မင်းကျော်ခိုင် – ကျနော်နဲ့ ဂစ်တာတီးတဲ့ မိုးကျော်

.

“မင်းကျော်ခိုင်ရာ တချို့လူတွေက စေတနာနဲ့ မတန်ကြဘူးကွာ၊
နောက် … ဘွဲ့လက်မှတ်မရှိရင် ငါတို့ဘဝက လူရာမဝင်တော့ဘူးလား၊
ဘွဲ့ လက်မှတ်ရှိပြီး ပညာမတတ်တဲ့သူတွေနဲ့ ငါ ဘယ်လိုမှ ဆက်ဆံလို့မရတော့ဘူးကွာ၊
ဘာပဲဖြစ်ဖြစ်လေ မင်းနဲ့ငါ ကျောင်းပြန်တက်မယ်၊
ဒို့ ဦးချစ်ဆိုင်မှာဆုံမယ်၊ ပြီးရင် စာပေးစာယူ သွားလျှောက်ကြမယ်ကွာ … …”တဲ့။
(အဲဒီစကားတွေ သူ ကျနော့်ကို မထင်မှတ်ပဲ နောက်ဆုံးပြောသွားတဲ့စကားတွေပါ)

သူ ငယ်ချင်း မိုးကျော်အကြောင်းပြန်တွေးမိရင် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဟာ သူကွယ်လွန်ခဲ့တာ ၃၄ နှစ်မြောက်တဲ့နေ့ပါ။ တချိန်က ခိုင်မိုးပြည့် ဆိုပြီးသူငယ်ချင်း ၃ ယောက် တေးမြုံငှက်နဲ့ ဂီတလောကကိုစတင်ထိုးဖောက်ခဲ့ကြတဲ့ ခိုင်ထူး၊ မိုးကျော်၊ ရာပြည့်…။ ကျနော်နဲ့ ခိုင်ထူးက လုံးဝမဆုံဖူးခဲ့ပါ၊ မိုးကျော်နဲ့ ဘိုတင့်တို့ကတော့ ရင်းရင်းနှီးနှီးတွဲဖြစ် ကဲဖြစ်ခဲ့ကြတာပါ။

ကျနော် ဆယ်တန်းအောင်ပြီး ဒေသကောလိပ်မတက်ခင် အိမ်နီးချင်းသူငယ်ချင်း ကိုကျော်ဇော(ကွယ်လွန်) တို့ ညီအကိုတွေနဲ့ ညဘက်တွေမှာ သမိုင်းဝင်းထဲက မိန်းကလေးအဆောင်တွေရှေ့သီချင်းသွားဆိုကြတာ လိုက်လိုက်သွားတဲ့ အဆောင်ညတွေ ၁၉၇၉ ခုနှစ်။

ကိုကျော်ဇောအကိုက ကိုအုန်းမြင့် (ခိုင်ထူးနဲ့ တေးမြုံငှက်အခွေမှာ လူစိမ်း၊ တပွေထဲ သီချင်းတွေဆိုတဲ့ ရီဇော်) လည်း ၂ဝ၁ဝ ခုနှစ်၊ မတ်လ ၂ဝ ရက်နေ့မှာ လောကကြီးကိုခွဲခွာသွားခဲ့ပါပြီ။

၉၇၉ ရဲ့ဆောင်းတညမှာ အင်ကြင်းဆောင်နောက်မှာ သီချင်းဆိုကြဘို့ရောက်သွားတော့ သက္ကလပ်ကောင်းဘွိုင်ဦးထုပ်ဆောင်းထားတဲ့သူတယောက်က ဂစ်တာတလက်ကို ကိုင်ထားရင်း
“ဟယ်လို ..အိုင်ပီ..” လို့ ကိုအုန်းမြင့်ကိုနှုတ်ဆက်တယ်.
“ ဟေး…ကိုတိုး ”လို့ကိုအုန်းမြင့်ကပြန်နှုတ်ဆက်ရင်း ကျနော်နဲ့ကိုတိုးကိုမိတ်ဆက်ပေးပါတယ်။

နောက် သူနဲ့ပါလာတာ ကိုရဲ (ကိုရဲလွင်)၊ အဲဒီကာလက စာရေးဆရာ ဆရာမင်းသိင်္ခနာမည်ကြီးနေချိန်၊ ကိုတိုးက ကိုအုန်းမြင့်ကို အိုင်ပီ လို့အမြဲခေါ်တယ်။ ကိုရဲ နဲ့မိတ်ဆက်ပေးတော့ ကိုရဲက မင်းကျော်ခိုင်ဆိုတော့ မိုင်ကျော်ခင်းပေါ့ ဆိုပြီး စသိကျွမ်းခဲ့ကြတာ။ ကိုရဲက စကားတွေကို သူ့အထာနဲ့ပြောင်းပြန်ယူယူပြီးပြောတတ်တယ်။ အဲဒီကတည်းက ကျနော့်ကို ကိုရဲက မိုင်ကျော်ခင်းလို့ခေါ်ခဲ့တာ။

“လွဲချင်တာ့ ရဲလွင်နဲ့တွေ့တော့တာပေါ့”၊ “မုတ်ဆိတ်ထားတာ မိတ်စုတ်တွေနဲ့မတွေ့ချင်လို့”….
“ကျည်ဆံတွေနဲ့ ကြံစည်နေကြပြန်ပြီ…” အဲလိုစကားတွေပြောတာ….။ မိုးကျော်နဲ့ ဘိုတင့်တို့ကလည်း ကျနော့်ကို မိုင်ကျော်ခင်းလို့ပဲခေါ်ကြတယ်။

အဲဒီကာလတွေတုန်းက ကိုတိုးက သူ့ အဉ္ဇလီအတွက် ဂီတဉ္ဇလီသီချင်းခွေအတွက် အင်ကြင်းဆောင်နောက်မှာ ညစဉ်လာဆိုနေကြ၊ ရန်ကုန်လာရင် ကီလီလမ်းက သားထွေးတို့ အိမ်မှာအမြဲတည်းတယ်၊ အဆောင်နောက်ကို သားထွေးလည်း လာလာဆိုတယ်၊ ကိုယ်ပိုင်သံစဉ်တွေစပ်ကြဆိုကြပေါ့၊ ကျနော်က ဝေလေလေ..ဂစ်တာလည်းမတီးတတ်၊ ရတဲ့သီချင်းဆို ဝင်ဝင်အော်တာ၊ ပျော်စရာကာလတွေပါ။

နာက် ကိုနေဝင်းလည်းရောက်လာတော့ ဝိုင်းကပိုစည်လာတယ်၊ ကိုနေဝင်းကို မောင့်လပြည့်ဝန်း ကိုနေဝင်းလို့လူသိများတဲ့အချိန်။ သူကလည်း သက္ကလပ်ကောင်းဘွိုင်ဦးထုပ်နဲ့ပဲ။ ကိုတိုးက စကားနည်းတယ်။
သူ့သီချင်းပဲ စိတ်ထဲထားပြီးဆိုနေတာ။ အင်ကြင်းဆောင်နောက်မှာ တခြားမိန်းကလေးကျောင်းသူအဆောင်တွေဖြစ်တဲ့ နှင်းဆီ၊ ကံ့ကော်ဆောင်တွေကိုကူးတဲ့ အမိုးနဲ့ ကော်ရဒါစင်္ကြန်လမ်းတွေရှိတယ်။ ကျနော်တို့ ကိုတိုးတို့အုပ်စုက အဲဒီစင်္ကြန်လမ်းအမိုးပေါ်တက်ထိုင်ပြီးတီးကြဆိုကြတာ။ ကိုတိုး၊ ကိုရဲတို့က အသက်၃ဝ ကျော်၊ ကျနော်က ၂ဝ။

ကိုတိုးက ညဦးပိုင်းဆိုရင် အဉ္ဇလီအတွက်ဂီတဉ္ဇလီ၊ စိုးစိတ်စွေစံစားစေ၊ ဒို့ရင်ထဲ၊ လင်းပါလေရှင်နေမင်း၊ ညဥ့်နက်လာမှ သဇင်ည၊ စောင်းကြိုးရှိုက်သံ၊ အရွယ်လွန်ရွေ့လျား…သီချင်းအေးလေးတွေဆိုတာ…
ကိုတိုး ခဏနားလို့ ကိုရဲဆိုတော့မယ်ဆိုရင် ကိုရဲကို ကျနော်အမြဲဂျီကျတယ်၊ ကိုရဲ….အချစ်မဲ့တဲ့သဘော သီချင်းဆိုဗျာ..ပြီးရင် အင်္ဂလိပ်သီချင်း Let it Be …။ ကိုရဲက Let it Be သီချင်း အပါအဝင် Beatles သီချင်းတွေဆိုတတ်တယ်။

တခြားအဆောင်ကျောင်းသားတွေလည်း သီချင်းလာဆိုကြတယ်၊ ကျောင်းသားလူငယ်တို့သဘာဝ ကြူကြတာ၊ ကြိုးစာနေဆဲသူတွေ၊ အဖြေစောင့်နေတဲ့သူတွေ၊ သမီးရည်းစားဖြစ်ခါစတွေ၊ အမျိုးမျိုးပေါ့။ ဒါပေမယ့် တဖွဲ့နဲ့တဖွဲ့ အလှည့်ကျဆိုကြတာ၊ စည်းကမ်းရှိကြတယ်၊ တချို့ကျောင်းသားတွေကလည်း အပြင်မှာသောက်စားလာကြပြီး အဆောင်အပြန် မိန်းကလေးအဆောင်သူတွေကို လှမ်းအော်ပြီး စ ကြ နောက်ကြတာတွေရော အစုံပေါ့။

ကျာင်းသားတွေအများစုက ပုဆိုးတွေခြုံပြီးလွတ်လွတ်လပ်လပ်သွားလာနေနိုင်ကြတဲ့ကာလတွေ။ ကျောင်းသူအဆောင်တွေနဲ့ ကျောင်းသားအဆောင်တွေဖြစ်တဲ့ ခပေါင်း၊ ဒူးယား၊ အုန်းတော၊ ပုပ္ပါး အဆောင်တွေကြားမှာ မိုးလင်းဖွင့်တဲ့ စားသောက်ဆိုင်တန်းရှိတယ်။ ကိုတိုးတို့ ကိုရဲတို့က စက်မှုတက္ကသိုလ်က ဆရာ (နံမည်မမှတ်မိတော့ဘူး) ဖွင့်ထားတဲ့ ကန်သာယာ စားသောက်ဆိုင်မှာထိုင်ဖြစ်ကြတာများတယ်။

ကိုတိုးတို့ကို အဲဒီတုန်းက လူသိနည်းသေးတယ်။ နာမည်မကြီးသေးခင်ကိုး။ ကိုရဲကိုတော့ ဘေ့စ်ကိုရဲလွင်၊ ကိုနေဝင်းကိုတော့ မောင့်လပြည့်ဝန်း၊ ကိုမောင်ကတော့ အဉ္ဇလီမောင်မောင် နာမည်တွေသိကြပေမယ့် သူတို့ဘယ်သူတွေဆိုတာ လူနဲ့နာမည်တွဲမသိတဲ့သူများတယ်။ စိုင်းထီးဆိုင်ရဲ့ မောင့်လပြည့်ဝန်းပါတဲ့ စိတ္တဇအလွမ်း၊ ခိုင်ထူးရဲ့ အဉ္ဇလီ အခွေတွေထွက်ပြီးတဲ့ ကာလတွေပါ။

ဒသကောလိပ်တွေမှာ သင်္ချာနဲ့ ဇီဝဗေဒ အဓိကမေဂျာ နှစ်ခုပဲရှိတယ်။ ဆေးကျောင်းသွားချင်ရင် ဇီဝဗေဒကိုယူ၊ အင်ဂျင်နီယာကျောင်းသွားချင်ရင် သင်္ချာကိုယူ၊ ဒေသကောလိပ် ၂ မှာ ကျနော်က သင်္ချာယူထားတော့ မနက် ၇ နာရီကျောင်းတက်ရတယ်။ မနက်ပိုင်းမတက်ဖြစ်တာများပါတယ်။ အတန်းထဲမှာ သူငယ်ချင်းအသစ်တွေရလာတယ်။ ဗဟန်းကနေကျောင်းလာတက်တဲ့ ဂစ်တာတီးတဲ့မိုးကျော်၊ တောင်ကြီးက ညီညီ (ကွယ်လွန်)၊ ပုသိမ်က ခင်မောင်စိုး၊ မြင်းခြံက မောင်နီ (ကွယ်လွန်)တို့ပါ။ ကျနော်တို့အတန်းက M8, ကျနော့်ခုံနံပါတ်က 1427, မိုးကျော်နဲ့ ကျနော်က ခုံနံပါတ် ရှေ့နဲ့နောက်။

ရင်တုန်းက မိုးကျော်က သီရိဆောင်၊ မာလာဆောင်ရှေ့တွေမှာ ညဘက်တီးနေ ဆိုနေကျ။ သူနဲ့ကျနော် ကျောင်းမှာအတွဲများလာတယ်။ သူလည်း အင်ကြင်းဆောင်အနောက်မှာ ဂစ်တာလာလာတီးတယ်။ သူ ညဘက်အင်ကြင်းဆောင်ကို ဂစ်တာလာတီးရင် ကိုဗစ်(ကိုဆလိုင်းဇာလျန်း) ပါ တခါတခါ ပါလာတတ်တယ်။ အဲလိုညမျိုးဆို ဘေ့စ်ဂစ်တာသမားနှစ်ယောက် ကိုရဲနဲ့ ကိုဗစ်တို့ဆုံကြတဲ့ညတွေ။ သူတို့လက်သွေးကြတာတွေ နားထောင်မဝခဲ့ဘူး။ မိုးကျော်က လိဒ်ဂစ်တာသမားပီပီ ဂစ်တာကို ဆလိုက်ဒ် ဆွဲပြီးတီးတတ်တယ်၊ တိတ်ဆိတ်တဲ့အဆောင်ညတွေမှာ ဂီတသံစဉ်တွေနဲ့မူးယစ်ကြတဲ့အမှတ်တရညတွေပါ။

ကိုရဲ ၆ မိုင်က ခရမ်းပြာလို့လူသိများလာမယ့် ရတနာမြိုင်အဆောင်ကိုပြောင်းပြီးလာနေတော့ ကျနော်နဲ့အတူ မိုးကျော်လည်း လိုက်လိုက်လည်တတ်တယ်။ ဒါပေမယ့် ကိုရဲတို့နဲ့ မိုးကျော် သိပ်မတွဲဖြစ်ကြပါဘူး…။ မိုးကျော်က အဲဒီအချိန် တေးပန်းချီ (The Aces) မှာ တီးနေပြီ။ မေ စတူဒီယိုမှာ တီးဖြစ်တာများတယ်၊ တဂျူတီကို ၇၅ ကျပ် သူရတယ်။ လ္ဘက်ရည်တခွက် ၁ ကျပ်၊ ဒူးယား ၃ လိပ် ၁ ကျပ်ခေတ်။

မိုး ကျော်က ညဘက်အဆောင်မှာ ဂစ်တာတီးပြီးရင် အဆိုတော်မွန်းအောင်ရဲ့သူငယ်ချင်း နော်ဂျာ နေတဲ့ ပညာရေးတက္ကသိုလ်ဝင်းထဲက နဝဒေးအမျိုးသားအဆောင်မှာ သွားသွားအိပ်တတ်တယ်။ သူအနေများခဲ့တာက ရန်ကုန်တက္ကသိုလ်ဝင်းထဲက judson ဘုရားရှိခိုးကျောင်းနားက ဆရာအိမ်တအိမ်ဖြစ်တဲ့ ဖာသာကိုလေး တို့အိမ်ပါ။ (Father) ဖာသာကိုလေးရဲ့ သားတွေဖြစ်တဲ့ ကိုကို၊ ညီညီတို့နဲ့ သွားနေခဲ့တာပါ။

ဘိုတင့် (ရာပြည့်) က ကျနော့် ထက်အသက်ကြီးတယ် ၆ နှစ်။ ဒါပေမဲ့ သူငယ်ချင်းလိုနေကြဆက်ဆံကြတာ။ ဘိုတင့် လို့လဲ ခေါ်တာနှုတ်ကျိုးနေပြီ။ ဘိုတင့်က သူ့ ပါဝါမျက်မှန် အဝိုင်းရယ်၊ ဂျင်းဘောင်းဘီကို မန္တလေးဖိနပ် နဲ့တွဲစီးတာ၊ လွယ်အိပ်က အမြဲလွယ်လျက်ပဲ။ တခါတခါ တော့ အင်းလေးပုဆိုးနဲ့ပေါ့၊ သူနေတာက ကန်တော်ကလေးမှာ (အောင်ဆန်းကွင်းနား)၊ အရင် သူက သင်္ဘောသား၊ ပိုက်ဆံစုပြီး အခွေထုတ်တာ၊ သီချင်းရေးတာအပြင် သီချင်းဆိုချင်တဲ့ ပိုးကလဲ အပြည့်လေ။ ၁၉၈ဝ လောက်က စ ပြီး သူအမြဲတမ်း ခရမ်းပြာမှာကျင်လည်တော့တာ။ သူနဲ့အတူ ရစ်ချက် (သက်နိုင်ဦး) လည်းမကြာမကြာလာတယ်။

အဲဒီအချိန် ဘိုတင့်နဲ့ မိုးကျော် သိပ်မတွဲဖြစ်ကြတော့ဘူး။ မိုးကျော်က The Aces ဝိုင်းမှာတီးနေပြီမို့မတွေ့ဖြစ်ကြတာ။ မိုးကျော်က သိပ်နောက်တာပြောင်တာမရှိဘူး၊ သူသိပ်ရင်းနှီးတဲ့သူမှ နောက်တတ်တာ …။

ဒီ လိုနဲ့ ကျနော်တို့ ဒေသကောလိပ်က ပထမနှစ်စာမေးပွဲ အတွက်ဖြေကြရပြီ။ မိုးကျော်နဲ့ကျနော်က ဘာစာမှ မရဘူး၊ ကျောင်းမှမှန်အောင်မတက်ခဲ့ကြတာ။ ဒါပေမယ့် မေးခွန်းတွေက သူငယ်ချင်းတယောက်ဆီက ရထားတယ်။ ဒါနဲ့ နှစ်ယောက်သား စာခိုးချဘို့ Field Jacket တထည်စီ ဝတ်ပြီး ဂျာကင်အိတ်အများကြီးထဲ စာတွေဖြဲထည့်ပြီးခိုးချဘို့ လုပ်ကြတယ်။ ဖြေရတာက သူနဲ့ ကျနော်က ရှေ့ခုံ နောက်ခုံ၊ ဖြစ်ချင်တော့ စာမေးပွဲခန်းထဲ နွေခေါင်ခေါင် Field Jacket ကြီးတွေနဲ့ ချွေးတွေပြန်ပြီး ဘယ်မေးခွန်းရဲ့ အဖြေက ဘယ်အိတ်ထဲ ထည့်ထားမှန်းမသိနဲ့ နှစ်ရောက်သား အောင်မြင်စွာ စာမေးပွဲကျကြလေသတည်းပေါ့ဗျာ….။ ကျန်တဲ့သူငယ်ချင်းတွေ ညီညီတို့ မောင်နီတို့ ခင်မောင်စိုးတို့က ကျောင်းတက်မှန်ပြီးအောင်သွားကြတယ်။

မိုး ကျော်က အရက်နဲ့မတည့်ဘူး၊ ကျနော်က အရက်သောက်တယ်၊ မိုးကျော်နဲ့ပေါင်းပြီး အငြိမ်လိုင်းလည်းဝင်ပူးတာပါပဲ၊ နေ့ခင်းပိုင်းဆို ကွန်ပစ်မယ်၊ ငါးစားမယ်၊ သဇင်ငြိမယ်၊ မုတ်တော့ ကျနော် မပူးဘူး။ မိုးကျော်အဆောင်တွေမှာ ညဘက် ဂစ်တာလာလာတီးတဲ့အခါ တခါတလေကျ Ground Sheet အခင်းနဲ့ ရေနွေးဘူးနဲ့ လာတတ်တယ်။ သူအမြဲဆိုနေကြက တေးမြံငှက်၊ နောက်တပုဒ်က ကော်ပီသီချင်း။ ဒေဗီ ရဲ့ “တောသားလေး ရွာအပြန်” သီချင်းပါ။

“တောသားလေး ရွာအပြန်”

* နေညိုချိန်မှာ ရေခပ်ဆင်းတဲ့ တောအလှတွေ
ပုလွေသံရှည် ရေတွင်းနားမှာဝေ
နွားနီနွားပြာ အော်ဟစ်ငေါက်တဲ့ ခွေးလေးရေ
ကိုယ်ပြန်လာပြီ ဇာတိမွေးဌာနေ
(တော့ဓလေ့စရိုက်ကို တမ်းတရင်းနဲ့
မြို့က ကျောင်းသားမောင် ပြန်လာပလေ)၂

* အရုဏ်လာရင် လုပ်ငန်းစဖို့ ကျွဲနွားပြင်
ဝေလီဝေလင်း အချမ်းဓာတ် မပြယ်ခင်
ပူပူလောင်လောင် ကောက်ညှင်းပေါင်းနဲ့ ‘ဖွတ်’၊ ‘ပုတတ်’ ကင်
အဆာပြေ ဟိုတယ်ထက်လည်း ကောင်းတယ်ထင်
(ဗမာ့ဓလေ့ထုံးစံ တောက ဆက်ခံ
ရိုးရာ ချစ်စရာ မူဟန်ပန်)၂

* မြန်မာဆန်ဆန် ဆံတောက်ဖားနဲ့ တောအလှတွေ
စိုစိုပြေပြေ ရှုတိုင်းတင့်တယ်နေ
လယ်ယာတခွင်မှာ ပါးကွက်ကြားနဲ့ ကောက်စိုက်နေ
မူယာမာယာ မများတတ်သူတွေ
(မြို့ကဆေးခြယ် တောက အ,ရိုးတယ်
ရိုးရိုးလေးနဲ့ ယဉ်ပေတယ်)၂

* သာယာစိုပြေ ရှုတိုင်းမောတဲ့ မွေးရပ်မြေ
ရွာအပြင်မှာ မြစ်ကြီးစီးကာခွေ
လေပြည်လာရင် မြေသင်းရနံ့တို့ သင်းပျံ့နေ
လယ်ယာတခွင်မှာ အနှံ့ဝင်းဝါရွှေ
(လပြည့်ညမှာ စကားဝိုင်းဖွဲ့ကာ
အကြမ်းအိုးတအိုးနဲ့ ပျော်ရွှင်စရာ)၂

* နဒီမင်္ဂလာ မြစ်ကမ်းနဖူးက ကုန်းမြင့်မှာ
စေတီတဆူ တည်ထား သပ္ပာယ်စွာ
ရွာအ၀င်မှာ သင်္ကန်းကပ်လို့ ကောင်းမှုရှာ
ညီညီညာညာ သဒ္ဓါတရားထက်သန်စွာ
(တယောက်တလှည့်အားနဲ့ ပြုကြကုသိုလ်
သွေးစည်းကြစို့ ညီအစ်ကိုပမာ)၂

ဘို တင့် (ရာပြည့်) အသံသွင်းတဲ့ မေ စတူဒီယိုမှာ ACES နဲ့ တီးခတ်တဲ့ ရာပြည့် ရဲ့ တကိုယ်တော် ဒုတိယစီးရီး “နဒီမင်္ဂလာ”တေးစုသွင်းတော့ ကျနော်က မိုးကျော်နဲ့ ခဏခဏလိုက်သွားဖြစ်တယ်။ မေ စတူဒီယိုမှာ Aces နဲ့ သွင်းတဲ့ သူ့စီးရီးတွေ၊ သူဆိုတဲ့အထဲ ကျနော်ကြိုက်တဲ့သီချင်းတွေက ညဘက်အဆောင်တွေမှာ အမြဲတရင်းတနှီးကြားပြီးသား တေးရေးကိုမောင်မောင်တို့ ကိုရဲတို့ သီချင်းတွေ။

ကိုယ်မငိုတတ်တော့ဘူး၊ ပန်းခရမ်းပြာ၊ ပန်းဇာတ်သိမ်း၊ ညီမလေးရေ စဉ်းစားစမ်း၊ နာမည်ပျက်လူဆိုး၊ နဒီမင်္ဂလာ၊ မပုံလို့လဲ ပုံခဲ့တယ်….။ အဆောင်ညတွေမှာ ကိုရဲ၊ ကိုမောင် သူတို့ကိုယ်တိုင်ရေးပြီးဆိုခဲ့ကြတဲ့သီချင်းတွေပေါ့၊ အဲဒီအချိန်တွေတုန်းက သူတို့ရေးပြီး ဘယ်သူ့မှမရောင်းသေးခင် သူတို့ကိုယ်တိုင်ဆိုကြတော့ နားထောင်ရတဲ့အရသာက အခွေထွက်ပြီးမှ နားထောင်ရတာနဲ့ ကွာတယ်၊ မတူဘူး၊ နောက်တခုက အဆောင်နောက်ဖက်ညဥ့်နက်ပိုင်းတွေမှာ လရောင်နဲ့ လွတ်လွတ်လပ်လပ်ဆိုကြတီးကြတဲ့အချိန်တွေလဲဖြစ်ခဲ့တာကိုး…. တကယ်လွမ်းစရာကောင်းတဲ့သီချင်းတွေပါ။

မိုး ကျော်က ဘိုတင့်(ရာပြည့်) ကို သူငယ်ချင်းသံယောဇဉ်ကြီးတယ်၊ သီချင်းတိုင်းကို တကယ်စေတနာအပြည့်နဲ့တီးပေးခဲ့တယ်၊ ဒါတောင်အဲဒီအချိန်က သူက Second Lead သမား၊ ဘိုတင့် ရဲ့သီချင်းတွေမှာ သေချာနားထောင်ကြည့်၊ Lead Slide ကစားထားတာတွေက မိုးကျော်လက်ရာတွေ၊ အတီးသမားတွေအားလုံးပြီးသွားပေမဲ့ မိုးကျော်က ဘယ်တော့မှ အားမရဘူး၊ သူထပ်ဖြည့်တီးတာအမြဲပဲ…။ ဘေ့စ်တီးတဲ့ ကိုဗစ် (ကိုဇာလျန်း)၊ Drum တီးတဲ့ အော်စကာသန်းတင် ကလဲ စေတနာအပြည့်ပါ၊ စမ်းချေင်းမှာရှိတဲ့ အော်စကာ့အိမ်ကို မိုးကျော်နဲ့ ၃ ခေါက်လောက်ရောက်ခဲ့ဖူးတယ်။

ဟာ မိုနီ ဆိုအလှည့်ရောက်တော့ ကျနော်တို့ သူငယ်ချင်းအားလုံး Vocal ခန်းထဲဝင်ပြီးဝိုင်းအော်လိုက်ကြတာ အသံဖမ်းနေတဲ့ ကိုရဲခေါင်တော့စိတ်ညစ်မှာပဲလို့ ခုမှ ပြန်တွေးမိတယ်၊ တကယ်တော့ သူအသံမဖမ်းခဲ့ပါဘူး၊ တယောက်တပေါက် ကောင်းကောင်းနဲ့ ဝိုင်းအော်နေကြတာကိုး။ ခဏနားတဲ့အချိန်ကျတော့ အသံသွင်းခန်းမအပြင် ခြံထဲမှာ ကိုဗစ် (ကိုဇာလျန်း)၊ Drumer အော်စကာသန်းတင်တို့ မိုးကျော်တို့ ကက်ဆက်ဖွင့်ပြီး သီချင်းတွေနားထောင်နေကြတယ်၊ (အဲဒီခေတ်က ကက်ဆက်ခေတ်ကိုး)။

သူ တို့ တဝိုင်းထဲ အတူတီးနေကြပေမဲ့ အကြောင်းကိစ္စမရှိရင် တယောက်နဲ့တယောက်သိပ်စကားမပြောကြဘူး၊ ကိုယ့် အတွေးနဲ့ကိုယ်ပဲနေကြတာ၊ ခဏနေတော့ ကိုရဲခေါင်ကလှမ်းမေးတယ်၊ အတီးပိုင်းမှာ ဘယ်သူတွေ ဘာတွေထပ်ဖြည့်ချင်ကြသေးလဲ တဲ့၊ အဲဒီမှာ မိုးကျော်က ကျနော်ထပ်လိုက်ချင်သေးတယ်ဆိုလို့ ကျနော်ပါ မိုးကျော်နဲ့ အတီးခန်းထဲသူတီးတာ လိုက်နားထောင်တယ်၊ မိုးကျော်က အဲဒီတုန်းက Second Lead တီးတာ၊ Lead တီးတာက ပက်ထရစ်၊ မိုးကျော်က သူ့ ဂစ်တာနဲ့ သူလိုမယ်ထင်တဲ့နေရာတွေမှာ Slide လိုက်ဖြည့်တာ။

သီ ချင်းသွင်းတော့ မေ စတူဒီယိုမှာ၊ သူတော်တော်ကုန်သွားတယ်။ ပိုက်ဆံပြောတာ။ အသံသွင်းတဲ့နေ့တိုင်း အပေါင်းအသင်းတွေအားလုံးကို ဒိုင်ခံပြုစုတာ၊ အချိုကြိုက်သူတွေအတွက်အချို၊ အကြမ်းကြိုက်သူတွေအတွက်အကြမ်း..လုံးဝ လိုလေသေးမရှိ၊ ကျနော်ရောက်တဲ့အချိန်က အတီးပိုင်းတွေပြီးပြီ၊ သူ့ အဆိုထပ်တဲ့နေ့တွေ၊ ကျနော်က မိုးကျော်နဲ့ပါလာတာ၊ အဲဒီတုန်းက ဘိုတင့်က သူ့ စီးရီးပန်းခရမ်းပြာအတွက်အတော်ကြိုးစားခဲ့ပါတယ်၊ ထင်သလောက်မပေါက်ခဲ့တာတော့ သူ့ကုသိုလ်လို့ပဲပြောရမှာပဲ။

သူ အမေရိကရောက်တဲ့အချိန်မှာ သူနဲ့အတူနေကြတာက ကျနော်နဲ့ တော်လှန်ရေးမှာ ခင်ကြသိကြတဲ့သူတွေ၊ ခြင်္သေံ့ကြီး ခေါ် အံ့ကူနဲ့နေတယ်၊ ကျနော်နယူးယောက်ရောက်ပြီး ၅နှစ်အကြာ ၂ဝဝ၉ ထဲမှာ၊ သူဖုန်းဆက်တော့ မိုင်ကျော်ခင်းရေ မင်း Dennis (မွန်းအောင်) နဲ့ အဆက်အသွယ်ရှိလား၊ အားလုံးကိုသတိရတယ်ကွာ၊ ခရမ်းပြာရော၊ ကိုအုန်းမြင့်(ရီဇော်)၊ ကိုရဲ၊ ကိုတိုး၊ ကိုနေဝင်း၊ ကိုမောင်၊ မိုးကျော်..အားလုံးပဲကွာ..အရင်လိုဘဝတွေပြန်မရတာကိုလွမ်းတယ်၊ သီချင်းတွေလဲရေးဖြစ်တယ်…။ သူပြောတာအများကြီးပါ၊ သူ့သီချင်းအသစ်တွေတော့ လူချင်းမဆုံဖြစ်တော့ ကျနော်လဲမကြားခဲ့ရပါဘူး…အမေရိကားမှာနေကြတယ်ဆိုပေမဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းလေ…အဝေးကြီး….။

သူကွယ်လွန်တဲ့အချိန်က ၂ဝဝ၉ ခုနှစ် ၊ ဒီဇင်ဘာ (၉)ရက်နေ့၊ အမေရိကန်ပြည်ထောင်စု ၊ ဆန်ဖရန်စစ္စကိုမြို့၊ ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာပါ၊ သူဆုံးတဲ့အချိန်မှာ သူ့အသက် (၅၄) နှစ်…..။

A ces တီးဝိုင်းက မင်္ဂလာဆောင်တွေမှာတော့ လက္ခံတီးပေးတယ်၊ တခါသား ကျနော်မိုးကျော်နဲ့ အင်းလျားလိပ်ဟိုတယ်မှာ တီးတာလိုက်သွားဖူးတယ်။ မင်္ဂလာကြင်စဦးမောင်နှံအတွက် ဆိုတီးပေးတဲ့သီချင်းကျနော်တော်တော်ကြိုက်တယ်၊ မူရင်းအဆိုရှင် သွှအောင် ရဲ့ “ရက်မြတ်မင်္ဂလာ” သီချင်းပါ ။ 

http://vocaroo.com/i/s1tun2nkfX2B

Aces အဖွဲ့ကသီချင်းစီးရီးတွေကိုလက်ခံပြီး နောက်ခံတီးဝိုင်းအနေနဲ့တီးပေးတာများတယ်။ အဲဒီအချိန်ကာလတွေမှာ Stage Show တွေခေတ်စားနေတဲကအချိန်ပေါ့။ Play Boy၊ E Machine၊ The King၊ The Wild Ones။ ဒါပေမဲ့ Aces က Stage Show တခါမှမတီးဘူး၊ မိုးကျော်မဆုံးခင် ၁၉၈၄ ခုနှစ် ရွှေတိဂုံဘုရား အနောက်ဖက်မုဒ် တပေါင်းပွဲမှာ Stage Show တီးဖို့စီစဉ်ထားတယ်။ အဲဒါ Aces ရဲ့ ပထမဆုံး Stage Show ပွဲပါ၊ Aces တီးဝိုင်းအဖွဲ့သားတွေအတွက် ဝတ်စုံ အဖြူရောင်ကုဒ်အင်္ကျီဘောင်းဘီ ဝမ်းဆက်တွေတောင်ချုပ်ပြီးကြပြီ။

မိုး ကျော်နဲ့ကျနော်က RC2 မှာစာမေးပွဲ နှစ်ခါကျပြီးပြီဆိုတော့ စာပေးစာယူပြောင်းတက်ကြဖို့ လုပ်နေကြတဲ့အချိန်၊ သူ စတူဒီယိုမှာတီးရတဲ့အပိုင်းတွေအားတဲ့အချိန်ကျ စာပေးစာယူသွားလျှောက်ကြမယ်ဆိုပြီးတိုင်ပင်ထားကြတယ်။ ၁၉၈၄ ခုနှစ်ဖေဖေါ်ဝါရီထဲမှာ၊ အဆိုတော်နွဲ့ယဉ်ဝင်းရဲ့ မင်းသားစီးရီးသွင်းတဲ့ရက်ပိုင်းတွေ ကျနော်တို့နှစ်ယောက်မြေနီကုန်း တပင်ရွှေထီးရုပ်ရှင်ရုံဘေးက ညလုံးပေါက်ဖွင့်တဲ့ လ္ဘက်ရည်ဆိုင်မှာဆုံကြတယ်၊ ညတိုင်းနီးပါးပါပဲ။ တခါတခါ ဘေ့စ်ဂစ်တာတီးတဲ့ ကိုဗစ် (ကိုဇာလျန်း) က ဘေးမှာထိုင်ပြီး ကျနော်တို့တိုင်ပင်တာကိုနားထောင်တတ်တယ်။

.နွဲ့ယဉ်ဝင်းရဲ့ မင်းသားစီးရီးသွင်းတဲ့နောက်ဆုံးညမှာ ကျနော်တို့နှစ်ယောက် ရွှေတောင်ကြားလမ်းထဲမှာ တိတ်ဆိတ်တဲ့ညသန်းခေါင်ကျော် လမ်းလျှောက်ကြရင်း ကျနော်တို့နှစ်ယောက်ရဲ့ ပညာရေးအတွက် စာပေးစာယူကျောင်းဆက်တက်ကြဖို့တိုင်ပင်ကြပြန်တယ်။ အဲဒီအချိန်မှာ ကျနော်ကလဲ ပန်းချီဆရာရူးရူးနေတဲ့အချိန်ပါ။ ရန်ကုန်တက္ကသိုလ်နှစ်လည်ပန်းချီပြပွဲတွေနဲ့ ကံ့ကော်ရွာ၊ Wild Eyes စတဲ့ပန်းချီပြပွဲတွေမှာ ဝင်နွဲနေတဲ့အချိန်ပါ။ မိုးကျော်က သူ နွဲ့ယဉ်ဝင်းရဲ့ မင်းသားစီးရီးမှာ တီးတဲ့အပိုင်းပြတ်ပြီဆိုတော့ အားပြီဖြစ်လို့ နောက် ၃ ရက်နေရင် RASU ဝင်းထဲက ဦးချစ်လ္ဘက်ရည်ဆိုင်မှာ နေ့လည် ၁၂ နာရီဆုံဖို့ချိန်းတယ်။

ကျ နော်တို့အဲဒီညကပြောတဲ့စကားတွေမှာ မိုးကျော်ပြောတဲ့စကားတွေက တချို့ထူးဆန်းနေတယ်။ ကျနော့်ကို သူ့ ခံစားချက်တွေရင်ဖွင့်နေတာ။ လူတွေကိုသူ သိပ်မယုံကြည်တော့တဲ့အကြောင်း၊ သူဘယ်လောက်ပဲ တခြားသူတွေအပေါ်ကောင်းကောင်း သူ့အပေါ်မှာနားလည်မှုမပေးကြတဲ့အကြောင်းတွေရင်ဖွင့်တာပါ။

“မင်းကျော်ခိုင်ရာ တချို့သူတွေက စေတနာနဲ့ မတန်ကြဘူးကွာ..၊ နောက် ဘွဲ့လက်မှတ်မရှိရင် ငါတို့ဘဝက လူရာမဝင်တော့ဘူးလား၊ ဘွဲ့ လက်မှတ်ရှိပြီး ပညာမတတ်တဲ့သူတွေနဲ့ ငါ ဘယ်လိုမှ ဆက်ဆံလို့မရတော့ဘူးကွာ…၊ဘာပဲဖြစ်ဖြစ်လေ မင်းနဲ့ငါ ကျောင်းပြန်တက်မယ်၊ ဒို့ ဦးချစ်ဆိုင်မှာဆုံမယ်၊ ပြီးရင် စာပေးစာယူသွားလျှောက်ကြမယ်ကွာ … …”။
(အဲဒီစကားတွေ သူ ကျနော့်ကို မထင်မှတ်ပဲနောက်ဆုံးပြောသွားတဲ့စကားတွေပါ)

နာက်နှစ်ရက်နေတော့ ကျနော်အိမ်မှာရှိနေတုန်း ကိုရဲတို့ကိုတိုးတို့နဲ့ ခရမ်းပြာအဆောင်မှာအတူနေတဲ့ ကိုစိုးထွန်း ကျနော့်အိမ်ရောက်လာတယ်။ မျက်နှာမကောင်းဘူး၊ မိုင်ကျော်ခင်း… ရော့ သတင်းစာ ဖတ်ကြည်လိုက်အုန်း နာရေးစာမျက်နှာကို တဲ့။ ကျနော့်အမေက အသံကြားလို့ မီးဖိုခန်းကနေထွက်လာပြီး သား ဘယ်သူဘာဖြစ်လို့လဲလို့မေးတော့ သူငယ်ချင်းလာတာအမေ လို့ပြောပြီး သတင်းစာဖတ်ကြည့်လိုက်တော့ နာရေးသတင်းမျက်နှာမှာ မောင်မိုးကျော် (အသက် ၂၆ နှစ်) တဲ့ … ၁၉၈၄ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်ကွယ်လွန်သည်…တဲ့၊ သတင်းလာပေးတဲ့ ကိုစိုးထွန်းလဲ မိုးကျော်ဆုံးပြီးမကြာခင်သူလဲ ဆုံးရှာတာပါပဲ။

မိုးကျော်ဆုံးသွားပုံအကြောင်း ရင်းနှီးတဲ့သူငယ်ချင်းတွေပြောပြတာက …..
မိုးကျော်အိမ်ပြန်သွားပြီး သူ့အမေကိုပြောတယ်
“အမေ သားတို့ တပေါင်းပွဲ Stage Show နီးပြီအမေ၊ သားရဲ့ ဝတ်စုံ အဖြူရောင်ဝမ်းဆက်ကို အမေ သ ထားပေးနော်” လို့ သူ့အမေကိုပြောခဲ့သေးတယ်။

နေပိုင်းမှာ သူ့အဖေအပြင်ကနေဝယ်လာတဲ့ ခေါက်ဆွဲကြော်တွေကို ညီအကိုတွေအတူတူစားကြပြီး သူ့အခန်းထဲဝင်သွားတယ်။ ညပိုင်းမှာ သူ့ညီမက အိမ်ဘေးကနေပတ်ပြီး သူ့အခန်းမှန်ပြူတင်းပေါက်ကကြည့်လိုက်တော့ သူ့လက်မှာ သွေးကြောတွေ ဓားနဲ့ဖြတ်ထားပြီး သွေးအလူးလူးဖြစ်နေတာမြင်တော့ အခန်းတံခါးဖျက်ပြီး မိုးကျော်ကို ချက်ခြင်းဆေးရုံပို့ကြတယ်။ ဒါပေမဲ့ မိုးကျော် သွေးလွန်တာများပြီး ဆေးရုံကဆရာဝန်တွေလဲ မကယ်နိုင်ခဲ့ကြပါဘူး။

ဆေးရုံကိုအသွား လမ်းမှာသူ့ကိုရင်ခွင်ထဲပွေ့ထားတဲ့ သူ့အဖေကို
“ကျနော်တော့ မရတော့ဘူး အဖေ”လို့ပြောခဲ့သေးတယ်။

မိုးကျော်အိမ်က ကမ္ဘာအေးဘုရားလမ်းက ကြည်အေးကိတ်မုန့်တိုက်ဘေးက အိမ်ပါ။

ကျနော်နဲ့မိုးကျော်လည်း ဦးချစ်ဆိုင်မှာ ပြန်မဆုံနိုင်ကြတော့ပါဘူး…
ကျနော်လည်း ကျောင်းဆက်မတက်ဖြစ်တော့ပါ။

မိုးကျော်ဆုံးတော့ ၁၉၈၄ ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ သူ့အသက် ၂၆နှစ် (၁၉၅၈ ဖွား)

ခိုင်ထူးလည်း ဆုံးသွားခဲ့ပါပြီ၊ ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ဖွား၊ ကွယ်လွန်တော့ ၂ဝ၁၇ ခုနှစ် သြဂတ်စ်လ ၉ ရက်နေ့ ၊ သူ့အသက် ၆၁ နှစ်။

ဘိုတင့် (ရာပြည့်) ဆုံးတော့ ၂ဝဝ၉ ခုနှစ် ၊ ဒီဇင်ဘာ (၉)ရက်နေ့၊ သူ့အသက် ၅၄နှစ် (၁၉၅၅ ဖွား)

ဘိုတင့်က မိုးကျော်ဆုံးတော့ မိုးကျော်ကိုအမှတ်တရအနေနဲ့ သီချင်းရေးပြီးဆိုတယ်၊ တကောင်တည်းပဲ..ခြင်္သေ့ စီးရီးမှာ ..သီချင်းနာမည်က “တေးမြုံငှက်သို့ တမ်းချင်း”။ https://www.youtube.com/watch?v=XFFNiRyWQuI

ခိုင်ထူးရဲ့ မကောင်းလည်းကိုယ်၊ ကောင်းလည်းကိုယ် (၁၉၈၅) စီးရီးမှာ မိုးကျော်အတွက် သတိရစွာ ရာပြည့်နဲ့ သားထွေးတို့ ရေးစပ်ခဲ့ကြတဲ့ “၈၄ ရက်စက်တယ်”
စာသား- ရာပြည့် ၊ သံစဉ် – သားထွေး
တေးဆို – ခိုင်ထူး ၊ သားထွေး (၁၉၈၄)
တေးဂီတ – တေးပန်းချီ (The Aces) ၊ Usher.  https://www.youtube.com/watch?v=Ds6coGghZXQ

မိုးကျော် 
(တင်ဝင်း ဆေး/မန်း ရေးသားပြီး ခိုင်ထူး ဆိုသည် ) 
http://www.mediafire.com/file/rrswy8f474iwzcv/

ကြွေချိန်မသင့် ကြွေတဲ့ပန်းမို့ – ရေး/ ဆို- ကိုနေဝင်း
https://soundcloud.com/tinak-784725228/vdl8hab2b9xz

မိုးကျော်နောက်ဆုံးခရီးဆက်ထွက်သွားတော့ အနောက်တိုင်းဝတ်စုံအဖြူရောင်နဲ့ပါ။
အဲဒီနှစ် ၁၉၈၄ ရွှေတိဂုံဘုရားတပေါင်းပွဲမှာ တီးမဲ့ Aces အဖွဲ့ရဲ့ Stage Show အစီအစဉ်ဖျက်လိုက်ပါတယ်။

မင်းကျော်ခိုင်

စာကြွင်း(၁)။

မိုးကျော်ရဲ့ဓာတ်ပုံတွေမရခင်တုန်းက ကျနော် မိုးကျော်ရဲ့ပုံပြန်မြင်ယောင်ပြီးရေးခဲ့ဖူးပါတယ်၊ ၂၀၁၃ ခုနှစ်တုန်းကပါ။
ခုတော့ သူ့တူဆီက မိုးကျော်ရဲ့ပုံတွေ တွေ့ရမြင်ရတဲ့အတွက် ဝမ်းသာ၊ ဝမ်းနည်းဖြစ်ရတဲ့အပြင် အတိတ်ကာလတွေကို ပြန်မြင်ယောင်အောက်မေ့မိရပါကြောင်း….။

စာကြွင်း(၂)။

ကျနော့် မိုးကျော်အမှတ်တရစာစုအတွက် –
ဓာတ်ပုံ ခရက်ဒစ် Kyaw Zay Ya and Shu Hone
သီချင်းခေါင်းစဉ်တွေနဲ့ စားသားတွေရှာဖွေအကူအညီပေးခဲ့တဲ့ ညီငယ် သားငယ် Zin Wai Latt ကိုကျေးဇူးတင်ပါတယ်။