မန်းရှာခန်းမ – ဇီဝဇိုး

.

ဌာနချုပ်ရဲ့ စည်းဝေးခန်းမ
သူတို့ ကင်ပွန်းတပ်လိုက်ကြတယ်
ကန့်ကွက်သူမရှိ
တခဲနက်အတည်ပြုတာက
“မန်းရှာ” ခန်းမတဲ့။

သောင်ရင်း ကမ်းနဘေးပဲ ထားထား
ဒေါနတောင်စွယ်တွေပေါ်မှာပဲ နားနား
အကယ်လို့
မြို့တော်ဆီ ပြန်သွားရရင်တောင်မှ
ဒီအမည်ဟာ
ကမ္ဘာမကြေ ဥဒါန်းတွေဝေစေရမတဲ့။

သူဟာ ဖားစည်
ဒါပေမယ့်
ဟင်္သာလို ဝင်းပ
အောက်ချင်းငှက်လို အဆင်းလှခဲ့
တချိန်တည်းမှာ
ခြင်္သေ့မင်းရဲ့ စွမ်းပကားနဲ့
နဂါးလိုလဲ မာန်ဟုန်ပြင်းရဲ့
ဒေါင်းယောင်မဆောင်ပေမယ့်
ခွပ်ဒေါင်းတွေနဲ့ ယှဉ်တွဲကခဲ့။

သူဟာ အနီ
ဒါပေမယ့်
ဒါပေမဲ့ ကောင်းကင်ပြာကို ကိုယ်စားပြု
စစ်ခွေးတွေကို အံတုရင်း
စပယ်ငုံလေးတွေကိုမှ ချစ်တတ်သူဖြစ်ခဲ့။

ချစ်သူတွေကြားက
ချစ်သူပျောက်ကိုရှာတဲ့ တေးသွား
သံစုံမြည်ဟီး တီးခတ်
နှလုံးသားတူရိယာရဲ့ 
အနှိုင်းမဲ့သံစဉ်မို့
နှလုံးသားနားနဲ့ ဆင်မှရ
ဗီသိုဗင်ရဲ့  ဂန္တဝင်တေးသွား
မိုးဇက်ရဲ့  သံစဉ်များ
ဘယ်လိုပြိုင်ပြိုင် မနိုင်နိုင်ပဲ
ဟိုး … … …
ခပ်ဝေးဝေးမှာ ကျန်ခဲ့လေရဲ့ ။

ဇီဝဇိုး
ဧပြီ၊ ၁ဝ၊ ၂ဝ၁၇။