ဦးကိုနီလုပ်ကြံခံရမှု (၁)နှစ်ပြည့် –
အောင်မော်ဦး

.

စကားဦး

လက်နက်နိုင်ငံတော် (ဒါမှမဟုတ်) ပဒေသရာဇ်ယဉ်ကျေးမှုကို ထူထောင်မယ့် ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို အလုံးစုံဖျက်သိမ်းပြီး အသစ်ပြန်ရေးရမယ်လို့ ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ရှေ့နေကြီးဦးကိုနီလုပ်ကြံခံရတယ်ဆိုတာသိရတော့ အထူးကို တုန်လှုပ်မိပါတယ်။ 

တရားစောင့်တဲ့ တတ်သိပညာရှင်တဦးကို ဆုံးရှုံးလိုက်ရလို့ ထိခိုက်ကြေကွဲရတာကတဘက်၊
အစွန်းရောက်ဝါဒနဲ့ အစွန်းရောက်ဝါဒီတွေ ခေါင်းထောင်လာတဲ့ လူ့အဖွဲ့အစည်းတခုရဲ့  လုံခြုံမှုအပေါ် စိုးရိမ်ထိတ်လန့်ရတာကတဘက်နဲ့ ဆောက်တည်ရာမရဖြစ်ခဲ့ရပါတယ်။ 

အဲဒီ စိတ်ခံစားမှုပေါ်အခြေခံပြီး ကဗျာတွေ၊ စာတွေရေးဖြစ်ခဲ့ပါတယ်။ အဲဒီ ကဗျာတွေ၊ စာတွေကို မိုးမခမဂ္ဂဇင်းက ဖော်ပြပေးခဲ့ပါတယ်။ အခု ဦးကိုနီ လုပ်ကြံခံရတဲ့ (၁)နှစ်ပြည့်တဲ့နေ့မှာ ဂုဏ်ယူဝမ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ် ပြန်လည်စုစည်းပြီး ဖော်ပြအပ်ပါတယ်။ 

“ဂုဏ်ယူ”တယ်ဆိုတာက တရားစောင့်တဲ့ သူရဲကောင်းတဦးအတွက် “ဂုဏ်ယူ”ပြီး 
“ဝမ်းနည်း”တယ်ဆိုတာက လွတ်ကျခဲ့ရတဲ့ ပုဆိန်တလက်အတွက် “ဝမ်းနည်း”ရတာကို ဆိုလိုတာပါ။

အောင်မော်ဦး
ဇန်နဝါရီ၊ ၂၉ ၊ ၂ဝ၁၈။

.

“အစွန်းရောက် ကိုးကွယ်ယုံကြည်မှု
ကျဆုံးပါစေ”

ဦးကိုနီဟာ
ကျနော်တို့ ဝေဖန်ထောက်ပြနေတာတွေရဲ့
မျှော်လင့်ချက် တမျှင်ပါ။

ခင်ဗျားတို့ဗျာ
ဒါကိုမှ ပစ်ရက်ကြတယ်လို့

နိုင်ငံ့အလံကို တဝက်ပဲ လွှင့်ကြမယ်
အစွန်းရောက် ကိုးကွယ်ယုံကြည်မှု ကျဆုံးပါစေ။

အောင်မော်ဦး
၂၉၊ ဇန်နဝါရီ၊ ၂၀၁၇။

(ဦးကိုနီ လုပ်ကြံခံရတယ်ဆိုတာကို သိရရချင်း ဒီကဗျာလေးကို ရေးမိပါတယ်)

“နားထင်တေ့ခံထားရတဲ့ နိုင်ငံ”

လူ့ ယဉ်ကျေးမှုရဲ့ မုခ်ဦး
အနုသုခုမတို့ရဲ့ အထွဋ်အမြတ်ပြုရာ

ပါရီရေ
ဒီတခါ ငါတို့အလှည့်ကွဲ့

ငြိမ်းချမ်းရေးဟာ
လက်ပါးစေတယောက်ရဲ့ မောင်းတချက်ညှစ်စာနဲ့
နိုင်ငံတော်ဟာ တည်းတည်းလေးပဲရှိတော့တယ်။

ဒီလိုပါပဲ
ခဏခဏလဲကျ
ပြီး
အခါခါပြန်ထခဲ့ကြသလိုပေါ့

ဒီတခါလည်း
တရားစီရင်ရေးရဲ့ပြောင်းဝမှာ  ရင်ကော့ပြီး
ငါတို့ ထူကြ ထကြ ရပေဦးမယ်။

ပါရီရေ
ငါတို့ကို သနားတောင့် သနားနာ ကြည့်ပါ
ငါတို့ကိုယ်ကို ရှက်ရွံ့မှုတွေနဲ့ ထုပ်သိမ်း
ကျုံ့နိုင်သမျှ ကျုံ့ထားပါ့မယ်

ပါရီရေ
ငါတို့ကို တဖွဖွ စုပ်သပ်ပါ
ငါတို့ဦးခေါင်းကို ကြေကွဲမှုတွေနဲ့ ဖုံးအုပ်
ငုံ့နိုင်သမျှ ငုံ့ထားပါ့မယ်

လူသားယဉ်ကျေးမှုရဲ့ရှေ့မှာ
ဖိနှိပ်ခံတို့ရဲ့ သိမ်ငယ်မှုမျိုးနဲ့ပေါ့။

ပါရီရေ
အစွန်းရောက်ဝါဒဟာ
ငါတို့ကို ယဉ်ကျေးမှုအရ နောက်ကျစေခဲ့ပြီ
ရာဇဝင်ဘီးဟာ
နောက်တရစ် အတင်းမခံနိုင်တော့လောက်အောင် သွေးဝလို့

ငါတို့သမိုင်းဟာလည်း ရိုင်းခဲ့ပြီ
ငါတို့အနာတ်ဟာလည်း
ငါတို့နိုင်ငံရဲ့သမိုင်းလိုပဲ ရိုင်းခဲ့ပြီ
ငါတို့နိုင်ငံတော်ဟာလည်း
လူသိမ်လူဖျင်းတို့ရဲ့လက်မှာ အခါခါကျဆုံးခဲ့ရပြီ။

သွားနှင့် ပါရီ
ဘဝပေးမကောင်းသူတွေကို မစောင့်နဲ့
ထပ်တခါ ကြိုးစားကြည့်ပါရစေ
မျိုးဆက်တဆက်နဲ့ မလုံလောက်သေးရင်
နောက် မျိုးဆက်တဆက်နဲ့ပေါ့

ငါတို့သွေး ငါတို့ခင်းပြီး
မရောက်ရောက်အောင်လာခဲ့မယ်

လူ့ ယဉ်ကျေးမှုရဲ့ မုခ်ဦး
အနုသုခုမတို့ရဲ့ အထွဋ်အမြတ်ပြုရာ
မင့် နိုင်ငံတော်ဆီ။

အောင်မော်ဦး
၃၀၊ ဇန်နဝါရီ၊ ၂၀၁၇။
မိုးမခမှာ ဖော်ပြထားပါတယ်။

(မသွားမဖြစ်လို့ လုပ်ငန်းခွင်ကိုသွားခဲ့ရပေမယ့် အလုပ်ထဲမှာ စိတ်မကပ်ပါဘူး။
တနုံ့နုံ့ခံစားရတဲ့ ရင်နဲ့ ဒီကဗျာကို ထပ်ရေးဖြစ်ပါတယ်)။ 

“ဦးကိုနီကို ဘယ်သူလုပ်ကြံသလဲ”

ရှေ့နေကြီးဦးကိုနီ

တရားဥပဒေရဲ့အထက်မှာ တရားသူကြီးရှိတယ်။
တရားသူကြီးရဲ့အထက်မှာ တပ်မတော်ရှိတယ်။
တရားကို သေနတ်စောင့်တဲ့တိုင်းပြည်မှာ
တရားစောင့်တဲ့ ဦးကိုနီ အသက်ပေးခဲ့ရတယ်။

ဦးကိုနီကို ဘယ်သူလုပ်ကြံသလဲဆိုတာကို ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ အဓိကကျတဲ့ အုပ်စုကြီး (၂) စုကို အခြေခံပြီး ဆွေးနွေးလိုပါတယ်။

အုပ်စု(၁)မှာ –
(၁) စစ်တပ်
(၂) ခရိုနီ
(၃) ကြံ့/ဖွံ့၊ တစညနဲ့ အလားတူအင်အားစုများ
(၄) မဘသ တို့ပါဝင်ပါတယ်။

အုပ်စု(၂)မှာ –
(၅) NLD နဲ့ အခြားအတိုက်အခံပါတီများ
(၆) လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ
(၇) ပြည်သူလူထု တို့ ပါဝင်ပါတယ်။

အုပ်စု(၁)မှာပါဝင်တဲ့ စစ်တပ်က ခရိုနီ၊ ကြံ့/ဖွံ့၊ တစညနဲ့ မဘသတို့ကို ကျောထောက်နောက်ခံပြုပေး၊ အကာအကွယ်ပေးထားပါတယ်။ စစ်တပ်က နိုင်ငံရေးကစားဖို့အတွက် ကြံ့/ဖွံ့နဲ့ တစညတို့ကို ဖန်တီးပါတယ်။ ဘာသာရေးနဲ့ လူမျိုးရေးကစားဖို့အတွက် မဘသကို ဖန်တီးပါတယ်။

ဒီ နေရာမှာ ခရိုနီက အကောင်းဆုံးဇာတ်ပို့အဖြစ် ပါဝင်ရပါတယ်။ ခရိုနီရဲ့တာဝန်က စစ်တပ်၊ ကြံ့/ဖွံ့နဲ့ မဘသတို့အတွက် ဘဏ္ဍာငွေကို ရှာဖွေပေးရပါတယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေကို ထုတ်ရောင်းတဲ့ကိစ္စကနေ စစ်ဗိုလ်၊ ဝန်ကြီး၊ ဘုန်းကြီးသုံးတဲ့ အိမ်သာသုံးစက္ကူအထိ ခရိုနီက တာဝန်ယူပေးရပါတယ်။ စစ်တိုက်ချင်တယ်ဆိုရင် လက်နက်ဝယ်ပေးရပြီး ငြိမ်းချမ်းရေးလုပ်ချင်တယ်ဆိုရင် အလှူငွေထည့်ပေးရပါတယ်။ ခရိုနီတွေရဲ့ အိတ်ထောင်က တိုင်းပြည်တပြည်ကို ထည့်ထားနိုင်လောက်အောင် အဝကျယ်ပြီး ဇောက်လည်းနက်ပါတယ်။ ဒီနည်းနဲ့ အုပ်စု(၁)ရဲ့ တဦးအပေါ်တဦးထားတဲ့ သံယောစဉ်ဟာ ဟိုသီချင်းလေးလိုဆိုရရင် xxx ပြတ်ဖို့ခက်တယ်လေ xxx

အုပ်စု(၂)မှာပါဝင်တဲ့ အဓိကအင်အားစု(၃)စုကတော့ တစုထဲဖြစ်တဲ့အထိ ညီညွတ်မှု မတည်ဆောက်နိုင်ကြသေးပါဘူး။ NLD နဲ့ ပြည်သူလူထုဟာ တစုထဲလို့ မြင်စရာရှိပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ ပြည်သူလူထုက အပြောင်းအလဲဖြစ်အောင် လက်သန်းထောင်တဲ့နေရာမှာသာ အဓိကပါဝင်ခွင့်ရခဲ့ကြပေမယ့် တိုင်းပြည်ထူထောင်တဲ့နေရာမှာတော့ အရေးကြုံတဲ့အခါ ယာယီခေါ်သုံးတဲ့ ဗော်လန်တီယာအဆင့်မျိုးထက်ပိုပြီး ပူးပေါင်းပါဝင်ခွင့် မရရှိကြသေးပါဘူး။

NLD နဲ့ အခြားအတိုက်အခံပါတီတွေ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဟာလည်း တစုထဲ မဖြစ်ကြသေးပါဘူး။ အဲဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ NLD လက်ရှိသွားနေတဲ့ပုံစံကြောင့်ဖြစ်ပါတယ်။

NLD က ဘယ်လိုသွားနေသလဲဆိုတော့ ပြည်သူလူထုက ငါတို့ကို ရွေးကောက်တင်မြှောက်လိုက်ပြီ။ ပြည်သူလူထုက ငါတို့ကို လုပ်ပိုင်ခွင့်ပေးလိုက်ပြီဆိုပြီး (အဲဒီအတိုင်းလည်း မှန်ပါတယ်) ရွေးကောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားချည်းသက်သက်နဲ့ တပါတီတည်း ချီတက်နေတာကြောင့်ပါ။ အာဏာရပါတီတခု လုပ်ရကိုင်ရမယ့်အလုပ်တွေကို အာဏာရပါတီတခုအနေနဲ့ပဲ သိမ်းကြုံးလုပ်ကိုင်နေလို့ပါ။

လေးနှစ်တကြိမ်ရွေးကောက်ပွဲနဲ့ ဒီတကြိမ်ဒီမိုကရက်ကနိုင်လိုက်၊ နောက်တကြိမ် ရီပတ်ဘလီကန်က နိုင်လိုက်ဖြစ်နေတဲ့ ဒီမိုကရေစီနိုင်ငံမျိုးဆိုရင်တော့ အာဏာရပါတီတခုလုပ်ရကိုင်ရမယ့်အလုပ်တွေကို NLD တပါတီတည်းက သိမ်းကြုံးလုပ်နေတာ မှန်ပါတယ်။

ခုက နှစ်(၆၀)မှ တကြိမ်လုပ်တဲ့ရွေးကောက်ပွဲလည်းဖြစ်ပြန်၊ စစ်တပိုင်းဒီမိုကရေစီကလည်းဖြစ်ပြန်၊ ဖရိုဖရဲ ပျက်စီးနေတဲ့ တိုင်းပြည်တပြည်လည်းဖြစ်ပြန်တဲ့အခါကျတော့ NLD အနေနဲ့ တပါတီတည်း ကြုံးလုပ်တဲ့ပုံစံထက်ကောင်းတဲ့ နည်းလမ်းကို ရွေးရမှာပါ။

ကျ နော်တို့အားလုံးနီးပါးဟာ တော်လှန်ရေးကာလတလျှောက် ဘယ်သူမှ ကောင်းကောင်းလေ့လာသင်ယူခွင့် ရခဲ့ကြတာမဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ ကောင်းကောင်းမတတ်တာ ရှက်စရာမဟုတ်ပါ။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေက အခြေခံဥပဒေပြင်ရေးကို ဇောင်းပေးပြီး လေ့လာသင်ယူရင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အစိုးရ၀န်ကြီးတွေက စီမံခန့်ခွဲမှု အတတ်ပညာပိုင်းဆိုင်ရာကို ဇောင်းပေးပြီး လေ့လာသင်ယူ လုပ်ကိုင်ရမှာဖြစ်ပါတယ်။ လွှတ်တော်ကခွင့်ပြုလိုက်တဲ့ ဘတ်ဂျက်နဲ့ အကောင်အထည်ဖော်ရမယ့် စီမံကိန်းတွေကိုတော့ ပညာရှင်တွေနဲ့ တာဝန်လွှဲပေးရမှာဖြစ်ပါတယ်။ စီမံကိန်းတွေကို တကယ်တတ်ကျွမ်းနားလည်တဲ့ ပြည်တွင်းပြည်ပ ပညာရှင်တွေကို ဖိတ်ခေါ်တာဝန်ပေးတဲ့အလုပ်ကို ၀န်ကြီးတွေက လုပ်ရမှာဖြစ်ပါတယ်။ ဖာဂူဆန်နေရာက နေရမှာဖြစ်ပါတယ်။ ရွန်းနီလို ကွင်းထဲ ဆင်းကစားရမှာမဟုတ်ပါဘူး။

ဒီ လို လူနဲ့အလုပ် မနိုင်မနင်းဖြစ်တဲ့အခါကျတော့ “အဓိကကျတဲ့ တပ်ပေါင်းစုနဲ့ တိုင်းပြည်ထူထောင်ရေး“လုပ်ငန်းတွေဘက် အာရုံမလှည့်နိုင်တော့ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံရေး၊ တပ်ပေါင်းစုနဲ့ အောင်ပွဲခံရေးဆိုတာ ဟိုးအစောကြီးကတည်းက ကျပြီးသားမူပါ။ ဒီမူအတိုင်းပဲ အပစ်အခတ်ရပ်စဲရေးလမ်းကြောင်းပေါ် လိုက်ပါလာခဲ့ကြ၊ လိုက်ပါဖို့ ကြိုးပမ်းကြ စသဖြင့် လူထုအောင်ပွဲတခုဖြစ်အောင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။

ဒါပေမယ့် NLD က ဒီကိစ္စကို စစ်တပ်နဲ့ လွှဲမထားဘဲ ပါတီလုပ်ငန်းစဉ်အဖြစ် အဓိကဦးစားပေး မလုပ်ဆောင်နိုင်တဲ့အခါကျတော့ ခုထိ စစ်ပွဲတွေ ရှိနေရတာပဲဖြစ်ပါတယ်။ တိုင်းရင်းသားတွေက စစ်တပ်ထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုစကားပြောချင်၊ ပိုလက်တွဲလုပ်ချင်ကြတာပါ။ နိုင်ငံတကာမှာရှိနေကြတဲ့ တိုင်းချစ်ပြည်ချစ်စိတ်ရှိကြသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုစကားပြောချင်၊ ပိုလက်တွဲလုပ်ချင်ကြတာပါ။

ရာ ထူးတာဝန် (၆)ခုလောက်ကို တဦးတည်းယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အကြံပြုလိုပါတယ်။ ကျနော့်အနေနဲ့ “ဒေါ်အောင်ဆန်းစုကြည်အလွန်“(အငြိမ်းစားယူပြီးနောက်) ဆိုတာကို တနေ့မပြတ်တွေးတောပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတိုင်ပင်ခံဂ္ဂိုလ်ရာထူးတခုတည်းကို လက်ကိုင်ထားပြီး ကျန်တဲ့တာဝန်တွေကို ၀န်ကြီးချုပ်တွေခန့်အပ်ပြီး လွှဲပြောင်းပေးသင့်တယ်လို့ထင်ပါတယ်။ ပြီးတဲ့အခါ သူတို့နဲ့ အပတ်စဉ်၊ လစဉ် စသဖြင့် Brainstroming လုပ်ပေးတဲ့နည်းလမ်းနဲ့ တွဲခေါ်ပေးစေလိုပါတယ်။ ဒါမှသာ သူတို့တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ထံကနေ ပညာလည်းရ၊ အတွေ့အကြုံလည်းရကြမှာမို့ နောင် ကောင်းကောင်းကြီးကို လုပ်လို့ရသွားမှာဖြစ်ပါတယ်။ နောင်မှာ စိတ်ချလက်ချ လွှဲအပ်နိုင်ခဲ့မှာလည်းဖြစ်ပါတယ်။

ကျ နော်တို့က “အစိုးရသက်တမ်း တနှစ်တောင် မရှိသေးဘူး၊ ဝေဖန်ဖို့စောသေးတယ်”လို့ပြောနေချိန်မှာပဲ အုပ်စု(၁)ကတော့ လာမယ့် လေးနှစ်အတွက် ခုကို ပြင်ဆင်နေပါပြီ။ အနောက်ဖက်ခြမ်းမှာ ဘင်္ဂလားအရေးနဲ့ “စာအုပ်စိမ်းကြီး“ကို ဖုံးပါတယ်။ တိုင်းရင်းသားတွေကို ထိုးစစ်ဆင်တဲ့နည်းနဲ့ “စာအုပ်စိမ်းကြီး”ကို ဖုံးပါတယ်။ စစ်ထောက်ခံတဲ့နည်းနဲ့ “စာအုပ်စိမ်းကြီး“ကို ဖုံးပါတယ်။ YBS နဲ့ “စာအုပ်စိမ်းကြီး“ကို ဖုံးပါတယ်။ နောက်ဆုံး ဦးကိုနီကို လုပ်ကြံတဲ့နည်းနဲ့ “စာအုပ်စိမ်းကြီး“ကို ဖုံးပါတယ်။

ယ်အရေးကိစ္စပဲဖြစ်ဖြစ် ကြိုက်တဲ့အရေးကို လိုက်ကြည့် ထိပ်တိုက်ငြိအောင်ကို ထောင်ချောက်ဆင်ထားတာပါ။ လောလောဆယ်ကိုပဲ ဖေဖော်ဝါရီ ငြိမ်းချမ်းရေးချီတက်ပွဲဟာ အာရုံလွှဲခံနေရပါပြီ။ ဒီနည်းတွေဟာလုပ်နေကျနည်းတွေပါ၊ ရိုးပါတယ်ဆိုပေမယ့်လည်း အလုပ်တော့ဖြစ်နေဆဲပါပဲ။မျက်တောင်မခတ်စတမ်း ကြည့်နေရင်းနဲ့ကိုပဲ ငွေရောင်ပိတ်ကားကြီးပေါ်မှာ ဟိုအရေးနဲ့ကာလိုက်၊ သည်အခင်းနဲ့ ဖုံးလိုက် လုပ်လုပ်နေတော့ကာ ရန်သူတော်ကြီးက လှစ်ကနဲလှစ်ကနဲ ပျောက်ပျောက်သွားတယ်။ တောက်လျှောက်ကြည့်နေကြတဲ့သူတွေအဖို့ကတော့ သူခိုးပုလိပ်ကစားသလိုပေါ့ သူဘယ်တံခါးနောက်ပုန်းမယ်၊ သူဘယ်ဖျာလိပ်ထဲဝင်မယ် စသဖြင့် အလွတ်ရနေကြတာပါ။ ခုမှ ကောက်ခါငင်ခါ ထကြည့်ကြတဲ့သူတွေအဖို့ကတော့ ဟိုအရေးပေါ်လာရင် ဟိုအရေးနောက်ပြေးလိုက်လိုက်၊ သည်အခင်းပေါ်လာရင် သည်အခင်းနောက်ပြေးလိုက်လိုက်နဲ့ ယုန်တောင်ပြေး ခွေးမြောက်လိုက်ဆိုသလို အဓိကရန်သူကပျောက်ပြီး ဆင့်ပွားပြဿနာတွေနောက် တကောက်ကောက်နဲ့ လိုက်လို့ကို မဆုံးနိုင်ဖြစ်ကြရတော့တာပေါ့။

ထားတော့။
ဦးကိုနီဟာ –
(၁) ကျနော်တို့အားလုံးမတွေ့တဲ့အရာကို ဦးကိုနီတွေ့ခဲ့တယ်။ (စာအုပ်စိမ်းကြီးရဲ့ လစ်ဟာတဲ့ ပုဒ်မတွေကို ဒါ အာခိလိရဲ့ဖနောင့်ပဲဆိုပြီး သူတွေ့ခဲ့တယ်)
(၂) ကျနော်တို့အားလုံးမလုပ်နိုင်တဲ့အလုပ်ကို သူလုပ်ခဲ့တယ်။ (လက်သန်းတွေ အပျော်ကြီးပျော်နိုင်အောင် ကူညီပေးခဲ့တယ်)
(၃) ကျနော်တို့အားလုံး အလုပ်ချင်ဆုံးအလုပ်ကို သူလုပ်ခဲ့တယ်။ (ဒေါ်အောင်ဆန်းစုကြည်ကို နီးနီးကပ်ကပ်နဲ့ ထိထိရောက်ရောက် ကူညီပေးနိုင်ခဲ့တယ်)

ဒီအတွက်
တရားကို သေနတ်စောင့်တဲ့တိုင်းပြည်မှာ
သူ့အသက်ကို စတေးခဲ့ရတယ်
အစွန်းရောက်ဝါဒ ကျဆုံးပါစေ။

အောင်မော်ဦး
၂၉ ၊ ဇန်နဝါရီ၊ ၂၀၁၇။
မိုးမခမှာ ဖော်ပြထားပါတယ်။

“မီးခိုးမဆုံး မိုးမဆုံး မေးခွန်းများ”

အဖိတ်အစင်များတဲ့ ခေတ်ကြီးထဲ

ဟော တယောက် … ဟော တယောက်နဲ့

ခေါက်ခနဲ ခေါက်ခနဲ လဲလဲကျသွားတာ

ဘယ်တော့များ

ကိုယ့်အလှည့်ရောက်လာလေမလဲ။

သေချာတာဟာ မသေချာဘူး

ကျည်ဆံဟာ နဖူးမှာလား

ဓားမြှောင်ဟာ ရင်ဝမှာလား

အထိတ်ထိတ် အလန့်လန့်
ရှူသွင်းနေရတဲ့ လေမှာကိုပဲ

အသက်ကို ထုပ်ထားရတဲ့ ဖက်ဟာ လွင့်လို့။

ခင်ဗျားတို့ ကြားမိကြသေးလား

ဖမ်းမမိသေးတဲ့ လူသတ်သမားဟာ

မင်းစိုးရာဇာထဲကလား

လူကုံထံတွေထဲကလား

ခါးပိုက်ဆောင် လက်မရွံ့ဆိုသူတွေပဲလား

စိုးတထိတ်ထိတ် ကြောက်ရွံ့စိတ်နဲ့

ရေငုံနှုတ်ပိတ် တိတ်ဆိတ်နေတဲ့ လူ့အဖွဲ့စည်းမှာ

အစွန်းရောက်တွေကတော့ ထင်တိုင်းကြဲနေကြဆဲ။

တကယ်ဆို

မတူတဲ့လူတန်းစားနှစ်ရပ်ဟာ

ကိုယ့်လမ်းကိုယ်သွားကြတာပဲ ကောင်းပါတယ်လေ။

ထားလိုက်ပါ

ကြာရင် မေ့သွားကြမှာပါ

ဒီလိုနဲ့ပဲ 
မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြတဲ့

လုပ်ကြံမှုတွေဟာလည်း

များလာ ပိုများလာ
ကြာလာ ပိုကြာလာ
ပိုပိုကြာလာတာနဲ့အမျှ

မထီမဲ့မြင်ပြုခံနေရတဲ့ တရားဥပဒေစိုးမိုးရေးဟာ

အမျိုးသားရင်ကြားစေ့ရေးကို

တံတားခင်းပေးနေတယ်လို့များ

ခင်ဗျားတို့ ကြားမိကြသေးလား

မေးခွန်းများ

အဆုံးမသတ်နိုင်သေးတဲ့
 
မေးခွန်းများ … အဖြစ်များ….။

အောင်မော်ဦး

ဧပြီ၊ ၂၉၊ ၂၀၁၇။
မိုးမခမှာ ဖော်ပြထားပါတယ်။

(ဦးကိုနီလုပ်ကြံခံရမှု ၃ လပြည့်တဲ့နေ့မှာ ဒီကဗျာကို ရေးပါတယ်)