ဇော်မင်း –
အနာဂတ်မြန်မာနိုင်ငံ စီးပွားရေးပေါ်လစီကို မပြောကြခင် ကျနော့်၏အမြင်

.

လုပ်ပိုင်ခွင့်ရှိသူ လူနည်းစုသာ
အကျိုးရှိသထက်ရှိလာမဲ့ စီးပွားရေးပေါ်လစီမျိုးဟာ
တခါတရံ အချို့နိုင်ငံများမှာ
နှစ်ရှည်လများ သက်ဆိုးရှည်နေတာကိုလည်း လေ့လာမှတ်သားဖူးသည်။
အဲသလို နိုင်ငံမျိုးတွေဟာ များသောအားဖြင့်
စစ်အာဏာရှင် (သို့မဟုတ်)
စစ်ဘုရင် အသေးစားတွေ (သို့မဟုတ်)
အရပ်သား အာဏာရှင်တွေ (သို့မဟုတ်)
အာဏာ တကယ်မရှိတဲ့ ရုပ်သေးအစိုးရ (သို့မဟုတ်)
အရပ်သားအစိုးရကဲ့သို့
ပုံဖျက်ထားတဲ့သူတွေ အုပ်ချုပ်နေတဲ့ တိုင်းပြည်တွေမှာ အဖြစ်များလေ့ ရှိသည်။

.

နာဂတ်မြန်မာနိုင်ငံမှာ ဘယ်လို စီးပွားရေးပေါ်လစီတွေကို ချမှတ်ကျင့်သုံးသင့်သလဲလို့ မေးလာခဲ့ရင် ကျနော့် အနေနဲ့က စီးပွားရေး ပညာရှင်မဟုတ်တော့ လိပ်ပတ်လည်အောင်ပြောနိုင်လိမ့်မည် မထင်ပါ။ သို့သော် ကျနော် နားလည်ထားတာ တခုကတော့ ဘယ်လိုစီးပွားရေး ပေါ်လစီမျိုးကိုပဲ ကျင့်သုံးကျင့်သုံး လူများစုပြည်သူတွေ၊ နိုင်ငံသားတွေ အကျိုးရှိရမဲ့ ပေါ်လစီ ဖြစ်ဖို့ လိုတာကိုတော့ ထောက်ပြလိုသည်။

နိုင်ငံသား အများစုကြီးအတွက် အကျိုးမဲ့တဲ့ စီးပွားရေးပေါ်လစီမျိုး ဖြစ်နေရင်တော့ ကျနော့်အနေဖြင့် ထောက်ခံလိမ့်မည် မဟုတ်ပါ။ လုပ်ပိုင်ခွင့်ရှိသူ လူနည်းစုသာ အကျိုးရှိသထက် ရှိလာမဲ့ စီးပွားရေး ပေါ်လစီမျိုးဟာ တခါတရံ အချို့နိုင်ငံများမှာ နှစ်ရှည်လများ သက်ဆိုးရှည်နေတာကိုလည်း လေ့လာမှတ်သား ဖူးသည်။ အဲသလို နိုင်ငံမျိုးတွေဟာ များသောအားဖြင့် စစ်အာဏာရှင် (သို့မဟုတ်) စစ်ဘုရင် အသေးစားတွေ (သို့မဟုတ်) အရပ်သား အာဏာရှင်တွေ (သို့မဟုတ်) အာဏာ တကယ်မရှိတဲ့ ရုပ်သေးအစိုးရ (သို့မဟုတ်) အရပ်သားအစိုးရကဲ့သို့ ပုံဖျက်ထားတဲ့သူတွေ အုပ်ချုပ်နေတဲ့ တိုင်းပြည်တွေမှာ အဖြစ်များလေ့ ရှိသည်။ 

မြန်မာပြည်မှာလည်း ကနေ့ အခြေအနေကို ပြန်ကြည့်ရင် စီးပွားရေးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေဟာ ဈေးကွက်စီးပွားရေးဆိုတဲ့ အမည်အောက်မှာ စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ စီးပွားဖက်တွေကသာ ချုပ်ကိုင်ထားတာကို တွေ့နေရသည်။ နိုင်ငံသား အများစုကတော့ စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ ကြောက်မက်ဖွယ်ကောင်းအောင် နိမ့်ကျလာနေတာကလည်း ငြင်းလို့မရတဲ့ အချက်ပါ။ 

မြန်မာစစ်အစိုးရက ဒီမိုကရေစီထွန်းကားဖို့ လမ်းခင်းပေးနေတယ်လို့ပြောနေသည်။ သို့သော် တဖက်တွင်လည်း စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖြစ်ဖို့လိုတယ်ဟုပြောသေးသည်။ ဘယ်လို စည်းကမ်းတွေနဲ့ ပြည့်ဝနေရမလဲ ဆိုတာကိုတော့ သူတို့ကိုယ်တိုင်လည်း နိုင်ငံသားတွေကို သေသေချာချာ ချပြထားခြင်း မရှိသေးပါ။ ထားပါတော့။

ခုလာမည့် ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့မှာ ရွေးကောက်ပွဲတခု ကျင်းပပေးမယ်လို့လည်း စစ်အစိုးရက ကြေညာထားသည်။ နိုင်ငံခြားသားတွေကတော့ ပေါ်လာမဲ့ အစိုးရသစ်ကို ဘယ်လိုမြင်မလဲမသိ။ ကျနော်ကတော့ ထိုရွေးကောက်ပွဲကနေ ပေါ်လာမဲ့ အစိုးရသစ်ဟာ ဒီမိုကရေစီ အစိုးရမဟုတ်ဘဲ ရုပ်သေးအစိုးရ ဖြစ်မှာကိုလည်း ကြိုပြီးမြင်ယောင် မိသေးသည်။ ရုပ်သေးမှာမှ ရိုးရိုး ရုပ်သေးမဟုတ်၊ ကြိုးတချောင်း နှစ်ချောင်းသာ ပါသော ကြိုးနည်းနည်းနှင့် ရုပ်သေးရုပ်သာ ဖြစ်လိမ့်မည်။ ကြိုးများများနှင့် ဆိုပါက ကိုယ့်ကြိုးကိုယ်ပတ်၍ နောင်တွင် ကြိုးရှုပ်နိုင်သည် မဟုတ်လော။ 

ရုပ်သေးအစိုးရသစ်ပဲ အုပ်ချုပ်အုပ်ချုပ်၊ ကာရန်မသင့်လို့ တိုင်းပြည်ကြီး ချောက်ထဲကျဖို့ လက်တလုံးသာ လိုတော့ ၍ စစ်တပ်ကပဲ အာဏာပြန်သိမ်းပြီး အုပ်ချုပ်အုပ်ချုပ်၊ စီးပွားရေး ဆိုတာကတော့ တိုင်းပြည်အတွက် အရေးကြီးသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားတဦးအနေဖြင့် စီးပွားရေးနှင့် ဆက်စပ်လာမည့် ကိစ္စများအတွက် ကျနော် ဆန္ဒရှိသည့်အတိုင်း၊ အာသီသရှိသည့်အတိုင်း ကျနော်၏ အမြင်ကို ရေးသားလိုက်ခြင်းသာ ဖြစ်သည်။

(ထိုင်းနိုင်ငံတွင် စစ်အာဏာ အကြိမ်ကြိမ်သိမ်းခဲ့သည့် သာဓကရှိသည်။ သို့သော် စစ်အာဏာသိမ်းခြင်းကြောင့် စီးပွားရေးကို အထိခိုက်မခံခဲ့။ GDP (Gross Domestic Product) ဟုခေါ်သော ပြည်တွင်း အသားတင် ထုတ်ကုန် တိုးတက်နှုန်းသည် ၁၉၅၇ ခုနှစ်မှစ၍ နှစ်တိုင်းနှစ်တိုင်း ၇% ဝန်းကျင်တဝိုက်၌ မှန်မှန်ကြီး တိုးတက် နေခဲ့သည်ဟု စီးပွားရေးပညာရှင်များက ထောက်ပြထားသည်။ ဤသည်ကား စကားချပ်။) 

ဒါ့ကြောင့် အနာဂတ် စီးပွားရေးပေါ်လစီများကို မပြောကြခင် ကျနော်၏ အမြင်ဟု ခေါင်းစဉ်တပ်လိုက်ခြင်း ဖြစ်သည်။  

နေ့ခေတ်တွင် ယေဘုယျအားဖြင့် နိုင်ငံတခု၏ စီးပွားရေးစနစ်ထဲတွင် မိုက်ခရိုဟုခေါ်သော အသေးစား စီးပွားရေး Micro economy နှင့် မက္ကရိုဟု ခေါ်သော အကြီးစား စီးပွားရေး Macro economy ဖြစ်စဉ် နှစ်ခုစလုံး ပါဝင်ရောယှက်နေသည်။ အသေးစား မိုက်ခရိုအဆင့် စီးပွားရေးကို မျက်ကွယ်ပြု၍ အကြီးစား မက္ကရိုစီးပွားရေး စနစ်တခုတည်းကိုသာ ဇောင်းပေးလုပ်ကိုင်ခြင်းသည် ယနေ့ မြန်မာနိုင်ငံ အခြေအနေနှင့် ကိုက်ညီမှုရှိရန် အလွန်ခက်ခဲသည်ဟု ယူဆသည်။
(ဘူတန်နိုင်ငံ၏ စီးပွားရေးစနစ်သည် မိုက်ခရိုဟုခေါ်သော အသေးစား စီးပွားရေးစနစ်ထဲတွင်သာ ရှိနေသေးသည်။ အရင်းရှင်များ (သို့) စီးပွားရေးသမားများ အမြင်နှင့်ကြည့်ပါက ဘာမှ မတိုးတက်သေးသည့် တောင်ပေါ်ဒေသက နိုင်ငံငယ်လေး တခုသာဖြစ်သည်။ ဤသည်ကား စကားချပ် ) 

စီး ပွားရေးပေါ်လစီများအကြောင်း မဆွေးနွေးခင် ပေါ်လစီများ မချမှတ်မီတွင် အောက်ပါအချက်များကို လေ့လာဆန်းစစ်ဖို့တော့ လိုသည်ဟု ထင်မြင်ယူဆသည်။ ထိုအချက်အလက်များကို အကောင်အထည် မဖေါ်နိုင်ပါက၊ မျက်ကွယ်ပြုထားပါက အနာဂတ်တွင် အလွန်ကောင်းပါသည် ဟုဆိုသော စီးပွားရေးပေါ်လစီများ စာရွက်ပေါ်တွင် ရေးသားချမှတ်သည့်တိုင် ဒေသခံပြည်သူများအပေါ် အမြတ်ထုတ်နိုင်သည့် အခြေအနေများကို ရင်ဆိုင်ရမည် ဖြစ်သည်။ နိုင်ငံသားအများစု ဆင်းရဲတွင်းမှ လွတ်ကင်းဖို့ ခက်ခဲပေလိမ့်မည်။ (သို့သော် လူနည်းစုကတော့ သည့်ထက်သည် တိုးပြီးချမ်းသာလာလိမ့်မည်။ ဤကား စကားချပ်။)

၁။ မြန်မာနိုင်ငံသည် ယခုအထိ လယ်ယာမြေကို အားကိုး အခြေခံထားသော လူ့အဖွဲ့အစည်း ဖြစ်သည်။ တချိန်ထဲမှာလည်း ခေတ်မီသော လယ်ယာမြေစနစ် အဆင့်အထိ မရောက်ရှိသေးပါ။ ခေတ်နောက်ကျနေဆဲ လယ်ယာမြေ အခြေခံ လူ့အဖွဲ့အစည်း Backward agrarian society လည်း ဖြစ်သည်။ လယ်ယာထွက်ကုန်များအပေါ်မှ လယ်သမား၊ ယာသမား၊ ခြံသမားများ အကျိုးအမြတ် ဘာမှမရသလို ရေလုပ်ငန်းနှင့် တိရိစ္ဆာန်မွေးမြူသူများလည်း ထူး၍အကျိုးအမြတ် မရရှိသေး။ ဆင်းရဲနိမ့်ကျ နေဆဲဖြစ်သည်။ အထူးသဖြင့် မြေယာပိုင်ဆိုင်ခွင့်သည် ကြီးမားသော ပြဿနာတခုအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တိကျသော ဥပဒေများမရှိပါက နောင်တွင် အင်အား ကြီးမားသော ဒေသတွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ အမြတ်ထုတ်မှုများကို ဒေသခံ ပြည်သူများ လှိမ့်နေအောင် ခံကြရမည်။ 

ထို့ကြောင့် မြေယာပိုင်ဆိုင်မှု၊ လယ်ယာမြေပိုင်ဆိုင်မှု အခွင့်အရေးနှင့် ပတ်သက်၍ တိကျသော တရားမျှတသော ပြဌာန်းမှု ဥပဒေများ ရှိရမည်။ မြေယာပေါ်တွင် အသက်မွေးသူများ အတွက် မြေမဲ့ယာမဲ့ မဖြစ်ရလေ အောင် အကာအကွယ်ပေးမှုများ မရှိမဖြစ် ရှိရမည်။ (လာမည့် နိုဝင်ဘာ ရွှေးကောက်ပွဲတွင် နေရာအများဆုံး နိုင်လိမ့်မည်ဟု တစ်ပြေးနေသော ကြံ့ဖွံ့ပါတီက “လယ်လုပ်သူသာ လယ်လုပ်ပိုင်ခွင့်ရှိသည်” ဆိုသော ပေါ်လစီကိုပြောထားသည်။ “လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့် ရှိသည်” ဟုပြောမထား။ ဤသည်ကား စကားချပ်။)

၂။ နိုင်ငံတကာတွင် Market economy ဟုခေါ်သော ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေသောကြောင့် မြန်မာနိုင်ငံသည်လည်း ထိုစနစ်အတွင်းမှ သီးခြားခွဲထွက်၍ ဆောင်ရွက်ရန် မဖြစ်နိုင်ပေ။ သို့သော် Free market economy ဟု ခေါ်သော လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ် အဆင့်အထိ လုပ်ကိုင်ဆောင်ရွက်ရန် အဆင့်သင့် မဖြစ်သေးဟု ယူဆသည်။ 

ထိုင်းနိုင်ငံသည် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို သဘောတူလက်မှတ်ရေးထိုး ဆောင်ရွက်နေ သည်။ တချိန်တည်းမှာလည်း ဒေသခံ ထိုင်းလယ်သမားများ၏ နစ်နာမှုများကို ကာကွယ်ပေးရန် အားနည်းချက်များ ရှိနေသည်။ ထို့ကြောင့် ဥပမာအားဖြင့် လွန်ခဲ့သော နှစ်အနည်းက တရုတ်ပြည်မှ ကြက်သွန်နီများ အလုံးအရင်း ထိုင်းနိုင်ငံအတွင်းသို့ ဈေးပေါပေါဖြင့် ဝင်ရောက်လာသောအခါ ဒေသခံ ကြက်သွန်တောင်သူများ ဘဝပျက်လုနီးပါး အရှုံးဖြင့် ရင်ဆိုင်ရသည်။ ၎င်းအပြင် နိုင်ငံခြားရင်နှီးမြှုတ်နှံမှုများ ဖြစ်သော ဆူပါ ကုန်တိုက် ကြီးများကြောင့် ဒေသခံ အသေးစား လယ်သမားများထံမှ ထွက်ရှိသည့် ကုန်ပစ္စည်းများ ဝယ်လိုအား ကျဆင်းသွားသည့် သင်ခန်းစာများ ရှိထားသည်။

သို့ အတွက် ဒေသခံများ၏ ဘဝရပ်တည်မှု ပျက်သုန်းခြင်းကို ရင်ဆိုင်ရသည်။ အကျိုးဆက်အဖြစ် မြို့ပြသို့ ကျေးလက်မှ လူငယ်များ အလုံးအရင်းဖြင့် ရွှေ့ပြောင်း၍ အလုပ်အကိုင်ရှာကြသည်။ ပြည်တွင်း လုပ်သားအင်အား domestic work force အစုလိုက် အပြုံလိုက် နေရာရွှေ့ပြောင်း ကြသည်ဖြစ်၍ လုပ်သားအင်အား တည်ငြိမ်မှုမရှိ။ ထို့ကြောင့် အိမ်နီးချင်း နိုင်ငံများမှ တရားမဝင် လုပ်သားများနှင့် အစားထိုးရသည်။

(ထို့အပြင် ရွှေ့ပြောင်းနေသော လုပ်သား အင်အားစုများအကြား အရွယ်ကောင်း၍ ပညာ မတတ်သော မိန်းကလေးအချို့ မြို့ကြီးပြကြီးများတွင် ပြည့်တန်ဆာ ဘဝသို့ ရောက်ကြရသည်။ နိုင်ငံခြား တိုင်းပြည်များမှ စီးပွားရေး ပိတ်ဆို့ခြင်းကို မခံရသော ထိုင်းနိုင်ငံတွင်လည်း ထိုကဲ့သို့ ပြဿနာများ ကြုံတွေ့နေရသည်။ စီးပွားရေး အလျှင်အမြန် တိုးတက်လာနေပါသည် ဆိုသော တရုတ်ပြည်တွင်လည်း အလားတူ ပြဿနာများ ရင်ဆိုင်နေရသည်။ ဤသည်ကား စကားချပ်။) ထို့အတွက် ဒေသခံ မှီတင်းနေထိုင် သူများ၏ အမျိုးမျိုး အဖုံဖုံသော တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများ (အသေးစားလယ်ယာပိုင်ဆိုင်ခြင်း အပါအဝင်) ကို ကာကွယ်ပေးဖို့လိုအပ်သည်။

ထို့ကြောင့် ဈေးကွက် Market အတွင်း အသေးစား တောင်သူလယ်သမာများ၏ ထွန်ယက်ခြင်း၊ ထွက်ကုန်၊ ရောင်းကုန်များကို အစိုးရမှ အကူအညီနှင့် အကာကွယ်ပေးရသည့်စနစ် မရှိမဖြစ် ရှိရမည်။ ဈေးကွက်အတွင်း အကာကွယ်ပေးမှု protectionism within market ဟု အကြမ်းဖျဉ်းသဘော ပြောနိုင်သည်။ 

၃။ မြန်မာပြည်သည် မတူကွဲပြားသော ဌာနေတိုင်းရင်းသားများ မှီတင်းနေထိုင်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားဒေသများအတွင်း (ဒေသခံ အရင်းရှိသူများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ပူးတွဲမြှုပ်နှံခြင်း၊ တိုက်ရိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ) အစရှိသူများ၏ အကျိုးအမြတ် တိုးပွားလာရေး တခုတည်းကိုသာ ဦးတည်သော လုပ်ငန်းကြီးများကို စည်းမျဉ်း ဥပဒေများနှင့် အညီ ထိန်းချုပ်ရန် အထူးလိုအပ်သည်။ လတ်တလော မြန်မာပြည်တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ (၈) ဘီလီယံ ကျော်ရှိနေသည်။ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုက (၇.၄) ဘီလီယံခန့်ရှိနေသည်။ 

ထို့

ကြောင့် ဒေသခံ တိုင်းရင်းသားများမှ ၎င်းတို့ဒေသအတွင်း ရေရှည်တွင် အကျိုးမပြုသော လုပ်ငန်းများ လာရောက်လုပ်ကိုင်မြှုပ်နှံခြင်းကို သဘောမတူကန့်ကွက်ပါက ထိုကဲ့သို့ လုပ်ငန်းများအတွက် လာရောက်ရင်းနှီးမြှုပ်နှံခြင်းကို တားဆီးခြင်း (သို့မဟုတ်) ထိန်းညှိခြင်း (သို့မဟုတ်) လျှော့ချခြင်း အစရှိသည်တို့ကို ဆောင်ရွက်ရန် လိုအပ်သည်။ ဤသည်မှာ တိုင်းရင်းသား ဒေသ၏ သဘာဝအရင်းအမြစ်နှင့် လူမှုနေထိုင်မှုဘဝကို အကာကွယ်ပေးခြင်းဟုလည်း ဆိုနိုင်သည်။ လတ်တလောအားဖြင့် ဥပမာ တခုကို တင်ပြရလျှင် ရှမ်းပြည်နယ်အတွင်း တေဇပိုင် ထူးကုမ္ပဏီကို သစ်တန်တသိန်း ခုတ်ခွင့်ပြုသည့် ကိစ္စမျိုးကို မြင်နိုင်သည်။ နောက် တချက်ကတော့ တရုတ်ကုမ္ပဏီများနှင့် ပေါင်း၍ သံလွင်မြစ်ကို ဖြတ်ကာ ဆည်ကြီးများ တည်ဆောက်ခြင်းဖြစ်သည်။ ဧရာဝတီမြစ်ကို ပိတ်၍ ဆည်ကြီး (၇) ခု တည်ဆောက်မည် ဆိုသည်များလည်း အကြုံးဝင်သည်။ 

ထို့ကြောင့် တိုင်းရင်းသား ဒေသခံတို့၏ သဘာဝအရင်းအမြစ်များ (သစ်တော၊ မြစ်ချောင်းအင်းအိုင်၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တု တူးဖော်ခြင်းနှင့် အခြားအရင်းအမြစ်များ) ကို အကာအကွယ်ပေးသည့် ဥပဒေများ စနစ်များ မရှိမဖြစ် လိုအပ်သည်။ တိုင်းရင်းသား ဒေသခံတို့၏ သဘာဝ အရင်းအမြစ်ကို ကာကွယ်ပေးခြင်းသည် နိုင်ငံ၏ အရင်းအမြစ်များကို ကာကွယ်ပေးခြင်းနှင့် အတူတူဖြစ်သည်။

၎။ အထက်တွင် တင်ပြခဲ့သည်အတိုင်း မြန်မာပြည်သည် လယ်ယာမြေကို အခြေခံနေဆဲဖြစ်သည့် လူ့အဖွဲ့အစည်း ဖြစ်သည်။ နောင်တွင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွင်း အင်အားကြီးသော နိုင်ငံတကာ ကော်ပိုရေးရှင်းများ ပါဝင်လာနိုင်သည်။ သို့မဟုတ် ဒေသခံအရင်းအနှီးကြီးသူများ အုပ်စီးသော ကန်ထရိုက် လယ်ယာစိုက်ပျိုးရေး contract farming အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်။ လတ်တလောတွင် ထိုသို့ဖြစ်နေသည်များ ရှိသည်။ (ဥပမာ တနင်္သာရီ တိုင်းအတွင်း ထိုင်းကုမ္ပဏီများအား ဆီအုန်းစိုက်ပျိုးရန် မြေဧက ခုနှစ်သိန်း အသုံးပြုခွင့် ပေးလိုက်ခြင်းမျိုး။ ရခိုင်ပြည်နယ် အတွင်းရှိ စပါးစိုက်မြေ ဧက ငါးသောင်းအား ဘင်္ဂလားဒက်ရှ် ကုမ္ပဏီသို့ အငှား ချထားခြင်းမျိုး။)

ထို့အတွက် မူလက အသေးစား လယ်သမားများ တသီးပုဂ္ဂလ လယ်သမားများအဖြစ် ဆက်လက် မရပ်တည် နိုင်တော့ဘဲ ဆီအုန်းခြံများနှင့် မိမိတို့ မူလလုပ်ကိုင်ခဲ့သော လယ်မြေပေါ်တွင် လခ စားဘဝသို့ ရောက်ရှိ ကုန်ကြသည်။ ထိုဆီအုန်းခြံများနှင့် ကန်ထရိုက်လယ်များသည် အသေးစား လယ်သမား တဖြစ်လဲ ဆီအုန်းခြံ လခစားသမားများနှင့် လခစား လယ်သမားများအတွက် ရေရှည်အလုပ် အာမခံချက် ပေးနိုင်မပေးနိုင် ဆိုသည်မှာ မသေချာပါ။ 

ထို့ကြောင့် မူလရှိထားပြီးသော အသေးစား လယ်သမား၏ ဘဝနေထိုင်မှုပုံစံ ပျက်ယွင်းခြင်းမှ ကာကွယ်ပေးရန် လိုအပ်သည်။ ထို့ကြောင့် အသေးစားလယ်သမားများကို ကူညီပံ့ပိုး ကာကွယ်ပေးရန် ဥပဒေများ၊ စနစ်များ မရှိမဖြစ် လိုအပ်သည်။

၅။ မြန်မာနိုင်ငံ၏ ရေမြေသဘာဝအရ စိုက်ပျိုးမြေများစွာရှိသလို တိရိစ္ဆာန်မွေးမြူရေး အတွက်လည်း ကောင်းမွန်သော စားကျက်မြေများ ရှိသည်။ ထိုစားကျက်မြေများကို ကာကွယ်ပေးရန်လည်း လိုအပ်သည်။ သို့မဟုတ်ပါက နောင်တွင် ထိုစားကျက်မြေကြီးကို စိုက်ပျိုးမြေအဖြစ် အသွင်ပြောင်းလဲလိုက်ခြင်း၊ ထိုစားကျက်မြေပေါ်တွင် စက်ရုံများ၊ ကုန်တိုက်ကြီးများ၊ ဟော်တယ်နှင့် ရီဆော့များ၊ cash crops ဟုခေါ်သော ငွေဖြစ်လွယ်သော ကာလပေါ် စိုက်ပျိုးခင်းများ ပေါ်ပေါက်လာ နိုင်သည်။ ဤသို့ဖြစ်လာပါက တိရိစ္ဆာန် မွေးမြူခြင်းဖြင့် အသက်မွေးသူများ၏ လူနေမှုဘဝပုံစံ ပျက်ယွင်းသွားနိုင်သည်။ (ငွေဖြစ်လွယ်သော ကာလပေါ် စိုက်ပျိုးခင်း ဆိုသည်မှာ ကမ္ဘာ့ဈေးကွက် အတွင်း ပြောင်းဈေး ကောင်းနေပါက ပြောင်းဖူးများ စိုက်ပျိုးပြီး၊ ကြံဈေးကောင်းသောအခါ ကြံများစိုက်ပျိုးခြင်းကို ဆိုလိုသည်။ ထို့အတွက် မူလက တိရစ္ဆာန်စားကျက်များ ပြောင်းခင်းဖြစ်လိုက် ကြံခင်းဖြစ်လိုက် အဖြစ်မျိုးနှင့် ကြုံရနိုင်သည်။ ပြောရလျှင် စပါးခင်းများတောင် ဤပြဿနာနှင့် ရင်ဆိုင်ရနိုင်သည်။ ဤသည်ကား စကားချပ်။) 

ပမာအားဖြင့် အီသီယိုပီးယားနိုင်ငံတွင် စားကျက်မြေအကျယ်အဝန်းက နိုင်ငံ၏ ၆ဝ% ရှိသည်။ ထိုစားကျက်မြေများအား ဝါဂွမ်းပြောင်းစိုက်ခြင်း၊ ဟော်တယ်နှင့် ခရီးသွားလုပ်ငန်းအတွက် နိုင်ငံခြား တိုးရစ်များ လည်ပတ်ရန် စီမံ လုပ်ဆောင်သောကြောင့် တိရိစ္ဆာန်မွေး၍ အသက်မွေးဝမ်းကြောင်း ပြုသော လူမျိုးအုပ်စုများ ဒုက္ခတွေ့ရသည်။ ထိုသတ်မှတ်ထားသော စားကျက်နေရာများသို့ မူလကကဲ့သို့ တိရိစ္ဆာန်ကျောင်းခြင်း မပြုလုပ်နိုင်တော့။ နောက်ဆက်တွဲအဖြစ် စီးပွားရေးသာမက လူမှုရေး၊ ယဉ်ကျေးမှုနှင့် အုပ်စုအခွင့်အရေးများပါ ဆုံးရှုံးခြင်းကို ရင်ဆိုင်ရသည်။ တချိန်တည်းမှာလည်း ဝါဂွမ်းစိုက်ခင်းများနှင့် တိုးရစ်များ လည်ပတ်ခြင်းမှ ထင်သလောက် ဝင်ငွေ မရသောကြောင့် နောက်ပိုင်းတွင် အစိုးရကိုယ်၌လည်း အရှုံးနှင့်ရင်ဆိုင်ရသည်။ ဘယ်သူ့အတွက်မှ အလုပ်ဖြစ်။ 

ထို့ကြောင့် လယ်မြေ၊ ခြံမြေ၊ စားကျက်မြေနှင့် အခြားတည်ရှိနေသာ မြေများကို အမျိုးအစားကိုလိုက်၍ ဥပဒေများ နည်းစနစ်များဖြင့် တိတိကျကျ သတ်မှတ် ကာကွယ်ပေးရန် အထူးလိုအပ်သည်။ မြေယာပိုင်ဆိုင်မှုနှင့် မြေယာပိုင်ဆိုင်ခြင်း အခွင့်အရေးများကို ပြောနေသည့် တချိန်ထဲတွင်လည်း ရေလုပ်ငန်းနှင့် ပတ်သက်၍ တိကျသော ခိုင်မာသော ဥပဒေများ နည်းစနစ်များလည်း လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော မြန်မာ နိုင်ငံသည် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်း ရှိသော နိုင်ငံဖြစ်သောကြောင့်ပင်။ ယခုအခါ ရေလုပ်ငန်း ကုမ္ပဏီများ ကြီးပွား၍ စီးပွားဖြစ်နေသော်လည်း သာမန် ရေလုပ်သားများသည် လယ်သမားများ ကဲ့သို့ပင် ယခုအထိ ဆင်းရဲတွင်းမှ မတက် နိုင်သေးပါ။ 

ခြားတည်ရှိနေသော မြေများ ဆိုသည်မှာ ဘိုးဘွားဘီဘင် တလျှောက်လုံး နေထိုင်လာခဲ့သော အိမ်မြေများ လည်း အပါအဝင်ဖြစ်သည်။ အိမ်ဆောက်ထား၍ နေထိုင်နေသော မြေများကို အကြောင်းအမျိုးမျိုးကြောင့် တရားလက်လွတ် သိမ်းယူခြင်း မပြုနိုင်ရန်လည်း ဥပဒေများ အခိုင်အခန့် ရှိနေရမည်။ ထို့အပြင် နိုင်ငံတော်က ပိုင်ဆိုင်သောမြေ၊ ပြည်သူအများက ပိုင်ဆိုင်သောမြေ၊ ရိုးရာအရ တိုင်းရင်းသား အုပ်စုများ ပိုင်ဆိုင်သောမြေ၊ ဘာသာရေးအရ တည်ရှိသောမြေနှင့် တသီးပုဂ္ဂလိက ပိုင်ဆိုင်သောမြေများ ကွဲကွဲပြားပြား ရှိဖို့လိုသည်။ ဥပဒေအရ အကာအကွယ် ပေးမှုရှိရမည်။ 

နောက်ဆက်တွဲအနေဖြင့် တင်ပြလိုသည်ကတော့ အောက်ပါအတိုင်းဖြစ်သည်။ 

ဂျ ပန် ကိုရီးယားနှင့် ထိုင်ဝမ် နိုင်ငံတို့သည် အာရှတိုက်တွင် ယခုအခါ ချမ်းသာ၍ စက်မှုဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများဖြစ်သည်။ ထိုနိုင်ငံများ၏ နောက်ခံသမိုင်းသည်လည်း မူလက လယ်ယာမြေကို အခြေခံခဲ့သော လူ့အဖွဲ့အစည်း ဖြစ်သည်။ ထိုနိုင်ငံများ စက်မှုထွန်းကားလာဖို့ ဆောင်ရွက်သည့် ကြားကာလများတွင် လယ်ယာမြေ ကဏ္ဍကို ပစ်မထားဘဲ ဦးမော့လာအောင် ဆောင်ရွက်ရင်းမှ စက်မှုထွန်းကားခြင်းသို့ တက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်တွင်လည်း စီးပွားရေးကဏ္ဍတွင် အခြားကဏ္ဍများကို တိုးတက်အောင် ဆောင်ရွက်နေသည့် တချိန်တည်း၌ နိုင်ငံသားအများစု မှီခိုအားထား နေရသော လယ်ယာမြေကဏ္ဍကို လျစ်လျှူရှု၍ မထားသင့်ဟု ဆိုလိုခြင်း ဖြစ်သည်။ 

ကျနော်အခု တင်ပြဆွေးနွေးတဲ့ အချက်များကို သဘောတူနိုင်သည့် သူများရှိသလို သဘောမတူနိုင်သည့် သူများ လည်း ရှိမှာသေခြာသည်။ ဥပမာအားဖြင့် အရှေ့တောင် အာရှဒေသ အတွင်းတွင် စင်္ကာပူပုံစံကို ကြိုက်သည့်သူများနှင့် စင်္ကာပူပုံစံကို နမူနာယူလိုသည့် ပညာရှင်များက သဘောတူလိမ့်မည် မဟုတ်ပါ။ စင်္ကာပူနိုင်ငံ၏ သဘာဝသည် မိုက်ခရိုထက် မက္ကရိုစီးပွားရေးကို ပို၍အားသန်သောကြောင့်ဖြစ်နိုင်သလို စင်္ကာပူနိုင်ငံ၏ တိုးတက်ဖြစ်ထွန်းမှု သမိုင်းနှင့် နှိုင်းယှဉ်ပါက ကျနော်၏တင်ပြချက်များက သီးခြားစီဖြစ်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ဆက်ရှင်းပါမည်။ 

မြန်မာနိုင်ငံဟာ တဖက်မှာလည်း မတူကွဲပြားသော လူမျိုးများ စုပေါင်းနေထိုင်ရာ ဖြစ်တာကြောင့် အရေးကြီး သည်။ တိုင်းရင်းသား လူမျိုးတမျိုးဟာ နိုင်ငံရဲ့ စီးပွားရေးပေါ်လစီမှ ပေါ်ထွက်လာသော အကျိုးဆက်ကြောင့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ရအောင် စဉ်းစားတွက်ချက်ရတာ ဖြစ်သောကြောင့် လူဦးရေ အလွန်နည်းသော စင်္ကာပူနှင့်တူနိုင်ဖို့ ခက်ခဲသည်။ ယုတ်စွအဆုံး ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်တို့နှင့် စံပြနှိုင်းယှဉ်တာတောင် ကြီးမားသော ကွဲလွဲချက်များ ရှိနေသေးသည်။ 

ဘာ ကြောင့်လည်း ဆိုတော့ ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံများ အားလုံးဟာ Strong government လို့ သတ်မှတ်ထားတဲ့ အားအင်ကောင်းသော အစိုးရတရပ်အောက်မှာ တက်ညီလက်ညီ အလုပ်လုပ်ခဲ့တဲ့ Homogeneous society လူမျိုးတမျိုးသာရှိတဲ့ (လူမျိုးကွဲ ရှိလျှင်လည်း အလွန့်အလွန် နည်းပါးသည်) လူ့အဖွဲ့အစည်းများ ဖြစ်နေလို့ပါ။

ကျနော်တို့ တိုင်းပြည်ကတော့ Heterogeneous society မတူကွဲပြားသော လူမျိုးများ နေထိုင်ရာနိုင်ငံဖြစ်လို့ လူမျိုးတခု ကြီးပွားကောင်းစားဖို့ နောက်လူမျိုး တစုစုကို နစ်နာထိခိုက်မှု မရှိအောင် သတိထား ဆောင်ရွက်ရမှာ ဖြစ်လို့ပါပဲ။ (မြန်မာစစ်အစိုးရသည် အားအင်ကောင်းသော အစိုးရ အမျိုးအစားအထဲတွင် မပါဝင်သလို အုပ်ချုပ်နေသူများကလည်း အာဏာရှင်လုံးလုံး ဖြစ်နေသောကြောင့် (တပိုင်းတစ အာဏာရှင်မျိုးတောင် မဟုတ်)၊ တိုင်းရင်းသားအုပ်စု များပြားသောနိုင်ငံတွင် အပြန်အလှန် ထိန်းညှိမှု မရှိသောကြောင့် ပြဿနာများဖြင့် ချာလည်လိုက်နေ၍ မည်သို့သော ဖွံ့ဖြိုးတိုးတက်မှုကိုမှ မဆောင်ရွက်နိုင်ခဲ့ပါ။ ဤသည်လည်း စကားချပ်ဖြစ်သည်။) 

ချို့ကတော ဆိုပါလိမ့်မည်။ ခင်ဗျားပြောသလို အားလုံးကို ငဲ့နေရင် စီးပွားရေးတိုးတက်မှု နှေးကွေးလိမ့်မယ်လို့ ဆိုကောင်း ဆိုပါလိမ့်မည်။ ကျနော်ရဲ့ ကိုယ်ပိုင်အယူအဆကတော့ စီးပွားရေးတော့ မြန်မြန်တိုးတက်မယ် သို့သော် အင်အားကြီးတဲ့ အင်အား ကောင်းတဲ့ တိုင်းရင်းသား လူမျိုးကသာ ခံစားစံစားရမယ်၊ အင်အားနည်းတဲ့ အုပ်စုကတော့ မခံစားရဘူးဆိုတဲ့ လမ်းကို မနှစ်သက်ပါ။ အင်အားကြီးတဲ့ တိုင်းရင်းသား လူမျိုးတမျိုးသာ ကောင်းစားတယ် ဆိုတဲ့နေရာမှာ မြန်မာတွေက လူများစုဖြစ်နေလို့ မြန်မာတွေအားလုံး ကောင်းစားလိမ့်မယ်လို့လည်း မထင်ပါ။ မြန်မာလူမျိုးထဲမှာတောင် စစ်တပ်နဲ့ အလွမ်းသင့်သူ မြန်မာလူနည်းစု စီးပွားရေး အုပ်စုများသာ ကောင်းစားပါလိမ့်မယ်။ ဒါ့ကြောင့် နှေးချင် နှေးပါစေ လူ့အဖွဲ့အစည်းအတွင်း တတ်နိုင်သမျှ တတ်စွမ်းသမျှ တရားမျှမျှတတ နည်းလမ်းကျကျနဲ့ သွားနိုင်မယ့် စီးပွားရေးပေါ်လစီမျိုးကို ပိုပြီးနှစ်သက်သည်။ 

တိုင်းပြည်အတွင်းက လူ့အဖွဲ့အစည်း တခုလုံး တိုးတက်ဖို့ ဆောင်ရွက်တဲ့ ကိစ္စကလည်း မြန်ချင်တိုင်း မြန်လို့ရသည့် အလုပ် မဟုတ်ပါ။ မြန်မြန် ကြီးပွားလိုတာကြောင့် အသေးစား မိုက်ခရိုစီးပွားရေးကို ပစ်ထားပြီး၊ အကြီးစား မက်ခရို စီးပွားရေး ပုံစံကိုပဲ ဇောင်းပေးမယ်ဆိုရင် ဖားခုန်သလို ခုန်ပျံကျော်လွှားတိုးတက်မှု Leap-frog development ဖြစ်နေတာမို့ လူနည်းစုသာ ချမ်းသာဖို့ ဖြစ်ပြီး အခန့်မသင့်ရင် မြန်မာနိုင်ငံလို လူမျိုးပေါင်းစုံ တည်ရှိနေတဲ့ လူ့အဖွဲ့အစည်းမှာ ချက်ခြင်းပြန်ပြီး ပြိုကျနိုင်တယ် လို့ သုံးသပ်သည်။

(ဒီနေရာမှာ ဘူတန်နိုင်ငံ အကြောင်းကို ပြန်ကောက်ပါ့မည်။ ဘူတန်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ချီးကျူးရလောက်အောင် (သို့) အိမ်နီးချင်း နိုင်ငံများအကြား ဝင်ပြိုင်ရလောက်အောင် မတိုးတက်သေးပါ။ GDP လည်းနိမ့်ကျနေဆဲ နိုင်ငံဖြစ်သည်။ သို့သော် GNH (Gross National Happiness) အမျိုးသား အသားတင် ပျော်ရွှင်မှုထုတ်ကုန်ကတော့ ကမ္ဘာပေါ်မှာ အမြင့်ဆုံး ဖြစ်သည်ဟု နိုင်ငံတကာက ဖွံ့ဖြိုးတိုးတက်ရေး ဆရာကြီးများက တင်စားပြဆိုထားသည်။ ဘူတန် နိုင်ငံသားတို့ ဆင်းရဲသော်လည်း ပျော်ရွှင်ကြသည်။ ဘာကြောင့်ဆိုတာ ဆန်းစစ်ဖို့ မလိုပြီလော။ ဤသည်လည်း စကားချပ် ဖြစ်သည်။)

ချိန်တည်းမှာလည်း ကျနော်တို့ ဝန်ခံရမှာတော့ အနာဂတ် မြန်မာနိုင်ငံရဲ့ စီးပွားရေးပေါ်လစီကို အသေးစား မိုက်ခရို စီးပွားရေး တခုထဲအပေါ်မှာ အခြေပြုလို့ မရသလို အကြီးစား မက္ကရိုစီးပွားရေး တခုတည်းကိုသာ ဇောင်းပေးရင်လည်း အများစု ဖြစ်နေတဲ့ ဆင်းရဲသား နိုင်ငံသားများအတွက် အကျိုးမရှိဘူးလို့ သုံးသပ်မိသည်။ အပြန်အလှန် ထိန်းညှိနိုင်မဲ့ လမ်းကိုသာ ရွေးရမည် ဖြစ်သည်။ ထိုသို့ အပြန်အလှန် ထိန်းညှိရန်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စအဝဝတွင် နိုင်ငံသားများ၏ ပူးပေါင်းဆောင်ရွက်မှုက မဖြစ်မနေ အထူးလိုအပ်သည်။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ခွင့်ပြုရမည်။

ထက်ကချည်းပဲ ချပေးသော ပေါ်လစီကို လိုက်၍ အကောင်အထည် ဖော်ရခြင်းမျိုးက ရေရှည်အတွက် အကျိုးမရှိ။ နိုင်ငံသားတို့ နစ်နာနေခြင်း ရှိ-မရှိ သိရှိရန် နိုင်ငံသားတို့၏ အသံကိုလည်း နားထောင်ရန် လိုအပ်သည်ဟု ဆိုလိုရင်း ဖြစ်သည်။ နိုင်ငံသားတို့ နစ်နာနေသမျှ ဝေဖန်ရေး အမျိုးမျိုးတို့သည်လည်း ကြိုက်သည်ရှိစေ မကြိုက်သည်ရှိစေ ထောင့်ပေါင်းစုံမှ လာနေဦးမှာ ဖြစ်သည်။ ထို့အတူ နိုင်ငံသားအများစု နစ်နာနေသော တိုင်းပြည်သည် ဘယ်တော့မှ ငြိမ်းချမ်း၍ သာယာ ဝပြောသည့် နိုင်ငံတော် ဖြစ်မလာပါ။ 

ဇော်မင်း
၁၃ ရက် သြဂုတ်လ ၂ဝ၁ဝ ခုနှစ် 

Source:
http://fine-leaves.blogspot.com