ဇော်မင်း –
စက်မှုအကြောင်းပြောရရင် …

လျှပ်စစ်မလုံလောက်တဲ့ သို့မဟုတ် လုံလောက်သော်လည်း ဈေးကြီးတဲ့ နိုင်ငံတခုဟာ
ဘယ်လိုနည်းနဲ့မှ အသေးစားအလတ်စား စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ မရှိပါ။ 
မြန်မာပြည်က ထွက်နေတဲ့ သဘာဝဓာတ်ငွေ့တွေကို 
ပြည်တွင်းလုပ်ငန်းရှင်တွေ ဈေးချိုချိုနဲ့ သုံးနိုင်အောင် မစီစဉ်နိုင်သေးသမျှ
စက်မှုလုပ်ငန်းတိုးတက်ဖို့ ဆိုတာကို မေ့ထားဖို့ပဲ ရှိပါတယ်။
လျှပ်စစ်လုံလောက်အောင်ဆိုပြီး
ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ များများဆောက်လိုက်ရင်လည်း
လျှပ်စစ်တော့ ရပါရဲ့ နောင်မှာ ကိုယ်ကျိုးနည်းမယ့် ကိန်းကလည်း ရှိနေပါသေးတယ်။

လောက ဖတ်လိုက်ရတဲ့ သတင်းတခုမှာ ဒီလိုဆိုပါတယ်။ မြန်မာနိုင်ငံမှာ အက်စ်အမ်အီးလို့ ခေါ်တဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မလာသေးတာဟာ လိုအပ်သလောက် ချေးငွေမရိရှိတာကြောင့် ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒီဟာက ဂျာမန်အစိုးရစီးပွားရေးဖွံ့ဖြိုးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနရဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။ ချေးငွေ လိုအပ်သလောက် မချေးနိုင်တာကြောင့် ဆိုတာ ယေဘူယျအားဖြင့်တော့ မှန်ပါတယ်။ ဒါပေမဲ့ ကနေ့ မြန်မာပြည်ရဲ့ အထွေထွေ အခြေအနေများကိုလည်း ထည့်သွင်းသုံးသပ်ဖို့ လိုပါတယ်။

အကြမ်းဖျဉ်းအားဖြင့် ပြောရရင် အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းတွေ မြန်မာပြည်မှာ တိုးတက်လာဖို့ဆိုတာ ချေးငွေ အလုံအလောက်မရရှိတာအပြင် တခြားသော အချက်အလက်အတော်များများနဲ့ ပတ်သက်နေပါတယ်။ အခြေခံအားဖြင့် မရှိမဖြစ် လိုတာက ချေးငွေ ဆိုတာဟုတ်ပါတယ်။ သို့သော် နောက်ထပ် ထည့်တွက်ရမယ့် ကိစ္စများကတော့ –

– အစိုးရက အကာအကွယ်ပေးမှု
– နည်းပညာ
– ဈေးကွက်ရှာဖွေပေးနိုင်မှု
– လမ်းပန်းဆက်သွယ်ရေးစနစ်
– လျှပ်စစ်စွမ်းအင် ဈေးချိုချိုသာသာနဲ့ရရှိရေး
– အာဏာပိုင်များဖက်က နှောက်ယှက်စွက်ဖက်တာမျိုးမရှိရေး 
– တသီးပုဂ္ဂလပိုင်ဆိုင်မှု အခွင့်အရေး 
– လိုအပ်တဲ့ သဘာဝအရင်းအမြစ် 
– လုပ်သားအင်အား
– အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းများနဲ့ သက်ဆိုင်တဲ့ဥပဒေများ။


ချေးငွေနဲ့ပတ်သက်ရင် ရှင်းရှင်းလင်းလင်း ရှိဖို့လိုလာပါတယ်။
ဘတ်ဂျက်အချိန်အတိုင်းအတာ ကာလအတွင်း အစိုးရက ချေးနိုင်တဲ့ငွေကြေးပမာဏဟာ ဘယ်လောက်ရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တင်ပြနိုင်ရပါ့မယ်။ အဲဒီအထဲမှာ ဘယ်လို အသေးစားအလတ်စားတွေကို ဦးစားပေးပြီး ချေးငှားမယ်ဆိုတာကိုလည်း တင်ပြဖို့လိုပါတယ်။ ချေးငွေဟာ အတိုးမဲ့ ချေးငွေလား၊ အတိုးနည်းနည်းနဲ့ နှစ်တိုချေးငွေလား၊ ဒါမှမဟုတ် အတိုးနည်းနှစ်ရှည်ချေးငွေလား အစရှိသဖြင့် ချေးငွေစနစ် အမျိုးမျိုးရှိဖို့လိုပါတယ်။ ချေးငွေကို ဘယ်လိုပြန်ဆပ်နိုင်မလဲ။ လုံးကနဲပြန်ဆပ်ရမှာလား။ အရစ်ကျပြန်ဆပ်ရမှာလား။


အစိုးရကအကာကွယ်ပေးမှု။
ဒီကိစ္စမှာ အစိုးရဖက်က လုပ်ရမှာက မိမိပြည်တွင်းက တိုင်းရင်းသားပိုင် အသေးစားအလတ်စား စက်မှုလုပ်ငန်းရှင်တွေ နိုင်ငံခြားက ဈေးပေါပေါနဲ့ ဝင်လာတဲ့ ပစ္စည်းဈေးကို မပြိုင်ဆိုင်နိုင်ရင် ရှုံးမှာဖြစ်တာကြောင့် ဘယ်လိုပစ္စည်းများကို နိုင်ငံခြားကနေ တင်သွင်းခွင့်ပြုပြီး ဘယ်လိုပစ္စည်းမျိုးကိုတော့ တင်သွင်းခွင့် မပြုဘူးဆိုတဲ့ အကာအကွယ်ပေးမှုမျိုးပါ။ ဘယ်လို ပစ္စည်းမျိုးကို ပြည်တွင်းမှာ ထုတ်နိုင်ရဲ့သားနဲ့ နိုင်ငံခြားကနေ ဈေးပေါပေါနဲ့ တင်သွင်းလာရင် အခွန်ကို ဘယ်လောက်အထိ တိုးမြှင့် ကောက်မယ်ဆိုတဲ့ စနစ်မျိုးနဲ့ အကာအကွယ်ပေးဖို့လည်း လိုပါတယ်။ ဥပမာတခုလောက် တင်ပြရမယ်ဆိုရင် အထက် မြန်မာပြည်က တွင်ခုံတွေမျိုးတုန်းလုလု ဖြစ်သွားတာဟာ ဈေးပေါပေါနဲ့ တရုတ်ကတင်သွင်းလာတဲ့ စက်အပို ပစ္စည်းများကြောင့် ဖြစ်ပါတယ်။


နည်းပညာ။
စက်မှုလုပ်ငန်းလုပ်တော့မယ်ဆိုရင် နည်းပညာကို မေ့ထားလို့ မရတော့ပါဘူး။ နည်းပညာကို အစိုးရက တိုင်းရင်းသား လုပ်ငန်းရှင်များအတွက် နိုင်ငံခြားကနေ ရှာဖွေတင်သွင်းပေးနိုင်ဖို့လိုပါတယ်။ သင်တန်းတွေအများအပြား လိုအပ်ပါတယ်။ ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံခြားကနေ နည်းပညာမျိုးစုံတင်သွင်းဖို့ ဝန်ကြီးဌာနတခု သပ်သပ်ဖွဲ့စည်းပြီး နည်းပညာမျိုးစုံကို သူ့နိုင်ငံက လုပ်ငန်းရှင်များအတွက် ရှာဖွေပေးပါတယ်။ တိုးတက်ပြီးသား နိုင်ငံကြီးများကနေ နည်းပညာရဖို့ဆိုတာ အစိုးရကိုယ်၌က အဲဒီနိုင်ငံခြားအစိုးရများနဲ့ ပြေလည်မှသာ လျှောလျှောရှုရှု ရနိုင်ပါလိမ့်မယ်။ နည်းပညာကောင်းမှသာ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းများကို ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အရည်အသွေးကောင်းမှ သူများပစ္စည်းနဲ့ ပြိုင်ရောင်းနိုင်မှာပါ။


ဈေးကွက်ရှာဖွေပေးနိုင်မှု။
အသေးစားအလတ်စား စက်မှုလုပ်ငန်းရှင်များအနေနဲ့ သူတို့ကိုယ်တိုင် ဈေးကွက်လိုက်ရှာဖို့ဆိုတာ ခက်ခဲပါတယ်။ သူတို့အလုပ်နဲ့ သူတို့မအားမလပ် ဖြစ်နေတဲ့ သဘာဝကြောင့်ပါ။ ပြည်တွင်းဈေးကွက်၊ အိမ်နီးချင်းဈေးကွက်၊ တခြား နိုင်ငံရပ်ခြား ဈေးကွက်များကို ရှာဖွေဆက်စပ်ပေးဖို့လိုပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်များက ဈေးကွက်နဲ့ပတ်သက်လို့ မေးမြန်းလာရင် အစိုးရကိုယ်တိုင်က ဈေးကွက်နဲ့ပတ်သက်ဆက်စပ်နေတဲ့ သတင်း အင်ဖော်မေးရှင်းတွေ ထောက်ပံ့ဖို့ လိုအပ်ပါတယ်။


လမ်းပန်းဆက်သွယ်ရေးစနစ်။
လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ခက်ခဲနေသေးတယ်ဆိုရင် ဘယ်လိုမှ အလုပ်ဖြစ်နိုင်မှာ မဟုတ်သေးပါ။ ဒါကြောင့် ကားလမ်း၊ ရေလမ်း၊ သင်္ဘောဆိပ်၊ လေဆိပ်တွေဟာ အမြဲတန်း အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ဖို့ လိုပါတယ်။ လမ်းပန်းဆက်သွယ်ရေးက မကောင်းရတဲ့ကြားထဲ လမ်းပေါ်မှာ ဂိတ်တွေဖွင့်ပြီး အကြောင်းပြချက်မျိုးစုံနဲ့ ငွေညှစ်တာ ငွေကောက်တာမျိုး မလုပ်ဖို့လည်း လိုပါတယ်။


လျှပ်စစ်စွမ်းအင် ဈေးချိုချိုသာသာနဲ့ ရရှိရေး။
လျှပ်စစ်စွမ်းအင် ဈေးချိုဖို့ဆိုတာ အခုအထိ အိပ်မက်လို ဖြစ်နေတုန်းပါ။ လျှပ်စစ်မလုံလောက်တဲ့ သို့မဟုတ် လုံလောက်သော်လည်း ဈေးကြီးတဲ့ နိုင်ငံတခုဟာ ဘယ်လိုနည်းနဲ့မှ အသေးစားအလတ်စား စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ မရှိပါ။ မြန်မာပြည်က ထွက်နေတဲ့ သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းလုပ်ငန်းရှင်တွေ ဈေးချိုချိုနဲ့ သုံးနိုင်အောင် မစီစဉ်နိုင်သေးသမျှ စက်မှုလုပ်ငန်းတိုးတက်ဖို့ ဆိုတာကို မေ့ထားဖို့ပဲ ရှိပါတယ်။ လျှပ်စစ်လုံလောက်အောင် ဆိုပြီး ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ များများဆောက်လိုက်ရင်လည်း လျှပ်စစ်တော့ ရပါရဲ့ နောင်မှာ ကိုယ်ကျိုးနည်းမယ့် ကိန်းကလည်း ရှိနေပါသေးတယ်။


အာဏာပိုင်များဖက်က နှောက်ယှက်စွက်ဖက်တာမျိုးမရှိရေး။
ဒီကိစ္စကို ပြောရတာက မြန်မာပြည်က အာဏာပိုင်အဆင့်ဆင့်ဟာ အရင်စိတ်ထားအဟောင်း၊ လုပ်ရပ်အဟောင်းတွေကို မစွန့်နိုင်သေးတာကြောင့်ပါ။ ဆိုလိုတာကတော့ စက်ရုံအလုပ်ရုံများကို အကြောင်းအမျိုးမျိုးပြပြီး ငွေကောက်ခံတာနဲ့ လာဘ်မပေးရင် ဘာမှ ဆောင်ရွက်မပေးတဲ့ အမူအကျင့်တွေကို ပြောတာဖြစ်ပါတယ်။


တသီးပုဂ္ဂလပိုင်ဆိုင်မှုအခွင့်အရေး။
လုပ်ငန်းရှင်များ ပိုင်ဆိုင်တဲ့ စက်ပစ္စည်း၊ စက်ရုံ၊ မြေနဲ့ တခြားမရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဥစ္စာများကို လုံခြုံရေး အကြောင်းပြ၊ ဟိုအကြောင်းပြ ဒီအကြောင်းပြပြီး သိမ်းယူတာမျိုး မလုပ်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် တသီးပုဂ္ဂလပိုင်ဆိုင်မှု အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေမျိုးတွေ ခိုင်ခိုင်ခန့်ခန့် ရှိဖို့လိုပါတယ်။ ခရိုနီတွေ မောင်ပိုင်စီးထားတဲ့ လယ်သမားတွေရဲ့ မြေတွေကို တရားဝင် ခရိုနီပိုင် ဖြစ်လာစေဖို့ လုပ်ပေးတာမျိုး တော့မဖြစ်ဖို့ လိုပါတယ်။


လိုအပ်တဲ့ သဘာဝအရင်းအမြစ်။
စက်မှုလုပ်ငန်းလုပ်ပြီဆိုတော့ သဘာဝအရင်းအမြစ်တွေ လိုလာပါတယ်။ စက်မှုလုပ်ငန်းရှင်တွေ လိုအပ်တဲ့ သဘာဝ အရင်းအမြစ်တွေ ရှာဖွေပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ တချိန်ထဲမှာလည်း အဲဒီစက်မှုလုပ်ငန်းတွေကို အကြောင်းပြပြီး အလွန်အကျွံ သဘာဝအရင်းအမြစ် ထုတ်ယူတာမျိုးကိုလည်း ရှောင်ရှားဖို့လိုပါတယ်။

၁ဝ
လုပ်သားအင်အား။
လုပ်သားမရှိရင် စက်မှုရော လက်မှုရော စိုက်ပျိုးရေးရော မတိုးတက်နိုင်ပါ။ ကနေ့ မြန်မာလုပ်သားတွေ နိုင်ငံခြားထွက် အလုပ်လုပ်နေတာ များလာတာကြောင့် လုပ်သားအင်အား ရှားပါးစပြုလာပါတယ်။ ဒါကို သတိပြုဖို့လိုပါတယ်။ နိုင်ငံခြားထွက်တာ များရတာကလည်း ပြည်တွင်းလုပ်အားခက နည်းပါးလွန်းတာကြောင့်ပါ။ အဲဒါကြောင့် လုပ်သားများရဲ့ တနေ့တာလုပ်အားခဟာ ခေတ်နဲ့အညီ ဖြစ်ရပါလိမ့်မယ်။ လုပ်အားခနည်းလွန်းရင် ဘယ်သူမှ လုပ်ချင်မှာမဟုတ်ပါ။ နိုင်ငံခြားပဲ ထွက်ကြပါလိမ့်မယ်။

၁၁
အသေးစားအလတ်စား စက်မှုလုပ်ငန်းများနဲ့ ဆက်စပ်တဲ့ ဥပဒေများ။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဥပဒေများ၊ နည်းဥပဒေများ ပြုစုမယ်ဆိုရင် နိုင်ငံတော်တခုလုံးအတွင်းမှာ အကြုံးဝင်ပြီး ပတ်သက် ဆက်စပ်နေတဲ့ ဥပဒေမျိုးတွေ ဖြစ်ဖို့လိုသလို သက်ဆိုင်ရာ ပြည်နယ်များ၊ တိုင်းဒေသကြီးများရဲ့ ထူးခြားချက်များအရလည်း အကြုံးဝင်စေတဲ့ ဥပဒေမျိုး ဖြစ်ဖို့လိုပါတယ်။ သဘောကတော့ ချင်းပြည်နယ်မှာ အဆင်ပြေညီညွှတ်နေတဲ့ ဥပဒေ ပြဌာန်းချက်တချို့ဟာ ရှမ်းပြည်နယ်တို့၊ မန္တလေးတိုင်းတို့မှာ အလုပ်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒီသဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပဒေက ခိုင်ခိုင်ခန့်ခန့် တရားမျှမျှတတ ရှိထားတယ်ဆိုရင် လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို အတော်လေး အဟန့်အတား ဖြစ်စေနိုင်တာကြောင့်ပါ။ လာဘ်ပေးလာဘ်ယူ ပုံစံမျိုးနဲ့ ကြီးကြီးမားမား ဆက်သွားနေတယ်ဆိုရင် စက်မှုဘယ်တော့မှ ထွန်းကားလိမ့်မည် မဟုတ်ပါ။

လတ်တလော မြင်တာကို ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အခုလက်ရှိ အခြေအနေမျိုးမှာ အသေးစားစက်မှုကော၊ အလတ်စား စက်မှုကော ဖွံ့ဖြိုးလာလိမ့်မယ်လို့ မထင်ပါကြောင်း။

ဇော်မင်း
(၈ ရက်၊ မေလ၊ ၂ဝ၁၅ ခုနှစ်)

Credit @ http://fine-leaves.blogspot.com