ဆောင်းဝင်းလတ် –
အလယ်ရိုးမရယ်၊ ကဗျာဆရာရယ်၊
မလွမ်းဘယ်သူရှိပါ့မယ်

“ဗိုလ်”ကြီးလို့
အလေးအမြတ်ပြုခံရတဲ့
ကဗျာတပ်မှူးကြီး မောင်သင်းခိုင်

“ တပါတီ အာဏာရှင် စနစ်လက်ထက်မှာပဲ “တော်လှန်” ဆိုတဲ့ အသုံးအနှုန်းနဲ့ “ တော်လှန်ကဗျာ ” စာအုပ်ထွက်လာတာ သမိုင်းမှတ်တမ်းလို့ ဆိုချင်ပါတယ် အစ်ကိုကြီး ”
“ ဒါပေါ့ ကိုဆောင်းရဲ့ အဖိနှိပ်၊ အချုပ်အချယ်၊ အကန့်အသတ်တွေကြားက ထွက်လာတာပေါ့  .. သမိုင်းမှတ်တမ်းပေါ့ ”

နောက်ရိုးမဒေသ အလွမ်းပြေ ငဝန်မြစ်ကမ်းခြေဆီက ချစ်ခင်လေးနက်ရတဲ့ ကဗျာဆရာ မောင်အောင်ပွင့်နဲ့ တွေ့ဆုံခဲ့ပြီး အပြန်ခရီးမှာတော့ ရန်ကုန်မှာ လုပ်ငန်းဆောင်တာ အဝဝကို လုပ်စရာရှိတာလေးတွေ  လုပ်ရပြန်တယ်။ အဓိကလုပ်ရတာကတော့ များပြားလှတဲ့ အနုပညာ တာဝန်ဝတ္တရားတွေပါပဲ။ အပါတ်စဉ် ရေးနေကျ စာနယ်ဇင်းတချို့နဲ့ လစဉ်မပျက်မကွက် ရေးပေးနေကျ စာနယ်ဇင်း တချို့အတွက် စာမူတွေရေးရသလို  ပါဝင်ကူညီပေးနေကျ  မြန်မာ့ရုပ်မြင်သံကြား အစီအစဉ် တခုအတွက်လည်း ချိန်းဆိုတဲ့ ရက်တချို့မှာ ပါဝင်ကူညီပေးခဲ့ရတယ်။ ၂ဝ၁၇ ခုနှစ် စာပေညီလာခံအတွက်လည်း ကြိုတင် အစည်းအဝေးတချို့မှာ ပါဝင်ဆောင်ရွက်ရပြန်တယ်။

အား လပ်တဲ့ရက်ဖြစ်တဲ့ ဒီဇင်ဘာလ ၆ ရက် ညနေခင်း ထွက်မယ့် အမှတ် ၅ အဆန် မန္တလေး အမြန်ရထားလက်မှတ်ကို  တရက်ကြိုပြီး လုပ်ခဲ့တယ်။ ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းမှာ  မပျက်မကွက် တက်ရောက်ရမယ့် မြန်မာစာရေးဆရာကလပ်က ကျင်းပတဲ့ အခမ်းအနားတခုကို ရန်ကုန်မြို့က ဟိုတယ်တခုမှာ ခဏဝင်တက်ခဲ့ပြီး ရန်ကုန်ဘူတာကြီးဘက် ကသုတ်ကရက် ထွက်လာခဲ့တယ်။ ညနေ ( ၃ ) နာရီ တိတိမှာတော့ အမှတ် ( ၅ ) အဆန် မန္တလေး အမြန်ရထားနဲ့ လိုက်ပါလာခဲ့တယ်။

န်ကုန် နယ်နိမိတ်ကို ကျော်လွန်ပြီး ဆည်းဆာရိပ် သန်းလုဆဲဆဲမှာ ဘွားခနဲ မှုန်ပျပျ လှမ်းမြင်ခဲ့ရတာကတော့ ပဲခူးရိုးမပါ။  အလယ်ရိုးမရဲ့ အရိပ်အာဝါသထဲက တခုလို့ ဆိုရမယ့် ပျဉ်းမနားမြို့ ကိုရောက်ခဲ့တယ်။ ဘူတာမှာ ဇော်လေး (ခေါ်) ဇော်မျိုးဟိန်းက လာကြိုနေတယ်။ သူကတော့ ကွယ်လွန်သူ ကဗျာဆရာ ဇော် ( ပျဉ်းမနား ) ရဲ့ သားဖြစ်ပါတယ်။ သူနဲ့ ကြိုတင် အကြောင်းကြား စီစဉ်ထားတဲ့အတိုင်း ပျဉ်းမနားမြို့ ဗိုလ်ချုပ်လမ်းမှာရှိတဲ့  “  အောင်ချမ်းသာ ” တည်းခိုခန်းမှာ သွားပြီး တည်းခိုခဲ့တယ်။ ကျွန်တော့်ကို လိုက်ပို့ပြီး ဇော်လေးလည်း စက်ဘီးနဲ့ သူတို့နေတဲ့ “  သပြေလှ  ” ရွာကို ပြန်သွားတယ်။ အောင်ချမ်းသာမှာ တယောက်ခန်းရပြီး တည်းခိုရတာ အစစ အဆင်ပြေပါတယ်။ နောက်ရက်တွေ ဆိုရင် ပျဉ်းမနားဟာ ပိုပြီး ဆောင်းရဲ့ အအေးဓာတ်တွေ ရောက်လာတော့မယ်လေ။ 

ကဗျာဆရာကြီး မောင်သင်းခိုင်

နက်လင်းတော့ ဇော်လေးရောက်လာတယ်။ တိရစ္ဆာန် ဆေးကုဆရာဝန်လည်းဖြစ်ပြီး စာပေတွေလည်း ရေးသားနေတဲ့ စာရေးဆရာ သင်းအောင်သန်းရောက်လာတယ်။ သူတို့နဲ့ လက်ဖက်ရည်ဆိုင် သွားထိုင်ကြတယ်။ ဇော်လေးက သူ့အိမ် ခဏပြန်သွားတဲ့ အချိန်မှာ ဆရာသင်းအောင်သန်းနဲ့ ကျွန်တော် ပျဉ်းမနားမြို့ ( ၂ ) လမ်းမှာ ရှိတဲ့ ခြံကျယ် ဝင်းကျယ် ရှေးပျဉ်ထောင် ‘၂ ’ထပ် အိမ်ကြီး တလုံးဆီကို ရောက်သွားကြတယ်။ နွေးထွေး လှိုက်လှဲတဲ့ အပြုံးတွေနဲ့ ဆုံတွေ့လိုက်ရတယ်။ ကဗျာဆရာကြီး မောင်သင်းခိုင်တို့ မိသားစု ကမ္ဘာလေးရဲ့ အပြုံးတွေဟာ အမောပြေစေခဲ့ပါတယ်။

၁၉၄ဝ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ခုချိန်မှာ အသက် ‘ ၇၈ ’ နှစ်ထဲ ဝင်နေပေမယ့် အစ်ကိုကြီး ကိုသင်းခိုင်ရဲ့ Style ကတော့ ဟိုတုန်းကအတိုင်း နုပျိုလန်းဆန်း လတ်ဆတ်နေဆဲမို့ ဝမ်းသာရတယ်။ တယောက်နဲ့ တယောက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်မိကြတယ်။

မကြာသေးခင်က ကျွန်တော် ပုသိမ်ကို ရောက်သွားတယ် .. ကိုအောင်ပွင့်လည်း ခုတော့ နည်းနည်းလေး နေကောင်းစမို့ အစားအသောက်လည်း မပျက်တော့ဘဲ ..  မနက်မနက်ဆို လမ်းနည်းနည်းလျှောက်ဖို့ အပြင်တောင် ထွက်နိုင်စပြုနေပါပြီ .. ကဗျာတွေလည်း ပြန်ရေးနေပြီ ”  လို့ ကျွန်တော်ကပြောတော့ ..

“  ဝမ်းသာတယ် .. ကိုဆောင်းရေ ”  လို့ အစ်ကိုကြီးကိုသင်းခိုင်က ပြောတယ်။ ဆရာသင်းအောင်သန်းကလည်း  အစ်ကိုကြီး ကိုသင်းခိုင်ဖတ်ဖို့အတွက် မကြာခင်ကမှ ထွက်ထားတဲ့ သူရေးတဲ့စာအုပ်  “  တကမ္ဘာခြားသော်လည်း  တိုင်တည်သစ္စာ မြဲလေသောအခါ  ” ကို လက်ဆောင်လာပေးမည့် အကြောင်းပြောပါတယ်။

ရောက်တုန်းရောက်ခိုက်မှာ ကျွန်တော်တို့ ညီအစ်ကိုတွေ နေ့လယ်စာကို ပျဉ်းမနားမြို့ပြင်က  ချစ်တီး ထမင်းဆိုင်မှာ သွားစားဖို့လည်း တိုင်ပင်ထားကြတယ် ” လို့ ကျွန်တော်က ပြောတော့ အစ်ကိုကြီး ပြုံးနေတယ်။ ၁၉၈၈  အရေးအခင်း ပြီးခါစမှာ နိုင်ငံရေးဂယက်တွေကြားထဲ  ရန်ကုန်မြေကို သူဆင်းလာတုန်း ကျွန်တော်တို့တတွေ စစ်အုပ်ချုပ်ရေးနဲ့ ညမထွက်ရအမိန့်ကာလ ညများစွာမှာ  အတူနေ၊ အတူစားခဲ့ရတာလေးများလည်း ပြန်သတိရမိတယ်။ မကြာခင်ကမှ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ စာရေးဆရာ၊ ကဗျာဆရာ၊သီချင်းရေးဆရာ၊ဇာတ်ညွှန်းရေးဆရာ၊ဒါရိုက်တာ၊ကျောင်းဆရာ၊ ဘိုင်အို မင်းသစ်ရဲ့ခြံထဲမှာလည်း အတူတူနေခဲ့ကြသေးတယ်။

ရန်ကုန်ကိုဆင်းလာခါစ ပျဉ်းမနားက ပန်းချီဆရာမောင်ဝင်းတင့်နဲ့ မြစ်ဝကျွန်းပေါ်ဒေသ ဘိုကလေးမြို့က ပန်းချီဆရာမောင်လေးအောင်တို့လည်း ကျွန်တော်တို့နဲ့ အတူနေခဲ့ကြတယ်။

အစ်ကိုကြီး မှတ်မိဦးမှာပေါ့ .. ရန်ကုန်မြို့ပြင် မှော်ဘီမှာ ဆရာဒဂုန်တာရာ ရောက်နေတုန်း ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းအတွက် အစ်ကိုကြီးနဲ့ကျွန်တော် ဆရာတာရာကို စာပေအင်တာဗျုး သွားလုပ်ခဲ့ကြတာလေ ” လို့ ကျွန်တော်က အစပြန်ဖော်ပေးတော့ သူမှတ်မိသွားတယ်။

“  ဟုတ်တယ်  .. ဟုတ်တယ် .. အဝကျွန်းကိုချစ်မောင်ရယ် .. မတင်တင်ဦးရယ်၊ ဓာတ်ပုံဆရာ ရွှေဖီးရယ် .. ကိုဆောင်းရယ် .. ဆရာတာရာဆီ သွားကြတာ .. ဟုတ်လား  ”  တဲ့။
“  ဟုတ်ကဲ့ ..”
“  အဲဒီ့တုန်းက တနေကုန် မှော်ဘီမှာ နေကြပြီးမှ ရန်ကုန်ကို ပြန်ကြတာလေ ”

သူ ပြန်သတိရနေပုံရတယ်။ ခုတော့ ဆရာတာရာလည်း မရှိရှာတော့ဘူး။ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှာ အစ်ကိုကြီးကိုသင်းခိုင်က အယ်ဒီတာပါ။ ကဗျာတွေ တာဝန်ယူပြီးဖတ်ခဲ့တယ်လေ။ ဒါကြောင့်လည်း မဂ္ဂဇင်းစာမျက်နှာပေါ်မှာ ကဗျာတွေ အရှိန်အဟုန် အထူးကောင်းခဲ့တာပေါ့။ ကျွန်တော်က ပုသိမ်မှာ ကိုအောင်ပွင့်နှင့် တွေ့ခဲ့တုန်းကလိုပဲ  ခုလည်းအစ်ကိုကြီးကိုသင်းခိုင်ကို အားပေးစကားတွေနဲ့အတူ  သူမှတ်မိနိုင်သမျှပြန်ပြီး “ Re call ” လုပ်ပေးတယ်။ တကယ်လည်း လှိုက်လှိုက်လှဲလှဲ  လွမ်းလွမ်းဆွတ်ဆွတ်နဲ့ သူ မှတ်မိလာပါတယ်။

“အစ်ကိုကြီးရေ .. ၁၉၇ဝ ပတ်ဝန်းကျင် .. ရန်ကုန်၊ မင်္ဂလာတောင်ညွန့် ဦးအုန်းခိုင်လမ်း ညဈေးတန်းလေးရှေ့ ဗာဒံပင်ရိပ်မှာ မိုးဝေစာပေမဂ္ဂဇင်း လှုပ်ရှားမှုတွေဟာ သမိုင်း တကွေ့ပဲနော် ”
“  ဟုတ်တာပေါ့ဗျာ  ..  ကျွန်တော်တို့ အဲဒီ့မှာ စုစုဝေးဝေးကြီးပဲလေ ”
“  ကျွန်တော်က အဲဒီ့တုန်းက မင်္ဂလာတောင်ညွန့်  ၁ဝ၉ လမ်းမှာနေတော့  အားတဲ့ရက်တချို့ ဆိုရင် အစ်ကိုကြီးတို့ဆီ ရောက်နေကျပဲ  ”
“မင်္ဂလာတောင်ညွန့် ရပ်ကွက်၊ ဖ.ဆ.ပ.လ ရပ်ကွက်၊ ကန်တော်ကလေးမှာ အနုပညာ လုပ်ငန်းတွေ၊ အနုပညာသမားတွေ အများကြီးရှိခဲ့ကြတာပဲ ကိုဆောင်းရဲ့ ” လို့ သူ စကားအစချီရင်း  သူ့စိတ်အာရုံထဲမှာ  တစထက်တစ  တခုချင်း တန်းစီပြီး  ဟိုတကွက်၊ သည်တကွက် ပေါ်လာပုံရတယ်။

သူ ပြောတာက ..“  ဖ.ဆ.ပ.လ ရပ်ကွက်မှာဆိုရင် မြန်မာစာပေလောကထဲက ဆရာမာဃ ရှိတယ်ဗျာ၊ ဆရာရန်ကုန်ဘဆွေ၊ ဆရာအောင်လင်း၊ ဆရာစိန်ခင်မောင်ရီ၊ ပန်းချီဦးဘရင်ကလေး၊ သူတို့နေကြတာပဲ။ ပြီးတော့ လူငယ် ကဗျာသမား၊ စာသမားတွေလည်း အများကြီးပဲ  ”  တဲ့။

ကျွန်တော်လည်း မှတ်မိနေပါသေးတယ်။ ကျွန်တော်တို့ ‘ ၁ဝ၉ ’လမ်းရဲ့ ဟိုဘက်လမ်း  ‘ ၁၁ဝ ’ လမ်းမှာ နေသွားတာက အစ်ကိုကြီး ကိုသင်းခိုင်ရဲ့ ယောက္ခမ နိုင်ငံရေးသမား ရုပ်ရှင်ဒါရိုက်တာ ဦးချစ်ခင်ပေါ့၊ ဦချစ်ခင်က မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်းတွေ အများကြီး ရိုက်ပေးသွားတဲ့ အထင်ကရ ဒါရိုက်တာကြီးပါ။ ‘ မွှေး ’  ‘ ရေစီးတခါ ရေသာတလှည့် ’  ‘ ပန်းပန်လျက်ပါ’   ‘  ကိုယ်လိုချင်သောပန်း ’  အပါအဝင် တကယ့် အနှစ်သာရ ပြည့်ပြည့်ဝဝ ဇာတ်ကားကောင်းကြီးတွေကို အများကြီးရိုက်ပေးသွားတဲ့ ရုပ်ရှင်ပညာသည်ကြီးပါ။

အစ်ကိုကြီးမောင်သင်းခိုင်မှာ အနုပညာဆွေရိပ်မျိုးရိပ် ဂုဏ်သတင်း ကြီးမားခဲ့တယ်။ သူ့အဘိုးက မြန်မာစာပေလောကရဲ့ ထင်ရှားတဲ့ ပညာရှင် လယ်တီပဏ္ဍိတဦးမောင်ကြီးပါပဲ။

သူကဆက်ပြောတယ် ..
“ ခင်ဗျားတို့ တောင်ညွန့် ရပ်ကွက်ထဲမှာပဲ ၁ဝ၇ လမ်းမှာဆိုရင် ကိုသန်းဆွေတို့ နံ့သာပုံနှိပ်တိုက်က စာအုပ်ကောင်းတွေ အများကြီးထုတ်ခဲ့တာပဲဗျ။ ပြီးတော့ ၁ဝ၈ လမ်းထဲမှာပဲ ဆွေဗမာဖလင်က ရုပ်ရှင်ဒါရိုက်တာ ဦးလွန်းဖေတို့ ရုပ်ရှင်မင်းသားကိုဌေးအောင်တို့ နေကြသေးတာပဲ” တဲ့။

ဟုတ်တယ် အစ်ကိုကြီး .. ၁ဝ၇လမ်း နံ့သာပုံနှိပ်တိုက်မှာက လူကြီး၊လူလတ်၊လူငယ် စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ကာတွန်းဆရာတွေ၊ဂီတသမားတွေ အဝင်အထွက် ရှိခဲ့တယ်။ ကဗျာဆရာ၊ သီချင်းရေးဆရာ၊ အဆိုတော်တွေထဲကဆိုရင် ကိုခင်ဝမ်းလည်း ခဏခဏ လာတယ်လေ.. ပြီးတော့ ဆရာမင်းသစ်တို့လည်း စတည်းချခဲ့ကြတာပဲ ”

“  ဒါပေါ့ဗျ ..  ကျွန်တော်တို့ မိုးဝေမှာ လူစုံသလို အဲဒီ့ကိုလည်း ကူးလိုက်သန်းလိုက်ပဲ။ ပြီးတော့ အဲဒီ့တောင်ညွန့်မှာပဲ စာအုပ်လုပ်ငန်းလုပ်လို့ကောင်းတာက နာမည်ကြီး ဘလောက်တိုက်တွေ၊ Binding စာအုပ်ချုပ် လုပ်ငန်းတွေ ရှိတော့ အားလုံး အဆင်ပြေတယ်လေ ”

“  အစ်ကိုကြီးတို့၊  ဆရာမင်းသစ်တို့က မိုးဝေစာပေမဂ္ဂဇင်းကို  ဆရာနတ်နွယ်အတွက် ၀ိုင်းကူလုပ်ပေးခဲ့ကြတာနော် ”  

“  ဟုတ်တယ်ကိုဆောင်း .. ကဗျာဆရာမောင်လေးအောင်လည်း ဝိုင်းဝန်းခဲ့တာပဲ ”

“  ကိုလေးအောင်နေတဲ့ ရန်ကုန်ပုဇွန်တောင် ဘုရားဖြူ ကျောင်းတိုက်နဲ့ မျက်နှာချင်းဆိုင်က မဟာညောင်ကုန်း ကျောင်းတိုက်ကိုလည်း ကျွန်တော်တို့ အမြဲရောက်ကြတာ၊ ဆုံမိကြတာ အစ်ကိုကြီး မှတ်မိမှာပေါ့ ”
“  အဲဒီ့ ကျောင်းတိုက်မှာ ကိုဖိုးထင်တို့၊ ကိုချစ်ဟန်ကြီးတို့ ရှိတာကိုးဗျ ကိုဆောင်းရဲ့ ”

စ်ကိုကြီးကိုသင်းခိုင်ကို ကြည့်ရတာ ကျွန်တော်နဲ့ စကားပြောနေရင်း ပိုပြီးစိတ်တွေ လှုပ်ရှားလန်းဆန်းလာသလိုပဲ။ သူပြောတဲ့ ကိုဖိုးထင် (ခေါ် ) ရဲဘော်ဖိုးထင်က ဗ.က.သ ဥက္ကဌ လုပ်ခဲ့ပြီး ကဗျာဆရာမောင်ကျော်ထင်လို့လည်း ခေါ်ပါတယ်။ အညာသား ကိုချစ်ဟန်ကြီးကလည်း ‘ ချစ်နီ ’ နာမည်နဲ့ ကဗျာရေးတယ်။

“  ရယ်စရာလေး သတိရမိသေးလား .. အစ်ကိုကြီး  ” လို့ ကျွန်တော်ကမေးတော့ ကိုသင်းခိုင်က ..
“  ဘာများတုံး  .. ကိုဆောင်း ” တဲ့။
“ ဩော် ..ကျွန်တော်တို့ ရဲဘော် ကိုချစ်ဟန်ကြီး ရုပ်ရှင်တခန်း ဝင် ရိုက်ခဲ့ဖူးတာလေ ..”“  ဩော် .. စာရေးဆရာစောဦးရေးတဲ့  တမိုးသောက်သော်မှာ သူဝင်ရိုက်တာလေ … ရိုင်ဖယ် သေနတ်ထမ်းပြီး ကင်းစောင့်တဲ့ရဲဘော်နေရာက တခန်းတည်းရယ် .. သူသရုပ်ဆောင်လိုက်ရတာ .. ဟား .. ဟား .. ” လို့ပြောရင်း ကိုသင်းခိုင် ရယ်နေတယ်။

ဆရာလင်းယုန်မောင်မောင်လိုပေါ့ .. ရုပ်ရှင်မှာ တခန်းလောက်တော့ ဝင်ရိုက်လိုက်ကြ တဲ့သူတွေလေ  ”
“  ဆရာလင်းယုန်မောင်မောင်က ဒါရိုက်တာမောင်ဝဏ္ဏရိုက်တဲ့ ဇာတ်ကားမှာနော် . . ကိုဆောင်း  .. ဒါပေမယ့် ခပ်များများ သရုပ်ဆောင်သွားကြတဲ့ သူတွေထဲမှာ စာရေးဆရာမင်းအောင်တို့ ဗဂျီအောင်စိုးတို့ ဆရာသော်တာဆွေတို့လည်း ဆရာသာဓုရိုက်တဲ့ ကားတွေထဲ ပါခဲ့သေးတာပဲ  ”

“ဟုတ်တယ် အစ်ကိုကြီး .. ရုပ်ရှင်လောကနဲ့ စာရေးဆရာ၊ကဗျာဆရာ၊ပန်းချီဆရာတွေနဲ့တော့ ပတ်သက်ဆက်နွယ်ခဲ့ကြတာပဲ။ ကဗျာဆရာတွေထဲကဆိုရင် ဇာတ်ကားများများရိုက်သွားကြတာ ဆရာဒေါင်းနွယ်ဆွေတို့ .. ဆရာအောင်ပြည့်တို့  ”စကားတွေ ဝေဝေဆာဆာ ပြောနေကြရင်း အစ်ကိုကြီးကို မိုးဝေစာပေမဂ္ဂဇင်းအကြောင်း စကားလမ်းကြောင်း ကျွန်တော်ပြန်လှည့်ပေးလိုက်တယ်။ သူ သတိရသလောက် ပြန်ပြောပြရှာပါတယ်။

ပထမ မူလအစတုန်းကတော့ စုံထောက် ဝတ္ထုမဂ္ဂဇင်းဗျ .. နောက်တော့ စုံထောက်မဂ္ဂဇင်း ပေါ့ဗျာ ..ဒီလိုပဲ လူတွေက ခေါ်ကြတာပဲ .. ဦးဆန်နီရဲ့ ခေတ်ပြင် စာပေတိုက်က ထုတ်ခဲ့တာ.. အယ်ဒီတာတွေထဲမှာ ကိုဝင်းနိုင်တို့၊ ကိုတင့်ဆန်းတို့ ပြီးတော့ကိုမျိုးဝင်းဆိုတာ ရှိခဲ့သေးတယ်။ ဆရာနတ်နွယ်လည်း အဓိကလှုပ်ရှားခဲ့တာပေါ့။ ဆရာမိုးဝေတို့ကလည်း အများကြီးပဲ စုံထောက်မဂ္ဂဇင်းအတွက် လုပ်ကိုင်ခဲ့ကြတာပေါ့။ စုံထောက်ဝတ္ထုတွေ အရေးများတဲ့ စာရေးဆရာတွေထဲက စောလင်းလည်း အဲဒီ့မှာ အယ်ဒီတာ လုပ်ခဲ့သေးတယ်။ တက္ကသိုလ်နန္ဒမိတ်တို့လည်း ပါခဲ့ကြတယ်။ ဒီလောက်ပဲ မှတ်မိတော့တယ်ဗျာ ”

“  ဟုတ်ကဲ့  .. မိုးဝေမဂ္ဂဇင်းအကြောင်း ပြောပါဦး .. အစ်ကိုကြီး ”
“၁၉၆၇ ခုနှစ်မှာ ဆရာမိုးဝေ ဆုံးသွားတယ်။ သူ့ကိုဂုဏ်ပြုတဲ့ အနေနဲ့ ၆၈ ခုနှစ်ကျတော့ မိုးဝေမဂ္ဂဇင်းကို စပြီးထုတ်ကြတာပဲ”
“  အဲဒီ့မှာ ကဗျာတွေ ပိုအင်အား ကောင်းလာတာလား  ”
“  စုံထောက် မဂ္ဂဇင်းမှာလည်း နောက်ပိုင်းကျတော့ ကဗျာတွေထည့်လာတာ ရှိခဲ့တယ် ..  ပြီးတော့ လျှို့ဝှက်သည်းဖိုမဂ္ဂဇင်းလေ ”

“  ကျွန်တော်တို့ တောင်ညွန့် ရပ်ကွက်က မီးရထားသံလမ်း ဟိုဘက်မှာ ရေကျော်ဝတ်ကျောင်းလမ်းကို ဖြတ်လိုက်ရင် လျှို့ဝှက်သည်းဖို မဂ္ဂဇင်းတိုက်ကိုရောက်တယ်လေ။ ထုတ်ဝေသူက ဦးခင်ကျော်  ”
“ ဟုတ်တယ် .. သူ့နာမည်ရင်းက ကိုခင်ဦးတဲ့  ”

ဒါနဲ့  .. မိုးဝေမဂ္ဂဇင်း အနေအထားကျတော့ရော .. .အစ်ကိုကြီး ”
“ ဆရာနတ်နွယ်က ဆရာကျော်အောင်တို့ ဆရာညွန့်ကြူးတို့နဲ့ပေါ့ ..  ပြီးတော့ ဆရာမင်းကျော်တို့ ဆရာမောင်နေဝင်းတို့နဲ့လည်း သူက မဂ္ဂဇင်းအတွက် အမြဲတိုင်ပင်တယ်  ”
“ ဒီဆရာတွေကို ကျွန်တော်တို့ တောင်ညွန့် ဟိုဘက် ကန်တော်လေး မြန်မာ့ဂုဏ်ရည်လမ်းက ပုဂံစာအုပ်တိုက်မှာလည်း တတွဲတွဲ တွေ့ခဲ့ရတယ် အစ်ကိုကြီး  ”
“  ဒါပေါ့ .. သူတို့က ရေးဖော်ရေးဖက်တွေကိုး ”
“ နံ့သာပုံနှိပ်တိုက်၊ စာအုပ်တိုက်နဲ့ ပုဂံစာအုပ်တိုက်တို့ ကုမာရ ပုံနှိပ်တိုက်တို့မှာ သူတို့ ဝင်ထွက်နေကြတာပဲ ”
“ အေးဗျာ  .. ဟိုတုန်းကတော့ တကယ့် စာအုပ်တိုက်ကြီးတွေပဲလေ။ ဆရာမြသန်းတင့်တို့ စာအုပ်တွေလည်း အဲဒီ့တိုက်တွေက ထုတ်ကြတာကိုး .. ပြီးတော့ အများကြီးပါပဲ။ စာအုပ်ကောင်းတွေချည်းပဲ ထုတ်ကြတာ ”

မိုးဝေမဂ္ဂဇင်းရဲ့ ကဗျာ အခန်းကဏ္ဍကလည်း ကြီးမားတယ်နော် အစ်ကိုကြီး ”
“ ဝတ္ထုတွေ၊ ဆောင်းပါး စာမူတွေ ဖတ်နေကြတာတော့ ကိုအောင်ကျော်ဆိုတာပါတယ်။ ပြီးတော့ ကိုအောင်ကျော်မင်း ဆိုတာလည်းရှိတယ်။ ဆရာနတ်နွယ်ကတော့ အဓိကဖတ်တာပေါ့။ ကဗျာစာမူတွေလည်း ဆရာနတ်နွယ်ပဲ ဖတ်ခဲ့တာပဲ။ နောက်ပိုင်းမှာ မောင်လေးအောင်က ဝင်ပြီး ဖတ်ပေးခဲ့တယ်။ ကဗျာစာမူတွေပေါ့။ ပြီးတော့ ကျွန်တော်လည်း ဖတ်ခဲ့တယ် ”

“  ဒါဆို .. မိုးဝေ စာပေမဂ္ဂဇင်းရဲ့ ကဗျာအယ်ဒီတာတွေထဲမှာ အစ်ကိုကြီးရယ်၊ မောင်လေးအောင်ရယ်ပေါ့ ”
“  မိုးဝေစာပေမဂ္ဂဇင်းရဲ့ ကဗျာအယ်ဒီတာတွေထဲမှာ ကိုသွေးသစ်လည်း ပါခဲ့ပါတယ် ”

“  တကယ့် ကဗျာကောင်းတွေကို အစ်ကိုကြီးတို့က ရွေးထုတ်ပေးခဲ့ကြတာပဲနော် .. စာပေကျေးဇူး ကြီးမားခဲ့ကြတာပဲဗျာ ”
“ ဒီလိုပဲ လုပ်ခဲ့ကြတာပဲ ကိုဆောင်းရေ .. ဆရာနတ်နွယ်ကို ကျွန်တော်တို့ ဝိုင်းခဲ့၊ ဝန်းခဲ့ကြတာပေါ့ဗျာ ”

 အစ်ကိုကြီးတို့  မိုးဝေမဂ္ဂဇင်း  ကျွန်တော်နေတဲ့ တောင်ညွန့်ကနေပြီး  ကန်တော်ကလေး မန္တလေးလမ်းထဲကို နေရာရွှေ့သွားသေးတယ်နော်  ”
“ဟုတ်တယ် ..  ကိုဆောင်း  ..  မဂ္ဂဇင်း ဂျာနယ်တိုက်တွေကတော့ ဒီလိုပဲ အဆင်ပြေတဲ့နေရာ ရွှေ့ကြ ပြောင်းကြတာပဲ  ”
“  သွေးသောက်မဂ္ဂဇင်းဆိုလည်း ကျွန်တော်မှတ်မိသလောက် .. ၄၈ လမ်းကနေ ဗိုလ်အောင်ကျော်လမ်း အခန်းကိုပြောင်းတယ်။ စန္ဒာမဂ္ဂဇင်းဆိုလည်း လွစ္စလမ်းကနေပြီး ဘားလမ်းကို ပြောင်းတယ်။ ချယ်ရီလည်း ဒီလိုပါပဲ။ ရှုမဝမဂ္ဂဇင်းကတော့ ကျွန်တော်တို့သွားရင် အိမ်နဲ့ မဂ္ဂဇင်းတိုက်နဲ့ တတွဲတည်း ဆိုတော့ ဆင်းဒဝစ်လမ်း တနေရာတည်းမှာပဲ နေရာမြဲခဲ့တာတွေ့ရတယ် ”

[  လွစ္စလမ်း =  ယခု ..  ဆိပ်ကမ်းသာလမ်း ]
[ ဘားလမ်း =  ယခု ..  မဟာဗန္ဓုလပန်းခြံလမ်း ]
[ ဆင်းဒဝစ်လမ်း = ယခု ..  ဗိုလ်ရာညွန့်လမ်း ]

 နောက်ပိုင်းမှာ မိုးဝေမဂ္ဂဇင်းလည်း နေရာအပြောင်းအရွှေ့ တော်တော်ရှိခဲ့တယ်  ကိုဆောင်း ”
“ အယ်ဒီတာတွေကော  .. ဆရာမောင်သွေးသစ်လည်း   တာဝန်ခံအယ်ဒီတာ လုပ်ပေးခဲ့သေးတယ်လေ ”
“  ကိုအောင်မော်တို့ .. ကိုညိုသစ်တို့ .. ကိုသန်းအုန်းတို့လည်း အယ်ဒီတာတွေ လုပ်ခဲ့ကြတာပေါ့ ”
“ တပါတီ အာဏာရှင် စနစ်လက်ထက်မှာပဲ “တော်လှန်” ဆိုတဲ့ အသုံးအနှုန်းနဲ့ “ တော်လှန်ကဗျာ ” စာအုပ်ထွက်လာတာ သမိုင်းမှတ်တမ်းလို့ ဆိုချင်ပါတယ် အစ်ကိုကြီး ”
“ ဒါပေါ့ ကိုဆောင်းရဲ့ အဖိနှိပ်၊ အချုပ်အချယ်၊ အကန့်အသတ်တွေကြားက ထွက်လာတာပေါ့  .. သမိုင်းမှတ်တမ်းပေါ့ ”

အဲဒီ့ စာအုပ်မှာ  အစ်ကိုကြီးတို့  ‘ ၁ဝ ’  ယောက်ရေးကြတာနော် ”
“ ဟုတ်ပါ့ဗျာ ..  မောင်ချောနွယ်၊ မောင်စိမ်းနီ၊ စိုးမြင့်သိန်း၊ နီအောင်၊ မောင်ပြုပြင် (ကျုံပျော် )၊ ရွှေရတောင်ကုတ်၊ မောင်သွေးသစ်၊ အောင်ဇင်မင်းနဲ့ ကျွန်တော် .. ကျွန်တော်တို့ ၁ဝ ယောက် ၁၉၆၉ ခုနှစ်မှာ စာအုပ်ထွက်လာတယ်  ”

“ကျုပ်တို့ ကဗျာတွေဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး .. စတဲ့ လူတန်းစားတိုက်ပွဲတွေမှာ အုတ်တချပ်၊ သဲတပွင့်လောက် အထောက်အပံ့ ဖြစ်တယ်ဆိုရင် ကျုပ်တို့ ကျေနပ်တာပဲလို့ ကျွန်တော် ပြောလိုက်တာပဲ ကိုဆောင်းရေ ..” 

မွ န်းလွဲပိုင်းကျတော့ ကဗျာဆရာ ဇော်( ပျဉ်းမနား ) ရဲ့သား ဇော်မျိုးဟိန်း၊ စာရေးဆရာသင်း အောင်သန်း၊ အစ်ကိုကြီးကိုသင်းခိုင်နဲ့ ကျွန်တော်တို့ ပျဉ်းမနားမြို့ပြင်ခဏထွက်ပြီး ထမင်းစားကြတယ်။ ချစ်တီးထမင်းဟင်းက စားလို့မြိန်သားပဲ။ သူနဲ့အတူခုလို မြိန်ရည်ယှက်ရည် အတူထိုင်မစားခဲ့ကြရတာ ကြာခဲ့ပြီ။ ၂ဝ၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်မှာ သူရန်ကုန်ကို ခဏလာတုန်း တွေ့ကြရတာနောက်ဆုံးပဲ။ အဲဒီ့တုန်းက ရန်ကုန် ရွှေဂုံတိုင်နားက ‘  တော်ဝင်နှင်းဆီ ’ မှာ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စာပေအနုပညာရှင်တွေနဲ့ တွေ့ဆုံတော့ အဲဒီ့ပွဲမှာ ကျွန်တော်တို့ ဆုံမိကြတာလေ။ အစ်ကိုကြီးနဲ့ ခဏလေးပဲနှုတ်ဆက်လိုက်ရတယ်။ ခုမှ ပျဉ်းမနားက ထမင်းဆိုင်လေးမှာ စားရင်းသောက်ရင်း စကားလက်ဆုံ မကုန်ကြပြန်ဘူး။

တော်လှန်ကဗျာ ဆိုလို့ စကားဆက်ရဦးမယ် ကိုဆောင်းရေ .. စစ်အာဏာရှင် ဗိုလ်နေဝင်းရဲ့ မ.ဆ.လ တပါတီစနစ်အောက်မှာ တော်လှန်ကဗျာစာအုပ်ထွက်ခဲ့သလို မောင်နေဝင်း၊ နတ်နွယ်၊ မင်းကျော် တို့ကလည်း ‘  တော်လှန်စာပေ ’ ဆိုပြီး ထုတ်ဝေကြတယ်ဗျ ”  
“ တော်လှန်စာပေရဲ့ အဓိကမှာ ဘာတွေပါလဲ အစ်ကိုကြီး ”
“  စာပေသဘောတရား၊ စာပေအတတ်ပညာ၊ စာပေစည်းရုံးရေး ဆောင်းပါးတွေကို သူတို့က  စုစည်းပြီး ထုတ်လိုက်ကြတာဗျ။ နောက်တအုပ်ထပ်ထုတ်ကြပြန်တယ်။ အဲဒါက ‘ တော်လှန်စာပေ အတွေးအမြင် ’ ဆိုပြီးထုတ်တာ။ အဲဒီ့နှစ်အုပ်ကိုပဲ သူတို့ သုံးယောက် ပေါင်းပြီး ‘  တော်လှန်စာပေ၊ အတွေးအမြင်၊ အတွေ့အကြုံ  ’  ဆိုပြီး ထုတ်ကြသေးတယ်။

“  ဟုတ်ကဲ့ပါ  အစ်ကိုကြီး ..  နောက်တခု ကျွန်တော် သတိထားမိတာက  အစ်ကိုကြီးတို့ ဆယ်ယောက်ဆိုရင် တော်လှန်ကဗျာကို ထုတ်ကြတယ် .. အဲဒီ့မှာရေးတဲ့သူတွေကလည်း မိုးဝေ စာပေ မဂ္ဂဇင်းမှာ အင်နဲ့ အားနဲ့ ဝင်ရေးနေတဲ့သူတွေပဲ။ ဒါကြောင့်လည်း တော်လှန်ကဗျာနဲ့ မိုးဝေ ကဗျာခေတ် ဆိုတာဟာ ခွဲခြားလို့ မရဘူးလို့ ကျွန်တော် ထင်မိတယ် ”

“ မိုးဝေစာပေမဂ္ဂဇင်း၊ မိုးဝေကဗျာခေတ်နဲ့ တော်လှန်ကဗျာဟာ ကဗျာအယူအဆ၊ ကဗျာ အတွေးအခေါ်၊ ကဗျာရေးဖွဲ့တဲ့ပုံသဏ္ဌာန် အသစ်တွေကို ထုဆစ်ပုံဖော်လိုက်ကြတယ်လို့လည်း ပြောနိုင်သေးတယ်  ကိုဆောင်းရေ .. ”
“  ဟုတ်ကဲ့ .. အစ်ကိုကြီးတို့ ဝိုင်းခဲ့၊ ဝန်းခဲ့၊ ရေးခဲ့တဲ့ မိုးဝေစာပေမဂ္ဂဇင်းရဲ့ ဦးတည်ချက်ကိုက ခေတ်ကို ထင်ဟပ်ခဲ့တာ ကျွန်တော်တွေ့ရတယ်။ လူထုလူတန်းစားရဲ့ ဘဝအခြေအနေတွေကိုလည်း ကိုယ်စားပြုပြီး ရေးကြ၊သားကြတာကို မြင်ခဲ့ရတယ်။ အာဏာရှင်စနစ်ရဲ့ အကျဉ်းအကျပ်ထဲမှာပဲ ဒီလို စူးစူးရဲရဲတွေ ရသလောက်လုပ်သွားခဲ့ကြတာကိုက စာပေသမိုင်း မှတ်တမ်းတခုပဲလို့ ကျွန်တော်တော့ မြင်မိတယ် ..အစ်ကိုကြီး ” 

လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်၍၊
အမြင်အသစ်၊ အတွေးသစ်နှင့်၊
ခေတ်ကိုစမ်းကာ တီထွင်လာသော်၊
ကဗျာဘုရား၊ စာဘုရားဟု
ထင်ရှားသကို၊ ဤပုဂ္ဂိုလ်
နေလို၊ လလို ပါပဲလား။

ဒါဟာ ‘  န ’သတ်၊ ဒါ ‘ မ ’ သတ်ဟု
သတ်ပုံကျမ်းဆို၊
ခွဲခြမ်းစိတ်ဖြာ၊ ‘ အာ ’ တတ်ပါ၍၊
မြန်မာကဝိ ပညာရှိဟု၊
တိုင်းသိပြည်သိ ဟိုးဟိုးကျော်
တက္ကသိုလ်နှင့် အကြိုတက္ကသိုလ်
ကျောင်းတိုင်းလိုပင် စာဆိုလက်ရာ
ကဗျာပန်းကုံး၊ ရွှေစာမှုန်းပြီး
ကျောင်းသုံး ပြဌာန်းခံရ၏
ဤပုဂ္ဂိုလ်မှာ၊ ဘယ်သူပါလဲ
ဗေဒါ .. ဗေဒါ .. ဦးဗေဒါ .. ဧရာမကဗျာဆရာကြီးပါ။

တော်လှန်ကဗျာစာအုပ်ထဲမှာ  အစ်ကိုကြီးမောင်သင်းခိုင်က အခုလို ကဗျာဖွဲ့ပြီး “ ဆရာဦး ဗေဒါ၏ ဖုံး၍ ဖိ၍ မရသော သမိုင်းနောက်ခံကား ” ကိုမီးမောင်းထိုး ပြခဲ့တယ်။

အဲဒီ့ ကဗျာထဲမှာပဲ ..

လူ့သမိုင်းကို
ညာလှိုင်း၍များ ရသလားလေ၊
စဉ်းစားကြည့်ပါ လူကြီးမင်း
ခေတ်တိုင်း၊ ခေတ်တိုင်း
ရေစီးလှိုင်းမှာ မျောလိုက်လာသော
ကဗျာကဝိ ပညာရှိငဲ့
သင်၏သဏ္ဌာန် ပုံပန်းဟန်ကို
မှန်ထဲကြည့်ကာဆုံးဖြတ်ပါလော့၊
ငါဘာကောင်လဲ ဆိုတာလေ။

ဆိုပြီး မေးခွန်းထုတ်ခဲ့ပါသေးတယ်။ ခေတ်ရေစီးအတိုင်း မျှောပြီးလိုက်လာတတ်တဲ့ ပုဂ္ဂိုလ်တချို့ရဲ့ ပုံရိပ်တွေကို ကဗျာနဲ့ မီးမောင်း ထိုးပြလိုက်တာပါပဲ။

ကျွန်တော့်ရင်ထဲမှာ အမြဲတစေ အမှတ်ထင်ထင် ရှိနေနိုင်တဲ့ ကဗျာလေးတပုဒ်ကိုလည်း အစ်ကိုကြီးမောင်သင်းခိုင် ရေးခဲ့ပါသေးတယ်။ ပေဖူးလွှာမဂ္ဂဇင်းထဲက “ မလွမ်းဘယ်သူနေပါ့မယ် ”  တဲ့။ လွန်ခဲ့တဲ့ ဘဝတွေလား၊ လာမယ့် အနာဂတ်လား၊ ဒါမှမဟုတ် ကျွန်တော်တို့ နေထိုင်ရတဲ့ပစ္စက္ခ ဘဝတွေကိုများ  အစ်ကိုကြီးက ရည်ညွှန်း ဖွဲ့ဆိုခဲ့လေသလား။ ခံစားကြည့်ကြပါစို့ရဲ့ ..။

“မလွမ်းဘယ်သူနေပါ့မယ်” 

ဆွတ်ပျံ့ဘွယ်အောင်၊ ယုဂန်တောင်က
ဝေမှောင် အုံ့ပျ၊ နွေနှောင်းလ ..တဲ့
နတ်သျှင်နောင်ရဲ့ ရတုကဗျာ
အရောင်တွေ .. အရောင်တွေ ..
ခင်ဗျား မျက်ဝန်းအိမ်ထဲ ပြေးမဝင်လာဘူးလား။

မိခင်နို့ရည် ..
‘ ပီကာဆို ’ ရဲ့ ချိုးငှက်
‘ ဆန်တာကလော့စ် ’ရဲ့ မုတ်ဆိတ်ထူလဗြစ်
သိပ်ချစ်ဖို့ ကောင်းပါတယ်။

တိမ်ဆိုလို့
ကြက်မ တဝပ်စာတောင်မရှိ၊
ထပ်ပြီးပြောရဦးမယ်
တိမ်ဆိုလို့
မူးလိုရှူစရာမရှိ ..

ဒါပေမယ့် .. ခင်ဗျား
ကောင်းကင်ကြီးကို မော့ကြည့်လိုက်စမ်းပါ
‘ ဝေါ့ဒစ္စနေ ’ ကို
လှလှပပကြီး တွေ့လိုက်ရမှာသေချာတယ်။

‘  ဗန်ဂိုး ’ ရဲ့နေကြာပန်း
ကျေးလက်က မီးနေသည်မ မျက်နှာ

ဆန်းသလောက် မလင်းနိုင်ဘု
လမ်းတလျှောက် မသင်းနိုင်ဘု
ဦးကြော့ရဲ့ ပန်းပိတောက်မင်း

‘ ဘလော့ ’ ရဲ့ ဝင်းပတဲ့လေ
လက်ပံတောင်းတောင်က မီးတောက်မီးလျှံ
ပြီးတော့ မီးစွဲလောင်နေတဲ့ သံဃာများ
ကြေကွဲဝမ်းနည်းခြင်းအထိမ်းအမှတ် လက်ပတ်၊
သန်းခေါင်ယံ လကွယ်ည
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ..
ဘယ်တော့မှမေ့ပျောက်လို့မရတဲ့
အင်းစိန်ထောင်က ( ၆ ) တိုက်ည
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့
‘ မောင့်ဘဝညအလားကွယ် ’ မဟုတ်
ကျုပ်တို့အပါအဝင်၊
အဖိနှိပ်ခံပြည်သူတွေရဲ့ ဘဝဟာ
ညအလား .. တကယ်ဖြစ်ခဲ့တယ်။

နှစ်ပေါင်းငါးဆယ် ..
နှစ်ပေါင်းငါးဆယ်
ရာစုတဝက် ကြာခဲ့တယ် .. ကြာခဲ့တယ်။

ဟင်္သာပြဒါးလမ်းမပေါ်က သွေးစက်များ
‘မာရီလင်မွန်ရိုး’ ရဲ့ ပတ္တမြားနှုတ်ခမ်း
ကျုပ်တို့တွေ့ဖူးချင်လှတဲ့
အရုဏ်ဦး .. အရုဏ်ဦး .. အရုဏ်ဦး
‘ရှားဝုဖ် ’ သစ်တောထဲက‘ ရော်ဘင်ဟု ’
ဘိုလီးဘီးယား တောနက်ထဲက
ရဲဘော် ချေဂွေးဗားရား
ပဲခူးရိုးမ မြယာပင်
မြရွက်ထု ပိန်းပိန်းထဲက
တောမီးကို တောမီးနဲ့ လှန့်နှိုးခဲ့တဲ့
ရဲဘော်သခင်သန်းထွန်းနဲ့ ရဲဘော်များ
ခင်ဗျားတို့ရဲ့ စွန့်လွှတ်မှုကို
မလွမ်း ဘယ်သူနေပါ့မယ်
မလွမ်း ဘယ်သူနေပါ့မယ် ..  ….. တဲ့။

၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လတုန်းက အစ်ကိုကြီး ကိုသင်းခိုင်ရေးခဲ့တဲ့ ကဗျာပါ။ 

န်ကုန်ပြန်ဖို့အတွက် ပျဉ်းမနားဘူတာဘက်ကို မသွားခင်မှာ ဇော်မျိုးဟိန်းနဲ့အတူ ဘုရားကိုးဆူကို ဝင်ဖူးခဲ့တယ်။ ညဥ့်ဦးယံ ကာလမှာ တဆူနဲ့တဆူ တည်ထားဟန် ပုံသဏ္ဌာန်ချင်း မတူတဲ့ စေတီတော် ကိုးဆူဟာ ကြည်ညိုကြည်နူးဖွယ် သပ္ပာယ်လှပါတယ်။ ရှေးဟောင်း သမိုင်းဝင် တန်ခိုးကြီး ဘုရားဖြစ်ပါတယ်။ ဆုတောင်းပြည့်စေတီတော်တွေလို့လည်း သိရပါတယ်။  

ကဗျာဆရာ အစ်ကိုကြီး ကိုသင်းခိုင်နဲ့ ကျွန်တော် ပြည်တွင်းငြိမ်းချမ်းရေးအကြောင်း ပြောခဲ့ကြတုန်းက ထပ်တူထပ်မျှ မျှော်လင့်နေမိကြတာကတော့  …

“ စစ်ဘေးစစ်ဒဏ်တွေကို ဘယ်လိုမှ .. ဘယ်သောအခါမှ .. မြန်မာပြည်သူလူထုတွေ ရှေ့ဆက်မခံစား ကြရပါစေနဲ့တော့ ”  ဆိုတဲ့ကြီးမားလှတဲ့ မျှော်လင့်ချက်ပါပဲ။ ဆုတောင်းတွေသာ ပြည့်ခွင့်ရခဲ့မယ်ဆိုပါရင် ပြည်တွင်းငြိမ်းချမ်းရေး အမှန်တကယ် အမြန်ရစေချင်မိကြပါတယ်။ 

မန္တလေးဘက်ဆီက ဆင်းလာတဲ့ အမြန်ရထားဟာ ည ( ၉ ) နာရီတိတိမှာ ပျဉ်းမနားဘူတာကို ဝင်လာခဲ့ပြီ။

အလယ်ရိုးမရယ်
ကဗျာဆရာရယ်
မလွမ်းဘယ်သူနေပါ့မယ် .. ။

ဆောင်းဝင်းလတ်
ဒီဇင်ဘာ၊ ၂ဝ၁၇။