ကမာပုလဲ –
ဝေဒနာ ပိတောက်

.

ပိ တောက်ကို ကျနော်ချစ်သည်။ ပိတောက်ပန်းကို ကျနော်ချစ်သည်။ ကျနော် ငယ်စဉ်ကတည်းက ပိတောက်ပန်းကို ချစ်သက် မြတ်နိုးခဲ့ရသည်ဆိုလျင် လွန်မည်မထင်ပါ။

ကျနော် ငယ်ငယ်က မိသားစုနှင့် အတူနေထိုင်ခဲ့သော အိမ်ငယ်ကလေး၏ မလှမ်းမကမ်းတွင် ပိတောက်ပင်ကြီး တပင် ရှိပါသည်။ အများသူငါ ဥဒဟို သွားလာနေကျ လမ်းကြားကလေး၏ နံဘေးတွင် အဆိုပါ ပိတောက်ပင်ကြီး ရှိနေပါသည်။ မည်သူက စိုက်သွားခဲ့သလဲ၊ မည်သူတွေက ရေလောင်းပေါင်းသင်ခဲ့သလဲ ဆိုတာကို ကျနော်မသိခဲ့။ အိမ်က အမေ၊ အမတွေကလည်း ပြောမပြ။ သူ့အလိုလို ပေါက်ရောက်ရှင်သန်နေသည့် ပိတောက်ပင်ကြီး အဖြစ် ကျနော်သိရှိနားလည်ခဲ့ရသည်။ ပိုင်ရှင်တိတိကျကျ မရှိ။ အလေ့ကျ ပေါက်နေသော ပိတောက်ပင်းကြီး အဖြစ်သာ။

.နွေ ….

ရမ်းလွန်ရောင်ခြည်တို့ စည်းလွတ်ဝါးလွတ် မင်းမူလာသည့် တနှစ်ပြီးတနှစ်နွေသည် ကျနော်တို့ကလေးငယ်များ၏ ခန္ဓာကိုယ်ကို နှိပ်စက်ကလူ ပြုနေကျဖြစ်လာသည်။ မိဘများက အိမ်ပြင်ထွက် မဆော့ရအမိန့်ကို ထုတ်ပြန်လိုက်၏။ ကျနော်တို့ ကလေးများကလည်း လူကြီးများ လစ်လျင်လစ်သလို ထွက်ထွက်ဆော့၏။ ထိုသို့ ထွက်ဆော့သောအခါတိုင်းလည်း အမေက ဝါးခြမ်းပြားကိုင်ကာ လိုက်ခေါ်၏။ ခြေသလုံးသား နုနုကို အမေ့ဝါးခြမ်းပြားက အားမလိုအားမရ နမ်း၏။ နီရဲသွားသော အရှိုးရာကလေးတွေ ပေါ်လာ၏။ မျက်နှာပေါ်တွင် တလိမ့်လိမ့်စီးကျနေသော မျက်ရည်တို့သည် ပုလဲလုံးလေးတွေ များဖြစ်လိုက်လျင် ဒီတသက် စားလို့ကုန်မည်မထင်ပေ။

ဆော့ရမနေနိုင်သော ကျနော်တို့ ကလေးများအဖို့ ပိတောက်ပင်ကြီး၏ အေးမြသောအရိပ်သည် ကျနော်တို့၏ တခုတည်းသော နွေရာသီ ကွန်းခိုဆော့ကစားရာ ဖြစ်လာပါတော့သည်။ အမေကလည်း ပိတောက်ပင်ကြီး၏ အရိပ်အောက်မှာ ဆော့မည်ဆိုလျင် ခွင့်ပြုခဲ့လေသည်။ ထို့ကြောင့် မသိစိတ်နဲ့လား သိစိတ်နဲ့လားတော့မသိ၊ ကျနော်ငယ်ငယ်ကတည်းက ပိတောက်ကို ချစ်ခဲ့သည်မှာ သေချာပါသည်။

တည…

လှုပ်လှုပ်နဲ့ အလုပ်ရှုပ်နေသည့် အဖေ့ကြောင့် ကျနော် အိပ်ရာက နိုးလာသည်။ ဘေးကို စမ်းကြည့်တော့ အမေလည်း ပျောက်နေသည်။ မီးခွက်အလင်းရောင်ကနေ အရိပ်နှစ်ခု ကို ခြင်ထောင်ထဲမှ တွေ့မြင်နေရသည်။ အရိပ်တခုက အိမ်ခေါင်မိုးနား ကပ်နေသည်။ ခြင်ထောင်ကို အသာ မ ဖွင့် ကြည့်လိုက်တော့ အဖေနဲ့ အမေကို တွေ့ရသည်။ အမေက အောက်ကနေ အဖေ့ကို ဓနိပျစ်ပိုင်းကလေးတွေ ကမ်းပေးနေသည်။ အဖေက မိုးယိုသည့် နေရာများကို သူ့လက်တဖက်ဖြင့် စမ်းကာ ပျစ်စားထိုးနေသည်။ ခုမှ သတိထားမိသည်။ တဖောက်ဖောက်နဲ့ နွေခေါင်ခေါင်ကြီး မိုးရွာနေတာကိုး။ အမေ့ကို မေးကြည့်တော့ ဒါ သင်္ကြန်မိုးလေ သားရဲ့ လို့ အဖြေပေးသည်။ သြော် … သင်္ကြန်ကျတော့မှာပါလား။

မိုး ဘယ်အချိန်မှာ တိတ်သွားသည်ကို ကျနော်မသိ။ ဆူဆူညံညံ အသံတွေကြောင့် ကျနော်သည် အိပ်ချင်မူးတူးနှင့် တခါပြန်လို့ နိုးလာခဲ့သည်။ အသံတွေကို နားထောင် စူးစမ်းနေရင်းက သစ်ကိုင်းကျိုးသံတွေ ကြားလာရသည်။ လူသံတွေလည်း ကြားနေရသည်။ ဆဲသံဆိုသံတွေလည်း ပါလာသည်။ အသံတွေက ပိတောက်ပင်ကြီးဘက်မှ ဖြစ်နေသည်။ ဘုန်းကြီးကျောင်းများဆီက တုံးခေါက်သံတွေကြားရသည်။ မနက်ခင်းကို ရောက်တော့မည်ကိုး။

`လူတွေကလည်း ခက်ပါတယ်´ ဟု အမေ့ဆီက ညည်းသံကြားရသည်။
ဘာကိုဆိုလိုမှန်းမသိ။ မှေးခနဲ တချက် ပြန်အိပ်ပျော်သွားသည်။

ပါး လျနေသော ခြင်ထောင်ပိတ်သားကိုဖြတ်ပြီး ကျနော့်အိပ်ရာထဲတွင် ပိတောက်ပန်း ရနံ့တို့ လှိုင်နေသည်။ အိပ်မက်လား။ တကယ်လား။ ကျနော် ထထိုင်လိုက်သည်။ နံနက်ခင်း၏ နေခြည်သည် ကျနော်တို့အိမ်ကလေးထဲ ချဉ်းနင်းဝင်ရောက်နေပါသည်။ ယိုင်တိုင်တိုင်နှင့် ဖွင့်ထားသော အိမ်ရှေ့ တံခါးမကြီးရှိရာ ကျနော်လာခဲ့သည်။ အိမ်ရှေ့ကို လှမ်းကြည့်မိတော့ ရေနွေးကြမ်းသောက်သော စားပွဲကြီးပေါ်မှာ အဝါရောင်တွေ တွေ့လိုက်ရသည်။ မျက်လုံးကို ပွတ်ပြီး အသေအချာကြည့်မိတော့ ဟာ … ပိတောက်ပန်းတွေ ….။

`အဖေ ညကသွားခူးခဲ့တာလား အမေ´
`ဟဲ့ ငါ့ယောက်ျားက ဘာလို့ သွားခူးရမှာတဲ့တုန်း´

`ဒါဖြင့် ဘယ်သူတွေ ခူးလာပေးလဲဟင်´
`တယ် လျှာရှည်တဲ့ ကလေးလေးပဲ ငါမသိဘူး နင့်အမကို သွားမေးကြည့်´
အဖေက ကျနော့်ကို ပြုံးကြည့်နေသည်။ ကျနော်က အမကို သွားမေးမည် ဟန်ပြင်တော့ အဖေက ကျနော့်ကို တိုးတိုးကလေးပြောသည်။
`သွားမမေးနဲ့ မင်း ဗိုက်ခေါက်ကြော လိမ်ဆွဲခံရလိမ့်မယ်´

အဲ ဒီနေ့က အမဖြစ်သူ၏ မျက်နှာထားသည် ခါတိုင်းထက် တည်နေပါသည်။ စကားပြောလည်း နည်းနေသည်။ သို့သော် ခါတိုင်းနေ့တွေထက် အမချက်သော ဒီနေ့ ဟင်းလျာသည် အရသာနှင့် ပြည့်စုံနေခဲ့သည်။ ပြီးတော့ အဆိုတော် အေ၀မ်းတင်တင်လှ ဖြစ်မည်ထင်ပါသည်။

`ပိတောက်ပွင့်ရက်ဝယ် …. မောင်လာနေကျကွယ် …´ ဆိုသည့် သီချင်းစာသားကို သနပ်ခါးလူးရင်း ဆိုညည်းနေတာကို ကျနော် သတိထားလိုက်မိသည်။ ထိုနေ့က ကျနော်တို့ အိမ်ရှေ့စားပွဲပေါ်တွင် ပိတောက်ပန်းတွေ ပွင့်ခဲ့သည်။ ဘုရားစင်ပေါ်က ညောင်ရေအိုးတိုင်းမှာလည်း ပိတောက်တွေပွင့်သည်။ မေမေ့ခေါင်းမှာရော ကျနော့်မမလေး ခေါင်းမှာပါ ပိတောက်တို့ အပြိုင်ပွင့်ခဲ့သည်။ ကျနော်တို့ ကလေးများ၏ ပါးပြင်ပေါ်မှာလည်း ပိတောက်တွေ လှိုင်လှိုင်ပွင့်ခဲ့သည်ကို ကျနော့် တသက် မမေ့နိုင်တော့ပါ။

နေ့လည်ပိုင်းရောက်တော့
`အမေ သား သွားဆော့လိုက်ဦးမယ်နော်´
`မဆော့ရဘူး´
`ဟာ အမေကလဲ ပိတောက်ပင်အောက်မှာ ဆော့မှာလေ´
`တော်တို့ ပိတောက်ပင်ကိုလည်း ကြည့်လိုက်ပါဦး´

ခါ တိုင်းမြင်နေကျ ပိတောက်ပင်ကြီးသည် ကျနော့် မြင်ကွင်းတွင် ပျောက်ဆုံး နေပါတော့သည်။ အတော့်ကိုကြည့်ယူမှ အကိုင်း၊ အခက်၊ အရွက်တို့ မဲ့နေသော ပင်စည်ငုတ်တုတ်နှင့် ပိတောက်ပင်ကြီးကို တွေ့လိုက်ရသည်။ သြော်… မနက်ကကြားနေရတဲ့ အသံတွေက ပိတောက်ပင်ကြီးကို ခုလို စီရင်လိုက်ကြတာကိုး။
နောက် နှစ်အနည်းငယ် အကြာမှာတော့ ပိတောက်ပင်ကြီးကို မြူနီစပယ်က အမြစ်ကလှန်လိုက်လေသည်။ အကြောင်းပြချက်မရှိ။ မည်သူကမျှလည်း ပိတောက်ပင်ကြီးအတွက် ၀မ်းမနည်း။ ကျနော်တို့ ကလေးများအတွက်သာ နွေခေါင်ခေါင် ခိုလှုံရာ မဲ့ခဲ့တော့သည်။

`ခုတလော သင်္ကြန်မိုး မရွာတာ သုံးလေးနှစ်ရှိပြီနော်´
`ဟုတ်တယ် ကျုပ်အမှတ်မမှားဘူး ဆိုရင် အဲဒီ ပိတောက်ပင်ကြီးကို မြေလှန်လိုက် ကတည်းက စတာပဲ ဗျ´
`အေးဗျ ပိတောက်တွေလည်း နှစ်စဉ် အချိန်မှန် မပွင့်တော့ဘူးဗျ´
`ဟုတ်တယ် … အိမ်ကကောင်လည်း နွေရာသီ သူ့ကစားကွင်းကလေး ပျောက်ဆုံးသွားတာပေါ့ ဗျာ´

ပိ တောက်ပင်ကြီး သေဆုံးသွားသလို ကျနော့်အသက်သည်လည်း တနှစ်ထက် တနှစ်ကြီးပြင်းလာခဲ့သည်။ ခါတိုင်းလို သစ်ပင်အောက်တွင် ဂေါ်လီလှိမ့်တန်း မကစားတော့။ ဘော်လုံးဘက်ကို လှည့်လိုက်သည်။ ဘုန်းကြီးကျောင်း ကွင်းပြင်မှာ ဘော်လုံးကန်ရသည် ကလည်း ရင်ခုန်စရာ အသစ်ဖြစ်သည်။ နောက်တော့ ဇာတိရပ်ရွာကို စွန့်ခွာ၊ တရပ်တကျေးမှာ ပညာရှာ … ပြီးတော့ အလုပ်စခန်းဝင် ….။

နှစ်ရှည်လများ ပိတောက်နှင့်ကျနော် မတွေ့ဆုံခဲ့တော့။ ပိတောက်က ကျနော့်ကို မစိမ်းကားခဲ့သလို ကျနော်ကလည်း ပိတောက်ကို မြတ်နိုးတသ သတိရနေဆဲ။ ဒါပေသိ ပိတောက်ပန်းသည် ကျနော်နှင့် နှစ်စဉ် မတွေ့ဆုံနိုင်ခဲ့တော့ …။

သြော် … ပိတောက်ပန်းတို့သည် ကျနော့်မမြင်ကွယ်ရာမှာ ခိုးပြီး ပွင့်နေလေရော့ သလား …

ကဒတ မြောက်ပိုင်းရဲဘော်တယောက်ရဲ့ ဈာပနကို ကျနော်ခေတ္တရောက်ရှိနေရာ နယ်စပ်မြို့ကလေးမှာ ကျင်းပဖို့ ကြုံလာခဲ့ပါသည်။ ၂၀၀၈ ခုနှစ် နွေရာသီမှာဖြစ်သည်။ ညက အဲဒီမြို့ကလေးအပေါ် မိုးတွေ သဲသဲမဲမဲ ရွာသွန်းခဲ့သည်။ မနက်ခင်းကျတော့ ရဲဘော်အတွက် ခေါင်းတလား ၀ယ်ဖို့ထွက်ခဲ့သည်။ ခေါင်းတလားဆိုင်က အဲဒီမြို့ကလေးရဲ့ ဆေးရုံကြီးရှေ့မှာ ရှိသည်။ ခေါင်းတလားဝယ်နေရင်းက ပိတောက်ပန်းရနံ့ကို ရလိုက်သလို ခံစားနေရသည်။ ဒါနဲ့ ဟိုဟို သည်သည် မျက်စိကစားကြည့်လိုက်တော့ …..

ပိတောက်တွေ ….
ဘ၀မှာ သိပ်သေချာခဲ့တဲ့ ပိတောက်တွေ ….
ဆေးရုံကြီးဝင်းထဲက ပိတောက်ပင်တွေပေါ်မှာ… ရွှေဝါရောင် ပိတောက်ပန်းတွေ ပွင့်လို့ ပါလား ….
အို … ပွင့်မှ ပွင့်တတ်ပါလေ … ပိတောက်ရယ် …..။

ကမာပုလဲ
.နွေ၊ ၂၀၁၀။

Credit @ http://cozan.blogspot.com