ်တို့ဖြင့် ဧည့်ခံသည်။ ဒီမှာ အေးအေးဆေးဆေး နားကြဦးပေါ့ ဟု ဆိုသည်။ ရွာရဲ့ အရှေ့ဘက်မှာ ချောင်းရှိတယ်ဗျ ၊ ခင်ဗျားတို့ ရေချိုးကြမလား ဟု မိတ်ဆွေက ဆိုသောအခါ ကျွန်တော်တို့ အဖွဲ့မှ သုံးလေးယောက်က ချိုးမယ်ဗျာ ဟု ဆိုကာ ချောင်းကလေးဆီ ထွက်သွားကြသည်။ ကျွန်တော်ကတော့ ချိုးချင်စိတ် မရှိ၍ အသိမိတ်ဆွေနဲ့ အတူ အိမ်မှာပဲ ကျန်ရစ်နေခဲ့လိုက်သည်။ သူနဲ့ စကားပြောချင်တာလည်း ပါပါသည်။ 

မှန်က သူက ဒီရွာသား မဟုတ်၊ မန္တလေးသား ဖြစ်သည်။ ပြီးတော့သူက ကဗျာဆရာတယောက်ဖြစ်သည်။ ဒီရွာသူနှင့် အကြောင်းပါ၍ ဆံထုံးနောက် သျှောင်ပါကာ ဒီရွာကိုရောက်နေခြင်း ဖြစ်သည်။ သူ့အမျိုးသမီးက မူလတန်းပြ ဆရာမဟု ဆိုသည်။ သူ့အမျိုးသမီး တာဝန်ကျသည့်ရွာက ချင်းပြည်နယ် တောင်ပိုင်းမှာတဲ့။ သွားလာရေး အင်မတန် ခက်ခဲသော ရွာဟု ဆိုသည်။ ကားလမ်းမရှိ ဆိုင်ကယ်နဲ့သာ သွားလို့ရပြီး တချို့နေရာတွေဆို ဆိုင်ကယ်ကို ဆင်းတွန်းသွားရသော နေရာတွေပင် ရှိသည်ဟု ဆိုသည်။ သူတို့ဇနီးမောင်နှံမှာ လသားအရွယ် ကလေးတယောက် ရှိသည်။ ထိုကလေးကို ထိန်းဖို့ သူက သူဇနီးတာဝန်ကျရာ ရွာသို့ လိုက်နေရသည်။ နောက်တော့ သူပါ ကလေးတွေကို စာဝိုင်းသင်သူအဖြစ် ရောက်သွားကာ အခုတော့ ဆရာတယောက် အဖြစ်သို့ပင် ရောက်ရှိနေပြီဟု ဆိုသည်။ အခုလို သွားရေးလာရေးခက်ခဲပြီး ခေါင်တဲ့ အရပ်ဒေသကို ဘယ်ဆရာ၊ ဆရာမမှ မလာချင်ကြ၍ ဆရာ၊ ဆရာမ အတော်ရှားသည်တဲ့။ အခု ဒီဇင်ဘာကျောင်းပိတ်ရက်မို့ ဒီကို ခဏ ပြန်လာတာတဲ့။ ကျွန်တော်သည် သူပြောသော စကားတွေကို နားထောင်ပြီး သူ့ကို လေးစားနေမိသည်။ 

ကျွန် တော်အနေဖြင့်မူ အခု သူရောက်နေသော ဒီရွာကိုပင် ကျွန်တော်က ခေါင်သည်ဟု ထင်နေတာ ဖြစ်သည်။ ခင်ဗျား နေနိုင်တာ အံ့သြတယ်ဗျာ ဟု ဆိုမိသည်။
“ဟိုရွာလောက် မဆိုးပေမဲ့ ဒီရွာကလည်း ခေါင်တာပါပဲ၊ ကျွန်တော် ဒီကို ရောက်စက ဘယ်လိုမှ နေလို့ မရဘူး။ အပျင်းဖြေစရာ ဖုန်းလိုင်းမမိတော့ ပိုဆိုးတာပေါ့” ဟု သူက ဆိုသည်။
“အေးဗျာ ကျွန်တော် ကိုယ်ချင်းစာပါတယ်။ အခု ကျွန်တော် နယ်မြို့လေးတမြို့ကို ရောက်နေတာ ၊ ရန်ကုန်မှာ နေလာတာ ကြာတော့ နယ်မှာနေရတာ အသားမကျဘူး။ ဒါတောင် မြို့နော်၊ ခင်ဗျားလို ဖုန်းလိုင်းမမိ ဘာမမိတဲ့ ရွာလိုဆိုရင်တော့ ကျွန်တော်တော့ ဘယ်လိုမှ နေနိုင်မှာ မဟုတ် ဘူး” လို့ ကိုယ်ချင်းစာစွာပြောမိသည်။ 

ကဲဗျာ…ပြောလည်းပြော၊ စားလည်းစား ၊ ကော်ဖီလည်း သောက်ပါဦး” ဟူ၍ သူက လောကွတ် လုပ်နေပြန်သည်။ ဒီရွာမှာက ဘာမှ မရှိဘူးဗျ၊ ရွာက ထွက်တဲ့ ကြက်သွန်၊ အားလူးလောက်ပဲ ရှိတာ၊ ဒီလိုမျိုး လက်ဖက်ပဲခြမ်း၊ စားစရာ သောက်စရာကို မြို့သွားတဲ့အခါ ၀ယ်ဝယ်လာရတာပဲဟု ဆိုသည်။ သူပြောတဲ့ မြို့ဆိုတာ လမ်းမှာတွေ့ခဲ့သော ကျောက်ထုမြို့ကိုပြောတာ ဖြစ်သည်။ မြို့ဆိုပေမဲ့လည်း ရွာကြီးကြီး တရွာလောက်ပဲ ရှိတဲ့ တောမြို့လေး ဖြစ်သည်။ ရွာကနေ ဆိုင်ကယ်နှင့်သွားလျှင် နာရီဝက်ကျော်ကျော်လောက် စီးလျှင် ရောက်သည်တဲ့။ 

ကျွန်တော်ကတော့ မနက်တိုင်း မြို့ကို ဆိုင်ကယ်နဲ့သွားပြီး လက်ဖက်ရည်ဆိုင် သွားထိုင်တာပဲ။ အဲဒီမှာ ထိုင်ရင်းနဲ့ အင်တာနက်သုံးတယ်။ ဖုန်းအားသွင်းတယ်။ ပြီးရင် ပြန်လာတယ်။ ဒီမှာက ဖုန်းလိုင်းမမိဘူးလေ၊ လျှပ်စစ်ကလည်း မရှိဘူး ဟူ၍ပြောနေသော သူသည် အခုလို ကျွန်တော့်ကို ဖွင့်ပြောလိုက်ရ၍ စိတ်သက်သာရာ ရနေသလိုပင်။ 

ဒါနဲ့ ဒီရွာက ဘာလူမျိုးတွေ နေကြတာလဲ၊ ချင်းတွေပဲလား” ဟု ကျွန်တော်က မေးမိသည်။ သူက “ဒီရွာမှာ ချင်းလူမျိုး မရှိဘူးဗျ၊ ဒီရွာမှာ အများစုက တောင်သားလူမျိုးတွေပဲ။ ဒါပေမဲ့ သူတို့ လူမျိုးကို လူသိပ်မသိကြတော့ သူတို့ကလည်း သူတို့ကိုယ်သူတို့ တောင်သားလူမျိုးရယ်လို့ သိပ်မပြောကြတော့ဘူး။ ကျွန်တော့်အမျိုးသမီးလည်း တောင်သားလူမျိုးပါပဲ။ တလောကတော့ တောင်သားလူမျိုးတွေကို ပြန်ပြီးစုစည်းဖော်ထုတ်မယ်လို့တော့ သတင်းသဲ့သဲ့တော့ ကြားလိုက်မိတယ်။ ဟို မြင်ရတဲ့ အိမ်ဟာ တောင်သားလူမျိုး နေအိမ်ပဲ” ဟု သူကပြောရင်းကနေ လမ်းတဖက် သူတို့အိမ်နှင့် မျက်စောင်းထိုးမှာ ရှိသော တဲအိမ်ကို လက်ညှိုးထိုးပြသည်။ 

အဲဒါ တောင်သားလူမျိုးတွေရဲ့ ရိုးရာနေအိမ်ပဲ ၊ နှစ်ပေါင်းတစ်ရာသက်တမ်း ရှိပြီလို့တော့ ပြောကြ တာပဲ။ မူရင်းကတော့ အိမ်ကို သံမသုံးပဲ စရွေးနဲ့ပဲ စွပ်ဆောက်ခဲ့တာလို့ပြောတယ်။ အခုတော့ နှစ်လည်းကြာလို့ ပြန်ပြင်ဆောက်ထားမို့ မူရင်းအတိုင်းတော့ မဟုတ်တော့ဘူးပေါ့၊ တခါတခါ ရောက်ရောက် လာတတ်တဲ့ နိုင်ငံခြားသားတွေကတော့ ဒီအိမ်ကို လာလာပြီး ဓာတ်ပုံရိုက်သွားကြတာပဲ” လို့ သူက ရှင်းပြ သည်။ 

ကျွန် တော်လည်း စိတ်ဝင်စားသွားကာ အိမ်အ၀အနားအထိ သွားကြည့်ကာ ဖုန်းနဲ့ ဓာတ်ပုံ ရိုက်ယူ မိသည်။ အိမ်က အတော်ပင် အိုဟောင်းနေပြီ ဖြစ်သည်။ တိုင်ကို အသားနဲ့ ကျားကန်ထားတာပင် တွေ့ရသည်။ အိမ်အောက်ထပ်မှာက ၀က်မွေးထားပုံရသည်။ အိမ်ပေါ်ထပ်ကို တက်သည့် လှေကားက အိမ်ရှေ့တည့်တည့် ၀ရံတာလိုမျိုး ကပြင်ကနေ ထောင်ထားသည်။ ကပြင်ကလည်း တော်တော်လေး ကျယ်သည်။ ဘေးပတ်ပတ်လည်က ဝါးကပ်တို့ဖြင့် ကာထားသည်။ အမိုးက ကပ်ကိုပဲ မိုးထားသည်။ တအိမ်လုံးမှ ၀င်ပေါက် တပေါက်ထဲပဲ ရှိပြီး ပြတင်းပေါက်မပါပါ၊ ချောင်းကြည့်ပေါက်ကလေး တပေါက်တော့ ပါသည်ဟု ဆိုသည်။ မိတ်ဆွေက အိမ်ထဲအထိ သွားကြည့်ချင်ရင် ရတယ်လေဟုပြောပေမဲ့ အိမ်အတွင်းထဲထိကိုတော့ မကြည့်ဖြစ်တော့ပေ။ 

ဒီရွာကလူတွေက ဘယ်လိုပြောရမလဲ ၊ ဟို မျက်စိပိတ် နားပိတ်ပဲလို့ပဲပြောရမလား မသိဘူး။ မြို့တွေ ဘာတွေလည်း သိပ်အရောက်အပေါက် မရှိကြဘူး။ တောင်ယာလေးခုတ်လိုက်၊ ကြက်သွန်၊ အာလူး လေးစိုက်လိုက်နဲ့ နေနေကြတာ၊ ကမ္ဘာမှာ ဘာတွေဖြစ်နေပြီ၊ မြို့မှာ ဘယ်လိုတိုးတက်နေပြီ စသဖြင့် ဘာမှ မသိကြဘူး၊ စိတ်လည်း မ၀င်စားကြဘူးထင်ပါတယ်။ သူတို့ဘ၀နဲ့ သူတို့ကြည့်ရတာတော့ ကျေနပ်နေကြပုံပါ ပဲ” ဟုပြောနေသော မိတ်ဆွေ၏ စကားသံတို့ကို နားထောင်နေရင်းက ကဗျာတပုဒ်ကို ဖြတ်ခနဲ့ သတိရမိ ပြန်သည်။ ကဗျာက တေးရေး ၊ ကဗျာဆရာ မြင့်မိုးအောင် ရေးတဲ့ “တောင်ခြေရွာ” ဆိုတဲ့ ကဗျာ ဖြစ်သည်။ 

“ တောင်ခြေရွာ ”

တောင်ကုန်းမြင့်တခုပေါ်ကနေ မြင်လိုက်ရ
ဟိုး အဝေးက တောင်ခြေရွာ။

အိမ်တချို့ရဲ့ ခေါင်မိုးတွေဆီက
မီးခိုးငွေ့တချို့လွင့်လာ
အဲဒီမှာ လောင်ကျွမ်းနေကြတာ
သူတို့ရဲ့ နှလုံးသားတွေ မဟုတ်ဘူးထင်ပါရဲ့။

ဒီရွာမှာက ဆယ်တန်းအောင်တဲ့သူ၊ ဘွဲ့ရတဲ့ သူတွေ ရှိကြပါတယ်။ ဒါပေမဲ့ သူတို့ မြို့မှာ အခြေမချကြဘူး။ ဆရာ၊ ဆရာမအဖြစ်နဲ့ပဲ ဒီအနားဝန်းကျင်မှာပဲ ကျင်လည်နေကြတာပဲ၊ သူတို့မှာ ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်လို့လည်း ရည်ရွယ်ချက်လည်း ရှိကြပုံမရဘူး” ဟု မိတ်ဆွေပြောနေတဲ့ စကား သံက ကျွန်တော့်မှာ ကြားတချက် မကြားတချက်၊ ကဗျာဆီပဲ စိတ်က ရောက်နေသည်။

တောင်ခြေအိမ်တွေရဲ့ အနောက်ဘက်မှာ
စမ်းချောင်းတစ်ခုတွေ့လိုက်ရ
အဲဒီမှာ စီးဆင်းနေကြတာ
သူတို့ရဲ့ မျက်ရည်စတွေ မဟုတ်ဘူး ထင်ပါရဲ့။

သူတို့ဟာ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ လုပ်စားနေရပေမဲ့ ပင်ပန်းဆင်းရဲတယ်လို့လည်း မထင် ကြဘူး။ တောင်ယာလုပ်ငန်းခွင်က ပြန်လာပြီးရင် ရွာထိပ်က ချောင်းထဲသွားပြီး ရေချိုးပြီး အိမ်ပြန်လာတော့ လေလေး တချွန်ချွန် ပျော်နေကြတာပဲ” ဟု မိတ်ဆွေက ဆက်ပြောနေသည်။ ကျွန်တော်ကတော့ ခေါင်းညိတ်၍သာ နားထောင်နေရသည်။ ဘာပြန်ပြောရမည်ပင် မသိတော့ပေ။ 

စမ်းချောင်းလေးရဲ့ အထဲကို
လူတချို့ ပစ်ချလိုက်ကြ
ဖာထေးရာတချို့နဲ့ သူတို့ပိုက်ကွန်တွေ
အဲဒီမှာ သူတို့ဆယ်ယူနေကြတာ
တခါတုန်းက နစ်မြုပ်သွားခဲ့တဲ့
သူတို့ရဲ့ အိပ်မက်တွေ မဟုတ်ဘူးထင်ပါရဲ့။ 

ကဗျာက ပြီးဆုံးသွားပြီ။ စကားဝိုင်းက မပြီးဆုံးသေး။
“ဒါနဲ့ နေပါဦးဗျ ၊ အဲဒီရွာထိပ်က ချောင်းထဲမှာ ငါးတွေ ရှိသလားဗျ” ဟု ကျွန်တော်က ဖြတ်မေးလိုက်မိသည်။
သူက “ငါး ရှိတော့ ရှိတယ်ဗျ၊ အကြီးကြီးတွေတော့ မရှိဘူး၊ ခပ်သေးသေးပေါ့။ တယောက်တလေကတော့ ကွန်နဲ့ပစ်ပြီး ဖမ်းကြတာတော့ ရှိတယ်။ ရောင်းဖို့လောက်အထိ မရပါဘူး။ ကိုယ့်အိမ်စားဖို့လောက်ပါပဲ” ဟု ပြောသည်။ 

ကျွန်တော်တို့ စကားကောင်းနေတုန်းမှာပင် ချောင်းထဲသွားပြီး ရေသွားချိုးကြသော ကျွန်တော်တို့ အဖွဲ့က လူတွေ ပြန်ရောက်လာကြသည်။
“ခင်ဗျား လိုက်ချိုးရမှာ၊ ရေက ချိုးလို့ကောင်းလိုက်တာ ၊ လူကို လန်းသွားတာပဲ” ဟု တယောက်ကပြောနေသေးသည်။
“ကဲ အားလုံးပြီးရင် သွားကြရအောင်” ဟု တယောက်က ဆော်သြသည်။ 

ကျွန်တော့် အသိမိတ်ဆွေက
“ကိုယ် သူတို့နဲ့ လိုက်သွားဦးမယ်နော်” ဟု သူ့ဇနီးသည်ကို ခွင့်ပန်နေသော အမူအရာလေးကို ကျွန်တော့်မှာ အခုချိန်အထိ မျက်စိထဲက မထွက်နိုင်ပဲ ဖြစ်နေသည်။ ။

စိုးခိုင်ညိန်း
(26, 1, 2018)