ကိုဈာန် –
အသံ အ, သွားတဲ့ ဆည်းလည်းလေးတွေ

.

“ထမင်းဖိုးလေး ပေးပါ”

သောက်လက်စ လဘက်ရည်တငုံက လည်ချောင်းဝတွင် တစ်ဆို့သွားသည်။ နံဘေးတွင် နှစ်နှစ်အရွယ် ကလေးလေးကို ခါးထစ်ခွင်တင်၍ အ၀တ်နှင့် လွယ်ထားသည့် ခလေးမလေး တယောက်။ မဲဆောက်ဈေးတန်းထဲက လဘက်ရည်ဆိုင်တန်းတွေမှာ လိုက်လံတောင်းရမ်းနေတာပါ။ နီကြောင်ကြောင် ဆံပင်၊ အသားအရည် မွဲခြောက်ခြောက်၊ နွမ်းညစ်နေတဲ့ အ၀တ်အစားများက သူမရဲ့နေ့တဓူဝ ဖြတ်သန်းမှုကို ဖော်ပြနေသလိုပင်။

နက်စောစော ထပြီး မဲဆောက်ကို မိသားစုလိုက် လာကြတာ။ ညနေပိုင်းဆိုရင် ပြန်တယ်။ မြ၀တီမှာနေတယ်။ ငှားထားတာက တဲလေးပဲ၊ တဲငှားခက တလကို တသောင်းနှစ်ထောင်ပေးရတယ်။ အိမ်မှာက မောင်နှမချည်းပဲ ၇ ယောက်ရှိတယ်။ အခုတယောက်က ၂ နှစ်ပဲရှိသေးတယ်။ ပြောရင်း ခါးထစ်ခွင်တင်၍ အ၀တ်နှင့် လွယ်ထားသည့် ကလေးလေးကို ပင့်တင်လိုက်သည်။

ကလေးက ဗိုက်ဆာလို့လား မသိ။ သူမနှင့်ကျနော် စကားပြောနေရင်းပင် ခါးထစ်ခွင်ထဲရှိ ကလေးက ငိုမဲ့မဲ့ ဖြစ်လာသည်။ သူမက သူမခါးကြားတွင်ထိုးထာသော နို့ဗူးလေးကို ထုတ်၍ မောင်လေး ကို တိုက်လိုက်သည်။ နို့ဗူးအဟောင်းလေးထဲတွင် နို့မရှိ…။ ကလေးလေးက နို့ဗူးလေးထဲက ရေများကို အားရပါးရ စုပ်သောက်နေသည်။

ရင်တုန်းက မြ၀တီမှာ နေတာမဟုတ်ဘူး။ စစ်ကိုင်းမှာနေတာ စစ်ကိုင်းကနေမှ မြ၀တီကို မိသားစုလိုက်ဆင်းလာတာ သုံးနှစ်လောက်ပဲရှိသေးတယ်။ စစ်ကိုင်းမှာပဲ ပျော်တယ်။ အဲဒီတုန်းက အခုလို မတောင်းစားရဘူး။ အဖေက လယ်လုပ်တယ်။ နောက်ပိုင်းမှ လယ်လဲမရှိတော့ဘူး။ လယ်တွေ ဘယ်ရောက်သွားလဲ မသိဘူး။ နောက်ပိုင်း မြ၀တီမှာ လယ်လုပ်သေးတယ် အဆင်မပြေဘူး။ အဖေက မဲဆောက်ဘက်သွားပြီး ပန်းရံလုပ်သေးတယ်။ သမီးတို့ မိသားစု တစုလုံးစားမလောက်ဘူး။

 နေ့ကို နေ့ခင်းပိုင်းဆိုရင် ဘတ် ၄၀၊ ၅၀ လောက်ရတယ်။ ညဘက် ညဈေးမှာ သွားတောင်းရင် ၁၅ ဘတ် ၂၀ လောက်ရတယ်။ ထမင်းက တခါစားရင် ၁၀ ဘတ်ကုန်တယ်လေ။ ဈေးထဲမှာပဲ ၀ယ်စားတယ်။ ဆိုင်ထဲမှာ စားလို့မရဘူး အထုပ်ကလေးတွေပဲ ၀ယ်ပြီး လမ်းဘေးမှာပဲစားတယ်။ ထမင်းတထုပ် ၅ ဘတ် ဟင်း ၅ ဘတ်လေ။ ရေသောက်တော့ တချို့ အိမ်အောက်က ရေဘုံပိုင်မှာသောက်တယ်။ တခါတလေ မောင်းထုတ်တဲ့သူတွေရှိတယ်။ စိတ်တော့ မကောင်းဘူးပေါ့။ ဒါပေမယ့်…..။

မီးမဲဆောက်မှာ အခုလိုလာတောင်းတာ သုံးနှစ်ကျော် လေးနှစ်လောက်ရှိပြီ။ အဖေရယ်၊ အဖေ့ မိန်းမရယ်၊ သမီးမောင်လေးရယ်၊ မောင်လေးက အမွှာပူးလေးလေ။ နောက်တယောက်က အဖေ့ မိန်းမဆီမှာ။ အဖေ့မိန်းမလား ဟုတ်တယ် မိထွေးပေါ့။ သမီးတို့တောင်းရသမျှ ပိုက်ဆံတွေ သူ့ကို ပေးရတယ်လေ။ သမီးမောင်လေး ဖျားနေတယ်။

က်ကွဲစူးရှစွာ အဖျားလှိုက်ခတ်ပြီး ထွက်လာတဲ့ သူမရဲ့အသံက ကျနော့်နားထဲကို တိုးညှင်းစွာ တိုးဝင်လာခဲ့သည်။ မောင်လေးက ၉ လပဲရှိသေးတယ်။ မောင်လေးက ဘာဖြစ်တယ် မသိဘူး အန်ပဲအန်နေတာပဲ။ အခု ကျောင်းသား ဆေးခန်းမှာလေ။ သမီးမိထွေးက သွားစောင့်နေရတယ်။ အခုမောင်လေးက ဖျားနေတော့ ညဘက် ညဈေးမှာ သွားတောင်းနေရတယ်။ ပိုက်ဆံပိုရအောင်လို့ပါ။

ကျောင်း….
ကျောင်းလား….
ကျောင်းဆိုတဲ့စကားလုံး မပြောခင်မှာ သူမနှုတ်မှ တွန့်ဆုတ် ဆွံ့အသွားခဲ့သလိုပင်။ စက္ကန့်အနည်းငယ်ကြာမှ ပြောဖို့စကားကို ပြန်ပြီး ဆက်ပြောလေသည်။ သုံးတန်းနဲ့ ကျောင်းထွက်လိုက်တာ။ စားဖို့ မရှိလို့လေ။ သူမမျက်ဝန်းထဲမှာ မျက်ရည် အနည်းငယ် စို့လာသည်။ ၀မ်းနည်းရိပ်ပြေးသွားတဲ့ မျက်ဝန်းထဲမှာ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေသလိုပင်။

သူမဘေးမှာ ရပ်ပြီးနားထောင်နေတဲ့ သူမနှင့် အိမ်နီးနားချင်းကောင်းလေးက ၀င်၍ သားဆိုရင် ၁ တန်းအောင်ပြီးထွက်လိုက်တာ အိမ်က အဖေက အကူမပါရင် လမ်းမလျှောက်နိုင်ဘူးလေ။ သားက အကောင်နည်းနည်းကြီးပြီဆိုတော့ အဖေ့ကို ကူရတယ်။ လမ်းလျှောက်ရင် အရှေ့ကတွဲပြီးခေါ်ရတယ်။

လှမ်းမကမ်းမှာရှိတဲ့ သူ့ရဲ့အဖေကို လက်ညှိုးထိုးပြသည်။ မျက်စိနှစ်ဖက်က သည်းကွဲစွာမမြင်၊ ခြေထောက်တဖက်မရှိသည့် ချိုင်းထောက်နှင့် သူ့အဖေ့ကိုတွေ့ရသည်။ အဲဒီ ကလေးလေးကို ကြည့်လိုက်တော့ အသက်က ၆ နှစ်ကျော်လောက်ရှိမည်။ နောက် သူ့အဖေကို တွဲရင်း ထွက်သွားသည်။

သူမက ကျောင်းဝတ်စုံနဲ့ ကျောင်းသွားနေတဲ့ ရွယ်တူကလေးတွေကို မြင်ရင် ကျောင်းတက်ချင်စိတ်တွေ ပေါ်လာတယ်။ အရင် ကျောင်းတက်တဲ့ အချိန်တွေ ပြန်သတိရမိတယ်။ ဒီဘက်မှာ ရှိတဲ့ကျောင်းတွေတော့ တက်ချင်တယ်။ ၀မ်းသာစွာ ပြောပြီး မဖြစ်နိုင်ပါဘူး…ဟု သူမဘာသာပြောနေပြန်သည်။

သမီးက မောင်လေးတွေလည်း ထိန်းနေရတယ်။ စားဖို့လည်း ရှာရတယ်လေ။ ကျောင်းတက်ဖို့ အ၀တ်အစားလည်း မရှိဘူး။

သူမက မျှော်လင့်ချက်ကုန်ဆုံးနေတဲ့ စကားလုံးတွေကို ထပ်ကာထပ်ကာပြောရင်း… အဝေးကို လှမ်းကြည့်နေသလိုလို၊ တခုခုကိုပဲ တွေးတောနေသလိုလို ရီဝေငေးမောရင်း…။

ကိုဈာန်

http://cozan.blogspot.com/2009/07/blog-post.html