ပညာတတ်များသို့ – ဦးအေးဆောင်

.

ဆင့်မြင့် ပညာရေး ဥပဒေမူကြမ်းကို မနေ့က တက္ကသိုလ် ဆရာ/ ဆရာမများအသင်းများကိုယ်စားပြုကော်မီတီက ကန့်ကွက်ကြောင်းသတင်းစာ ရှင်းလင်းပွဲလုပ်တယ် ဆိုတာ ဖတ်လိုက်ရတယ်။ အဲဒီ ဥပဒေရေးဆွဲတဲ့ လုပ်ငန်းမှာ ဆရာ/ဆရာမတွေ မပါဝင်ခဲ့ရသလို အဲဒီဥပဒေက ဗဟိုချုပ်ကိုင်မှု လွန်ကဲတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကန့်ကွက်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဒီနေ့ ခေတ်ရဲ့ ဖိနှိပ်မှု သဏ္ဌာန်တခုဖြစ်တယ်။ အာဏာရှင်စနစ်ကို နည်းတမျိုးနဲ့ ပုံဖော်တဲ့ ဖြစ်ရပ်ပါ။ နည်းလမ်းမကျ၊ စေတနာမမှန်ပုံကို ပညာတတ်တွေဖြစ်တဲ့ သူတွေက လှစ်ဟပြသလိုက်တာပါ။ ဒါဟာ ပညာတတ်တွေရဲ့ ရုန်းကန်မှုတခုဖြစ်တယ်။ ဒါကိုအားပေးရမယ်။

အား ပေးပါဆိုတော့ အကြောင်းပြချက်တွေက ပေါ်လာတော့မှာ – သူတို့ကတကယ်လုပ်မှာလား၊ ဟန်ပြလောက်ဘဲလား၊ ငါတို့ ဂိုဏ်းကလူတွေလဲ မပါဘူး၊ သပိတ်အထိဖြစ်လာမှာ မဟုတ်ပါဘူးလေ – ဆိုတာတွေ ပေါ်လာမယ်။ တကယ်လုပ်ချင်တဲ့ သူတွေတောင် အထက်ကပြောတဲ့   အချက်တွေကြောင့် အားက မတိုးလာတဲ့အပြင် စိတ်ပျက်ပြီး ရပ်တန့်သွားသူတွေ အများကြီး။

ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲ။ ကျွန်တော်တို့ဟာ လုပ်တဲ့သူမရှိတော့လည်း လုပ်တဲ့ သူမရှိလို့မျှော်၊ လုပ်တဲ့သူရှိတော့လည်း တန်ဖိုးမထား မထောက်ကူကြတော့  လှုပ်ရှားမှုက သက်တန်းရှည်ဖို့ ခက်တာပေါ့။ လှုပ်ရှားမှုတိုင်းဟာ အစက သေးသေးလေးတွေချည်းပါ။ ဝိုင်းဝန်းထောက်ပံ့ရင်း ကူညီရင်းရဲ့ နည်းနာတွေပေါ်လာ၊ အင်အားတွေတိုးလာ၊ လမ်းမှန်ပေါ် ထိန်းညှိရင်း အောင်ပွဲဆီကို အရောက်တက်လှမ်းကြရတာပါပဲ။

င်အားနည်းချိန်မှာ ရန်သူကတမျိုး၊ မလိုလားသူ၊ ဂိုဏ်းဂဏဆန်သူ၊ ရန်သူ့ ဒလန်တွေက တဖုံရှိ နေကြမှာဘဲ။ ဒါပေမဲ့ အဖိနှိပ်ခံ စိတ်ဓာတ်နဲ့ လှုပ်ရှားသူတွေ များလာရင် အားကြီးလာရင် ဖိနှိပ်သူတွေ၊ သူလျှိုဒလန်တွေဟာ အလိုလို ပုန်းလျှိုးပြီး ဘက်ပြောင်းလာကြတာပါဘဲ။ ဒီတော့ ဖိနှိပ်ခံတွေက တိုက်ပွဲကို အမြင်ကျယ်ကျယ် ဂိုဏ်းဂဏ အစွဲကင်းကင်းနဲ့ စလုပ်တဲ့ သူတွေကို အားပေးသင့်တယ်။ စလုပ်သူတွေဟာ အများအားဖြင့် ပညာတတ်တွေ ဖြစ်တတ်တယ်။ ပညာတတ်တွေပဲ စထောက်ခံ ဝန်းရံရင်းအားပေးရမယ်။ စလုပ်ဖို့ ၊ အားပေးဖို့ ပညာတတ်တွေမှာ တာဝန်ရှိတယ်။

ပညာတတ်” ဆိုတာကို ကျွန်တော်အရင်ရှင်းပြပါရစေ။ အရေးအဖတ်တတ်ရင် “စာတတ်” ပေါ့၊ စာတတ်ပေမဲ့ စာမဖတ်မလေ့လာရင် ပညာမတတ်ဘူး။ ပညာရပ် တခုခုကို လေ့လာမှတ်သား လုပ်ဆောင်မှသာ “ပညာတတ်” လို့ဆိုနိုင်မယ်။ ဘွဲ့ရတာနဲ့ မရတာနဲ့ မဆိုင်ဘူးလို့ထင်တယ်။ ပညာတတ်တွေဟာ သူ့ဘာသာ ပညာတတ်လာကြတဲ့ သူတွေမဟုတ်ပါဘူး။

မြ

န်မာပြည်လို တိုင်းပြည်မှာ ပြည်သူကဆောက်ထားတဲ့ ကျောင်းတို့ ၊ တက္ကသိုလ်တို့က သင်ယူတတ်မြောက်ခဲ့ကြရတာပါ။ အဲဒီကျောင်း တက္ကသိုလ်ဆိုတာတွေက ကိုယ့်မိဘတယောက်တည်းက ဆောက်ထားတာ မဟုတ်ဘဲ ပြည်သူတွေရဲ့ ချွေးနှဲစာနဲ့ ဆောက်ထားတာတွေပါ။ ပြည်သူတွေ သူတို့ဘဝ မြင့်မားလာရေးအတွက် မျှော်လင့်ပြီး  ဒီကျောင်းတွေ၊ ဒီတက္ကသိုလ်တွေကို ဆောက်ခဲ့ကြတာ၊ ဒါပေမဲ့ အဲဒီ ကျောင်း အဲဒီတက္ကသိုလ်က ဆင်းလာတဲ့ သူတွေက ပြည်သူတွေရဲ့ မျှော်မှန်းချက်နဲ့ ကျေးဇူးကို မသိဘဲ သူတို့တော်လို့တတ်လို့ ဘွဲ့ရကြတာလို့ ထင်ပြီး မာနနဲ့ ကိုယ်ကျိုးစီးပွားနောက်ကို ကောက်ကောက်ပါ လိုက်ကြတော့တာပဲ။ ပညာတတ်တွေ တကိုယ်ကောင်းဆန်တတ်ပုံကို မြင်ဖို့ပါ။

တိုင်းပြည်တခု ချွတ်ခြုံကျနေတယ်၊ ကျရှုံးနိုင်ငံဖြစ်နေရင် အဓိကတာဝန်အရှိဆုံးက ပညာတတ်တွေပဲ။ စစ်ဖက်အရပ်ဖက် နှစ်ရပ်စလုံးက ပညာတတ်တွေကို ဆိုလိုပါတယ်။ ပြည်သူလူထုရဲ့ ကျေးဇူးမကင်းတဲ့ ကျောင်း၊ သင်တန်း တက္ကသိုလ် မှန်သမျှက ဆင်းသူတွေအားလုံးပေါ့။ ဒီတော့ ပညာတတ်တွေ ဖြစ်နေကြတဲ့ ကျွန်တော်တို့ မှာ တာဝန်အပြည့်ရှိပါတယ်။ ဒါကို ရှောင်လွှဲလို့မရပါဘူး။

ကျွန်တော်တို့ ပညာတတ်တွေမှာ – လေ့လာနိုင်အားရှိတယ်၊ သင်ယူလွယ်တယ်၊ ပြန်ဖြန့်ဖြူးနိုင်တယ်၊ ရှင်းပြနိုင်တယ်။ အဆက်အစပ်လည်းရှိတယ်၊ နည်းနာလည်းသိတယ်၊ ကျန်းမာရေးလည်းကောင်းပါလျှက် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်တို့ရဲ့ ဖိနှိပ်မှုဒဏ်၊ ဒုက္ခဆင်းရဲခြင်းက ကင်းအောင် နည်းလမ်းကိုမရှာဘဲ အူကြောင်ကျား ဖြစ်နေရင် ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ ကျေးဇူး စူးစရာဖြစ်လိမ့်မယ်။ ကိုယ်မစွမ်းလျှင်လည်း ရှာကြံလုပ်ကိုင်သူ ကြီးငယ်မရွေးကို အားပေးရမယ်။

ကျွန်တော်တို့ သိထားဖို့က ပညာတတ်တွေဟာ လုပ်အားရောင်းစားသူမဟုတ်ကြဘဲ ဝန်ဆောင်လုပ်ငန်းမှာ အများဆုံးပါဝင်နေကြတော့ ပညာတတ်တွေဟာ တော်လှန်ရေးဘက်မှာ ရှိရင် ရှိ၊ မရှိရင် ဖောက်ပြန်တဲ့ ဘက်မှာ ရှိနေတတ်တယ်လို့ လေ့လာမှတ်သားဖူးပါတယ်။ ဒီတော့ ကျွန်တော်တို့မှာစူးနေတဲ့ ပြည်သူ့ ကျေးဇူးကို သိသောအားဖြင့် ပြည်သူ့အကျိုးကို သယ်ပိုးသူတွေကို ကြီးသည်သေးသည်မဟူ ဝိုင်းအားပေး ကူညီပါဝင်ရင်း လှုပ်ရှားမှုကို ကြီးထွားစေရင်း အောင်မြင်မှုပန်းတိုင်ကို ထိန်းကျောင်းသွားသင့်တယ်လို့ ကျွန်တော်အလေးအနက် တိုက်တွန်းလိုက်ပါတယ်။

အောင်ပွဲကို တိုက်ယူကြ။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဒီမိုကရေစီ မုချရရမယ်။

ဦးအေးဆောင်
၁၅၊၁၊၂၀၁၈။