ရေဆန်လမ်းမှာ အလွမ်းတွေဝေ –
ခိုင်မာကျော်ဇော

.

“ကျနော်တို့ ကရင်တွေ နိုင်ငံရေး အတော်အားနည်းနေသေးတယ်။
နိုင်ငံရေးအားနည်းတော့ ရန်သူဟာ ကျနော်တို့အပေါ်မှာ
ဘယ်လောက်အထိ ကောက်ကျစ်တယ်၊ ယုတ်မာရက်စက်တယ် ဆိုတာကို မသိကြဘူး။
ကျနော်တို့ရဲ့ ကွဲပြားခြားနားချက်၊ အားနည်းချက်တွေကို အသုံးချပြီး
ကျနော်တို့ ကရင့်တော်လှန်ရေးနဲ့ ကေအဲန်ယူကို
အပြုတ်တိုက်ဖို့ ကြံစည်လုပ်ဆောင်နေတယ် ဆိုတာကို နားမလည်ကြဘူး။
တော်လှန်ရေး၊ နိုင်ငံရေးမှာ အတွေးအခေါ်အရ ကွဲလွဲမှုတွေ ရှိပါတယ်။
ကျနော်တို့ ကရင်တော်လှန်ရေး တလျှောက်လုံးမှာလည်း ရှိခဲ့တာပါပဲ၊
ဒီတခါ ကွဲတာကတော့ ကျနော်တို့ ကရင့်တော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ”

.

တီးမန်းရှာရေ …
အတီးက အတီးရဲ့ ယုံကြည်ချက်တွေ၊ အတီးရဲ့ အချစ်တွေကို ကျမတို့ ကရင်အမျိုး သားထုအတွက်သာမက တိုင်းရင်းသားလူမျိုးပေါင်းစုံကိုပါ ဝေငှထားခဲ့ပြီး ဟောဒီကမ္ဘာကြီးထဲကနေ သူရဲ ကောင်းပီသစွာနဲ့ ထွက်ခွာသွားခဲ့ပေမယ့် ကျမတို့ကတော့ အတီးရဲ့အကြောင်းကို သတိတရနဲ့ မမောနိုင်မပမ်း နိုင်ပြောကြရဦးမှာပါ။ အတီး သွေးနဲ့ခင်းခဲ့တဲ့၊ အတီး ယုံကြည်မျှော်လင့်တဲ့ ခရီးဆုံးပန်းတိုင်ဆီကို ဆက်လက် ချီတက်ရဦးမှာပါ။

အတီးကျဆုံးခဲ့တဲ့ ညက ကော်သူးလေ ကောင်းကင်ယံမှာ ကြယ်ကြီးတလုံး လင်းလက်ခဲ့တယ် အတီးရေ။ အဲဒီကြယ်ကြီးကို မြစ်ဝကျွန်းပေါ်ဒေသကပဲ ကြည့်ကြည့်၊ ပဲခူးရိုးမပေါ်ကပဲ ကြည့်ကြည့်၊ ဒေါနတောင်စဉ် တောင်တန်းပေါ်က ကြည့်ကြည့်၊ သံလွင်၊ သောင်းရင်းနဲ့ ယွန်စလင်း မြစ်ကမ်းနံဘေးကပဲ ကြည့်ကြည့်၊ ရွှန်းရွှန်းမြမြ လင်းလက်နေတာကို တွေ့ရတယ်။ အဲဒီကြယ်ကြီးရဲ့ လင်းလက်မှုမှာ တည်ကြည်တဲ့ သစ္စာတ ရားတွေ၊ မြင့်မြတ်မှု၊ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ငြိမ်းချမ်းမှုတွေပါတယ်။ တကယ်တော့ အဲဒီကြယ်ကြီးဟာ ကျမတို့ အားလုံးကို ခွန်အားများစွာ ပေးခဲ့တဲ့ ပဒိုမန်းရှာလားဖန်းဆိုတဲ့ ကြယ်ကြီးပါပဲ အတီးရယ်။

ဒိုမန်းရှာလားဖန်းဆိုတဲ့ အတီးကို တော်လှန်ရေးခရီးတကွေ့မှာ စပြီးတွေ့ခဲ့ရပေမယ့်လို့ တော်လှန်ရေးအ ပေါ်ထားတဲ့ အတီးရဲ့ ယုံကြည်ချက်တွေနဲ့ အတီးရဲ့ သစ္စာတရားတွေကတော့ ကျမဘ၀ သက်ဆုံးတိုင်အောင် သတိတရ ရှိနေဦးတော့မှာပါ။ အတီးဟာ ကျမဆုံဖူး တွေ့ဖူးတဲ့ ကရင်အမျိုးသား ခေါင်းဆောင်တွေထဲ မှာ ထူးခြားတဲ့ ခေါင်းဆောင်တဦးပါ။ ကျမအတွက်တော့ အတီးဟာ ခေါင်းဆောင်တဦးဖြစ် ရုံမက ဖခင်ဆိုလည်း ဟုတ်၊ ဆရာသမားဆိုလည်း ဟုတ်၊ ရဲဘော်ရဲဘက်လည်း ဟုတ်၊ ရေးဖော်ရေးဖက်ဆိုလည်း ဟုတ်ခဲ့တယ်။

တော်လှန်ရေးရဲ့ ဗဟိုဌာနချုပ်ကြီးတခုဖြစ်တဲ့ မာနယ်ပလော သောင်းရင်းမြစ် ကမ်းနံဘေးက ဥယျာဉ်ခြံတခု ထဲမှာ အတီးကို ကျမ စပြီးတွေ့ခဲ့ရတာပါ။ ကရင်ပုဆိုးအဟောင်း တထည်ကို ခပ်တိုတိုဝတ်ပြီး ဓားမကြီးတ ချောင်းနဲ့ ပေါင်းမြက်တွေ ရှင်းနေတဲ့ အတီးကို တွေ့လိုက်ရတုန်းက ကျမယုံတောင် မယုံခဲ့ဘူး။ အဲဒီက တည်းက ငါတို့ခေါင်းဆောင်ကြီးဟာ ရိုးသားလိုက်တာ၊ နှိမ့်ချလိုက်တာ၊ တော်လှန်ရေးသမား ပီသလိုက်တာဆို ပြီး ကျမ လေးစားဂုဏ်ယူခဲ့ရတာပါ။

အဲဒီနောက်တော့ မာနယ်ပလော သောင်းရင်းမြစ်ကမ်းနံဘေးက အတီးတို့ရဲ့ အိမ်လေးကို ကျမတို့ မကြာခဏ ရောက်ခဲ့တယ်။ အတီးနဲ့ မူဂါး စိုက်ပျိုးထားတဲ့ အသီးအနှံမျိုးစုံကို ကျမတို့ စားသုံးခဲ့တယ်။ အတီးတို့ရဲ့ တော်လှန်ရေး ဖြတ်သန်းမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ ကရင်တော်လှန်ရေး သမိုင်းအစ၊ အလှည့်အပြောင်း၊ အချိုးအကွေ့၊ အတက်အဆင်းတွေကို ကျမတို့ သင်အံလေ့လာခဲ့ရတယ်။ “တော်လှန်ရေးသမားကောင်းတွေဟာ အရာရာကို ပေးဆပ်ရဲကြတယ်။ စိတ်နေစိတ်ထား နှိမ့်ချတယ်၊ လိုအပ်ရင် သူတို့အသက်ကိုတောင် ပေးကြဖို့ ဝန်မလေးကြဘူး၊ ကရင်တော်လှန်ရေးထဲမှာ ဒီလိုပေးဆပ်သွားတဲ့ ခေါင်ေးဆာင်တွေ၊ ရဲဘော်တွေ အများကြီးရှိတယ်”လို့ အတီးပြောခဲ့တယ်နော်။

တီးပြောခဲ့တဲ့ စကားအတိုင်းပဲ အတီးကိုယ်တိုင် ကျမတို့ကို လက်တွေ့လုပ်ဆောင် ပြသခဲ့တယ်နော်။ မယ်သရောထာ တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကြီး ကျင်းပပြီးတဲ့နောက် ကေအဲန်ယူ တပ်မဟာ(၆)ဒေသကို နဝတက အင်အားအလုံးအရင်းနဲ့ စစ်ဆင်တော့ ကေအဲန်ယူ အခြေခံဒေသက ပြည်သူတွေဟာ ထိုင်း-မြန်မာနယ်စပ်ကို ကမ္ဘာပျက်သလို ထွက်ပြေးလာကြတယ်။ ကလေးသူငယ်တွေ၊ သားသည်မိခင်တွေ၊ မသန်မစွမ်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေဟာ ဘယ်သူ့ဘယ်သူမှ မကူနိုင်မကယ်နိုင်ပဲ ပြေးလွှားနေရတဲ့ အချိန်မှာ ပလိုင်းရှည်ကြီးတလုံးကို ကျောမှာပိုး၊ နို့စို့ကလေးတဦးကို ရင်ဘတ်မှာ လွယ်ပြီး ကျန်ကလေးငယ် (၂)ယောက်ကို ဘယ်ညာဆွဲကာ လူတန်းကြီးနောက် အမီလိုက်နေတဲ့ သားသည်မိခင်တဦး အနားကို အတီး အပြေးရောက်သွားခဲ့တယ်။ အတီးက အဲဒီအမျိုးသမီးရဲ့ ပလိုင်းရှည်ကြီးကို ယူပြီး ကျောမှာပိုး၊ ကလေးတယောက်ကို ပွေ့ချီပြီးတော့ ဒုက္ခသည်တွေ စုဝေးရာ သက်ကယ်တောအထိ အရောက်ပို့ပေးခဲ့တယ်။ ပလိုင်းရှည်ကြီးကို လွယ်ပိုးပြီး ဖုန်ထူထူကြားမှာ ဒုက္ခသည်တွေနဲ့အတူ လိုက်ပါသွားတဲ့ အတီးရဲ့ပုံရိပ်ကို ကျမရဲ့ အမြင်အာရုံထဲမှာ ဒီနေ့အထိ မြင်ယောင်နေဆဲပါ အတီးရယ်။

တီးနဲ့ သိကျွမ်းရင်းနှီးခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ အတီးအကြောင်းကို ပိုပြီးတော့ သိလာခဲ့ရသလို ပိုပြီးတော့လည်း လေးစားလာခဲ့ရပါတယ်။ ကရင့်တော်လှန်ရေး နေရာဒေသတွေ ဘယ်လိုပဲပြောင်းပြောင်း၊ ရာထူးတာဝန်တွေ ဘယ်လိုပဲပြောင်းပြောင်း အတီးရဲ့ ရိုးသားမှု၊ နှိမ့်ချမှု၊ မာန်မာနကင်းမှု၊ အနေအထိုင်၊ အစားအသောက်၊ အသုံးအဆောင်၊ အ၀တ်အထည်အပေါ်မှာ ခြိုးခြံချွေတာမှုကတော့ မပြောင်းမလဲဘဲ ရှိနေခဲ့တယ်။

ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး၊ ပဒိုမန်းရှာလားဖန်းဆိုတဲ့ အတီးမှာရှိတဲ့ အ၀တ်အစားတွေကို ရေတွက်ကြည့်ရင် လက် (၁၀)ချောင်းတောင် မပြည့်ပါဘူး။ ခေါက်ဆွဲကို သိပ်ကြိုက်တဲ့ အတီးဟာ ဈေးချိုတဲ့ (၃) ဘတ်တန် ခေါက်ဆွဲခြောက်ထုတ်ကိုတောင်မှ တရက်ခြား၊ နှစ်ရက်ခြားလောက်မှ တခါစားခဲ့တယ်။ တကယ်ဆို ဒီထက်မက ဈေးကြီးတဲ့ ခေါက်ဆွဲထုတ်ကို နေ့တိုင်းလိုလို အတီးစားနိုင်ပါတယ်။ ဒါပေမယ့် အတီးက မစားခဲ့ဘူး။ အတီးရင်ထဲမှာ ထမင်းငတ်နေ၊ ဆန်ပြုတ်သောက်နေရတဲ့ ပြည်သူလူထုတွေ၊ ၀ဥ၊ ကြွေးဥနဲ့ မျှစ်တွေကိုသာ စားနေရတဲ့ ကရင်ပြည်တွင်းဒုက္ခသည်တွေ ရှိနေခဲ့တယ် မဟုတ်လား။

ခြေအနေအရ မဲဆောက်မြို့မှာ တိုက်နဲ့ကားနဲ့ နေရပေမယ့် အတီးတနေ့မှ မပျော်ဘူးဆိုတာ ကျမသိတယ်။
“ကျနော် ဒီတိုက်အိမ်ကြီးပေါ်မှာ မနေချင်ဘူး။ ကားတွေလည်း ကျနော်မစီးချင်ဘူး။ ဇိမ်ခံရတဲ့ ပစ္စည်းတွေကို လည်း ကျနော်မလိုချင်ဘူး။ ကျနော်က တိုက်ကြီးပေါ်မှာ နေရပေမယ့် ကျနော်တို့ လူမျိုးတွေ ဆင်းရဲဒုက္ခ ရောက်နေတာ အများကြီးပဲ။ ဒါကြောင့် ဒီလိုနေရတာကို ကျနော်မနေချင်ဘူး”လို့ အတီး မကြာခဏပြောလေ့ရှိတယ်။ တော်လှန်ရေးသမားဘ၀ ဖြစ်ရတာကို ဂုဏ်ယူကျေနပ်တဲ့ အတီးဟာ တော်လှန်ရေးနယ်မြေမှာပဲ လှုပ်ရှားသွား လာချင်သူပါ။ ဒါကြောင့်လည်း ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေထဲက အတီးရဲ့ စခန်းလေးကို အမြဲလိုလို သွားတယ်။ အတီးကိုယ်တိုင် ပါဝင်ပြီးတော့ တဲတွေဆောက်၊ သင်တန်းခန်းမတွေ ဆောက်ခဲ့တယ်။ သီးပင်စားပင်တွေ၊ သစ်ပင်ပန်းမာန်တွေ စိုက်ပျိုးပြီး ကိုယ်တိုင်လည်း ရေလောင်းပေါင်းသင် လုပ်ခဲ့တယ်။

ဒု က္ခသည် စခန်းတွေကိုလည်း အတီးရောက်တာပါပဲ။ အတီးနဲ့အတူ ဒုက္ခသည်စခန်းတခုကို သွားခဲ့တုန်းက ဖိနပ်မပါ ခြေဗလာနဲ့ ပြေးလွှားဆော့ကစားနေတဲ့ ကလေးတွေကို မြင်တော့ အတီးက အတီးရဲ့ငယ်ဘ၀ကို သတိတရနဲ့ ပြန်ပြောပြတယ်။ “ကျနော်တို့ ငယ်ငယ်က မိဘတွေက အရမ်းချို့တဲ့တာ။ ကျနော် ငယ်ငယ်လေးထဲကနေ အသက် ၁၂နှစ်အထိ အမေက ကျနော့်ကို ဖိနပ်တခါ မ၀ယ်ပေးဖူးဘူး။ ကျနော်တို့ရွာက ကလေးတွေမှာလည်း ဖိနပ်မရှိကြဘူး။ ကျနော်ဆို အသက် ၁၂ နှစ်အရွယ်အထိ ခြေဗလာနဲ့ပဲ ကျောင်းတက်ခဲ့ရတာ”။ ဒါကြောင့်လည်း အတီးဟာ ဖိနပ်ဟောင်းတွေဆို မပစ်ရက်ဘူး။ ဟောင်းလို့ ပစ်ထားခဲ့တဲ့ သားသမီးတွေရဲ့ ဖိနပ်တွေကို အတီးကိုယ်တိုင် ပြုပြင်ချုပ်လုပ်ပြီးတော့ ပြန်စီးခဲ့တယ်။ ဒီလို ခြိုးခြံချွေတာပေမယ့် ရှေ့တန်းက ရဲဘော်တွေ၊ ခြေ၊ လက်၊ မျက်စိ စွန့်လွှတ်ပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေ၊ ကျန်းမာရေးချို့တဲ့ လုပ်ဖော်ကိုင်ဖက်တွေ အတွက်တော့ အတီးဘယ်တော့မှ လက်မနှေးခဲ့ဘူး။

တီးက အမျိုးသားရေး၊ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ကျောင်းသားလူငယ်တွေနဲ့ အမျိုးသမီးတွေအပေါ် မှာလည်း အားပေးခဲ့၊ မျှော်လင့်ခဲ့၊ ယုံကြည်အားထားခဲ့တဲ့ ခေါင်းဆောင်တဦးပါ။ မိခင်အဖွဲ့အစည်းရဲ့ လုပ်ငန်းတာဝန်တွေ၊ တပ်ပေါင်းစု တာဝန်တွေကို အချိန်ပြည့်နီးပါး ထမ်းဆောင်နေရပေမယ့် လူငယ်တွေ၊ အမျိုးသမီးတွေ ဖိတ်ကြားတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေကိုလည်း မပျက်မကွက် တက်ရောက်ပြီးတော့ အားပေးစကားတွေပြောခဲ့၊ နိုင်ငံရေးတရားတွေ ဟောခဲ့သူပါ။ လူကြီးလူငယ်မခွဲ၊ လူမျိုးဘာသာမခွဲ၊ ရာထူး အဆင့်အတန်း မခွဲ၊ အတွေးအခေါ် အယူအဆမခွဲဘဲ လူတိုင်းကို တန်းတူရည်တူ တန်ဖိုးထားပြီး တလေးတစားရှိတဲ့ အတီးကို ကျမတို့ ဘယ်လိုမေ့ပျောက်လို့ ရနိုင်မှာလဲ။

ကျမအတွက်ကတော့ အတီးရဲ့ စာတွေ၊ ကဗျာတွေအပေါ် ချစ်တဲ့စိတ်၊ သစ်ပင်ပန်းမာန်တွေအပေါ်မှာ မြတ်နိုးတွယ်တာစိတ်က အများနဲ့ မတူတဲ့ ထူးထူးခြားခြား အမှတ်ရစရာတွေပါ။ ကျမရေးတဲ့ စာတွေ၊ ကဗျာတွေကို ဘယ်သူမှ သတိမထားမိသေးတဲ့ အချိန်ကတည်းက အတီးက ကျမကို အားပေးခဲ့တယ်။ နောက်ပိုင်း စာတွေ အရေးစိပ်လာတဲ့အခါမှာလည်း ကျမရဲ့ စာတွေ၊ ကျမရဲ့ ကဗျာတွေကိုဖတ်ပြီး တလေးတစားနဲ့ ချီးကျူးခဲ့တယ်။

ခိုင်မာရေ ခင်ဗျားရေးတဲ့ စာတွေ၊ ကဗျာတွေ တော်တော်ကောင်းတယ်၊ ကျနော်တို့ ကရင်ထဲမှာ ဒီလို စာတွေ၊ ကဗျာတွေ ရေးတဲ့လူက သိပ်ရှားတယ်။ တကယ်ဆို ကျနော်တို့ လူမျိုးတွေရဲ့ အကြောင်းအရာ၊ အဖြစ်အပျက်၊ အခြေအနေတွေကို ရေးမယ်ဆို ရေးစရာတွေ အများကြီးပဲ။ ရေးပါဗျာ၊ ကျနော်တော့ အားပေးတယ်”။ ကျမကို ဒီလိုအားပေးခဲ့သလို တရင်းတနှီးနဲ့လည်း နောက်ပြောင်ခဲ့ဘူးတယ်။

“ကျနော်က စာရေးဆရာမ၊ ကဗျာဆရာမကို ချွေးမ သိပ်တော်ချင်တာ။ ကျနော် တော်ချင်တဲ့ ချွေးမကလည်း ကျနော့် သားကို မကြိုက်၊ ကျနော့် သားကလည်း ကျနော်တော်ချင်တဲ့ ချွေးမကို မကြိုက်”လို့ပြောပြီး ရယ်မောနေတဲ့ အတီးမျက်နှာကို ကျမ မြင် ယောင်နေသေးတယ်။

က္ကသိုလ်ကျောင်းသားဘ၀ထဲက စာပေတွေကို လေ့လာလိုက်စားပြီး ကလောင်စသွေးခဲ့တဲ့ အတီးဟာ ရေဆန်၊ မန်းရှာ၊ မန်းရှာလားဖန်း၊ နန့်ဇိုယာဖန်း၊ လေ့လာသူတဦး၊ တိုက်ပွဲဝင်ရဲဘော်တဦးဆိုတဲ့ ကလောင်အမည်တွေနဲ့ ကဗျာတွေ၊ အတွေးအခေါ်နဲ့ တော်လှန်ရေး ဆောင်းပါးတွေကို ကေအဲန်ယူကထုတ်တဲ့ သနူးထူးဂျာနယ်၊ ထောမဲပါဂျာနယ်၊ တော်လှန်ရေးနယ်မြေထုတ် မဒတ ဂျာနယ်နဲ့ အခြားသတင်းစာ၊ ဂျာနယ်တွေမှာ အမြဲလိုလို စာတွေရေးခဲ့တယ်။ စာတွေ ကဗျာတွေကိုချစ်၊ စာတွေ၊ ကဗျာတွေကို ကိုယ်တိုင်လည်း သီကုံးရေးဖွဲ့တဲ့ အတီး ဟာ ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီ၊ ကာတွန်းစတဲ့ စာပေရေးရာ ပုဂ္ဂိုလ်ကြီးငယ် အားလုံးကိုလည်း တန်ဖိုးထား လေးစားသူပါ။

မာနယ်ပလောကျပြီးနောက် သနူးထူးဂျာနယ် ထုတ်ဝေရေးကိစ္စကို အတီးကိုယ်တိုင် တာဝန်ယူဆောင်ရွက်ရတဲ့ အချိန်မှာတော့ ဂျာနယ်ထုတ်ဝေရေးအတွက် ကျမကို အမြဲလိုလို တိုင်ပင်ဆွေးနွေးခဲ့၊ အတီးကိုယ်တိုင်လည်း တော်လှန်ရေး နယ်မြေရောက် စာရေးဆရာ၊ ကဗျာဆရာတွေဆီမှာ တလေးတစားနဲ့ စာမူတွေတောင်းခဲ့၊ ကျမကိုလည်း ကဗျာတွေ စာတွေရေးဖို့ တိုက်တွန်းနှိုးဆော်ခဲ့။ ကိုယ်တိုင်လည်း ကလောင်အမည်မျိုးမျိုးနဲ့ တကုန်းကုန်းနဲ့ ရေးခဲ့တာတွေဟာ ကျမ မျက်ဝန်းထဲမှာ တရစ်ဝဲဝဲပါ။ ကျမ ဘယ်လိုမှ မေ့လို့မရနိုင်တာက ဂျာနယ်အတွက် ကွန်ပြူတာရှေ့မှာ ကျမတို့စာစီ၊ စာရိုက်၊ ဒီဇိုင်းတွေ ပြင်ဆင်ချိန်မှာ အတီးက နောက်ဖေး မီးဖိုချောင်ထဲမှာ ငရုပ်သီးစိမ်းတွေ ထောင်း၊ ဟင်းရွက်စုံ တာလပေါ့ဟင်းကို ကျကျနန ချက်ပြီး ကျမတို့ကို ကျွေးခဲ့။ ကျမတို့ စားခဲ့တဲ့ ပန်းကန်တွေကိုလည်း အားလုံးသိမ်းကျုံးပြီး ဆေးကြောပေးခဲ့ တာတွေပါ။

တီးက တပည့်၊ ရဲဘော်တွေအပေါ်မှာ နားလည်မှု၊ ကြင်နာမှုရှိရုံမက သားသမီးနဲ့ ဇနီးသည်အပေါ်မှာလည်း ကြင်နာမှုအပြည့် ရှိသူပါ။ မူးဂါးနမ့်ကျင်ရွှေ အိပ်ရာထဲ ဘုန်းဘုန်းလဲတော့ အလုပ်တာဝန်တွေကြားက နေ့မအိပ် ညမအိပ် ပြုစုခဲ့တာတွေ။ မူးဂါးရဲ့ အကျီင်္တွေ၊ ထမီတွေကို ကိုယ်တိုင်လျှော်ဖွတ် ပေးခဲ့တာတွေ။ အရိုးစုလိုဖြစ်နေတဲ့ မူးဂါးခန္ဓာကိုယ်လေးကို ကြင်ကြင်နာနာ ထူမတ်ပြီး ဆန်ပြုတ်ပူပူလေးကို တယုတယနဲ့ တိုက်ကျွေးခဲ့တာတွေကို ကျမ ဘယ်လိုမေ့လို့ရမှာလဲ။

တီးရဲ့ ငယ်ပေါင်းကြီးဖက်လည်း ဖြစ်၊ ရဲဘော်ရဲဘက်လည်း ဖြစ်၊ တိုက်ဖော်တိုက်ဖက်လည်း ဖြစ်၊ အတီးရဲ့ စတုတ္ထသူရဲကောင်းလည်း ဖြစ်ခဲ့တဲ့ မူးဂါးနမ့်ကျင်ရွှေ ဆုံးပြီးတဲ့နောက်မှာ အတီးဟာ ပန်းပင်တွေအပေါ်မှာ ပိုပြီး သံယောဇဉ်ကြီးတာလာကိုလည်း ကျမသတိထားမိတယ်။ တနယ်ထဲသား၊ တောသူတောင်သား သားသမီးတွေ ဖြစ်ကြတဲ့ အတီးနဲ့ မူဂါးဟာ၊ ဘ၀တူ၊ ဝါသနာတူ၊ စိတ်တူသဘောတူ ရှိခဲ့တယ်။ ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေး ခရီးကြမ်းထဲမှာ အတူဖြတ်သန်းခဲ့ကြပြီး တဦးနဲ့တဦး နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုတွေ ပိုမိုခိုင်မာလာတဲ့အချိန်မှာ မူးဂါးနမ့်ကျင်ရွှေ အတီးနားက ထွက်ခွာသွားတော့ အတီး အတော်ကြေကွဲ ခဲ့ရတယ် မဟုတ်လား။ အတီးက မူဂါးကို သားသမီးတွေ အတောင်အလက် စုံတဲ့အထိ၊ ကရင်တော်လှန်ရေး ခရီးဆုံးအထိ အေးအတူပူအမျှ အတူရှိနေစေချင်သေးတယ် မဟုတ်လား။ မူးဂါး ဆုံးပါးပြီးတဲ့နောက်မှာ အတီးရဲ့အဖော်ဟာ မူဂါးနမ့်ကျင်ရွှေ နှစ်သက်တဲ့ ယုဇနပန်းတွေ ဖြစ်လာတယ်။ မူဂါးအတွက်ရ ည်စူးပြီး စိုက်ပျိုးထားတဲ့ ယုဇနပန်းပင်လေးကို ညနေတိုင်း ရေလောင်းပေးရင်းနဲ့ မူဂါးကို လွမ်းတဲ့စိတ်တွေကို အတီးဖြေသိပ်ခဲ့တယ် မဟုတ်လား။ အတီးရဲ့ စာအုပ်စဉ် ယိုင်နဲ့နဲ့လေးပေါ်မှာက မူးဂါးနမ့်ကျင်ရွှေရဲ့ဓာတ်ပုံရှေ့မှာ ယုဇနပန်းတွေကို အတီး အမြဲစိုက်ထိုးပေးခဲ့တယ်နော်။

တီးဟာ သားသမီးနဲ့ ဇနီးသည်ကို ကြင်နာခဲ့၊ စာပေတွေကို မြတ်နိုးခဲ့၊ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်တွေကို တန်ဖိုးထားလေးစားခဲ့သလို ကရင်အမျိုးသားထု တရပ်လုံးကိုလည်း လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ စည်းလုံးချစ်ကြည်မှုတွေကို အပြည့်အ၀ ရရှိခံစားစေချင်တဲ့ ခေါင်းဆောင်တဦးပါ။ န၀တက ကေအဲန်ယူကို ဘာသာရေးအရ သပ်လျှိုသွေးခွဲခဲ့လို့ သူးမွဲထာဒေသ မြစ်ဆုံအရေးအခင်းဖြစ်တော့ အတီးနဲ့ ကေအဲန်ယူ ခေါင်းဆောင်ကြီးတွေ စိုးရိမ်သောက ဖြစ်ခဲ့ကြ၊ စေ့စပ်ညှိနှိုင်းရေးတွေ လုပ်ခဲ့ကြ။ အတီးအပါအ၀င် မဟာမိတ် ခေါင်းဆောင်ကြီးတွေ ကေအဲန်ယူထဲက ကရင်ဗုဒ္ဓဘာသာဝင်တချို့ ခွဲထွက်မသွားအောင် ဝိုင်းဝန်းကြိုးပမ်းခဲ့ပေမယ့်လို့ န၀တရဲ့ ထောင်ချောက်ထဲကို ရောက်ရှိတဲ့ ဗုဒ္ဓဘာသာဝင် ကရင်တချို့ကို ဘယ်လိုမှ ဆွေးနွေးလို့ မရတော့တဲ့အပြင် အတီးတို့ကိုတောင် လုပ်ကြံသတ်ဖြတ်ဖို့အထိ လုပ်ခဲ့တာတွေ၊ အတီးတို့ အသက်ဘေးက လွတ်အောင် ရုန်းထွက်ခဲ့ရတာတွေကိုသိရတော့ ကျမတို့ အတော့်ကို ထိခိုက်နာကျင်ခဲ့ရပါတယ်။ ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ရတဲ့ ဗုဒ္ဓဘာသာဝင် ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ အတီးရဲ့ခံစားရတာကတော့ ကျမတို့ထက် အများကြီးပိုမှာပါ။ ကရင်ဗုဒ္ဓဘာသာဝင်တချို့ ကေအဲန်ယူထဲက ခွဲထွက်ပြီး န၀တ လက်အောက် ရောက်ရှိသွားတော့ အတီး ယူကျုံးမရဖြစ်ပြီး မျက်ရည်ကျတယ်လို့ မူးဂါးနမ့်ကျင်ရွှေ ပြန်ပြောပြလို့ ကျမတို့ သိခဲ့ရပါတယ်။

ဒီကေဘီအေ ခွဲထွက်သွားတဲ့ ကိစ္စမှာ
“ကျနော်တို့ ကရင်တွေ နိုင်ငံရေး အတော်အားနည်းနေသေးတယ်။ နိုင်ငံရေးအားနည်းတော့ ရန်သူဟာ ကျနော်တို့အပေါ်မှာ ဘယ်လောက်အထိ ကောက်ကျစ်တယ်။ ယုတ်မာရက်စက်တယ် ဆိုတာကို မသိကြဘူး။ ကျနော်တို့ရဲ့ ကွဲပြားခြားနားချက်၊ အားနည်းချက်တွေကို အသုံးချပြီး ကျနော်တို့ ကရင့်တော်လှန်ရေးနဲ့ ကေအဲန်ယူကို အပြုတ်တိုက်ဖို့ ကြံစည်လုပ်ဆောင်နေတယ် ဆိုတာကို နားမလည်ကြဘူး။ တော်လှန်ရေး၊ နိုင်ငံရေးမှာ အတွေးအခေါ်အရ ကွဲလွဲမှုတွေ ရှိပါတယ်။ ကျနော်တို့ ကရင်တော်လှန်ရေး တလျှောက်လုံးမှာလည်း ရှိခဲ့တာပါပဲ၊ ဒီတခါ ကွဲတာကတော့ ကျနော်တို့ ကရင့်တော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ”လို့ အတီး မှတ်ချက်ချခဲ့တာကို ကျမ ကောင်းကောင်း မှတ်မိနေပါတယ်။

ဒီ ကေဘီအေဆိုပြီး ခွဲထွက်သွားပြီးတဲ့နောက်မှာ ကရင်အမျိုးသားအချင်းချင်း ပြန်လည်ပေါင်းစည်းဖို့အတွက် အတီးအပါအ၀င် ကေအဲန်ယူခေါင်းဆောင်ကြီးတွေ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြပါသေးတယ်။ ဒါပေမယ့် နအဖရဲ့ ညွန်ကြားချက်အတိုင်း ကေအဲန်ယူစခန်းတွေကို ဒီကေဘီအေ ဘက်ကနေ အကြိမ်ကြိမ် တိုက်ခိုက်လာတဲ့အခါမှာတော့ သတင်းမီဒီယာတွေကနေ ရန်၊ ငါ စည်းခြား ပြတ်ပြတ်သားသားပြောခဲ့သူဟာ အတီးပါ။ ဒါပေမယ့် ကရင်တွေ အကွဲကွဲအပြားပြားဖြစ်နေ၊ ကရင်အချင်းချင်း ပြန်တိုက်နေရတာကိုတော့ အတီး နှလုံးကြေကွဲမတတ် ခံစားခဲ့ရတယ် မဟုတ်လား။ ဒီကေဘီအေကိစ္စ ဆွေးနွေးလိုက်တိုင်း ကြည်လင်နေတဲ့ အတီးမျက်နှာဟာ ရွာတော့မယ့်မိုးလို မှုန်မှိုင်းသွားပြီး “ကျနော်တို့ ကရင်တွေ စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ် ဖြစ်ကြရင် သိပ်ကောင်းမယ်ဗျာ”လို့ပြောပြီး သက်ပြင်းရှည်ကြီးကို အတီးချတတ်တယ်။

မြ စ်ဝကျွန်းပေါ် ဧရာဝတီမြစ်ဝှမ်းလွင်ပြင် ဇာတိ၊ ဗုဒ္ဓဘာသာဝင် အနောက်ပိုးကရင်တဦးဖြစ်တဲ့ အတီးဟာ တောင်ပေါ်မြေပြန့်မခွဲဘဲ၊ စကောကရင်၊ ပိုးကရင် မခွဲ၊ အရှေ့ပိုး၊ အနောက်ပိုး မခွဲဘဲ၊ ကရင်တမျိုးသားလုံးကို တန်းတူရည်တူ ချစ်ခဲ့တယ်။ အခုတော့ အတီးချစ်တဲ့ ကရင်တွေက “မင်္ဂလာညနေခင်းပါ အတီး”လို့ နှုတ်ဆက်ပြီးတော့ အတီးရင်ဝ တည့်တည့်ကို ကျည်ဆံတွေ ပစ်သွင်းသွားခဲ့တယ်။ အတီး အံ့အားသင့်နေခဲ့တယ် မဟုတ်လား။ အတီး တချက်ကလေးမှ မညည်းညူခဲ့သလို အဲဒီကရင်တွေကိုလည်း အတီး အပြစ်မယူခဲ့ဘူး မဟုတ်လား။ ဒီအကြောင်းကို အတီးကိုယ်တိုင် သတင်းသမားတွေကိုပြောခွင့်ရမယ်ဆိုရင် “ဒါဟာ အိမ်ကြက်အချင်းချင်း အိုးမဲသုတ်တဲ့ နအဖရဲ့ ရက်စက် ယုတ်မာမှု၊ နအဖစစ်အစိုးရရဲ့ အကြမ်းဖက်မှု”လို့ အတီးပြောမှာ သေချာပါတယ်။

တီးကျဆုံးသွားခဲ့တဲ့ ညနေခင်းဟာ ချစ်သူများရဲ့ ညနေခင်းပါ။
ကျမတို့ အားလုံးအတွက်တော့ အတီးကို မှတ်မှတ်ရရ အမြဲရှိနေမယ့် ညနေခင်းပါပဲ အတီးရယ်။ အတီးလျှောက်ခဲ့တဲ့ လမ်းကို ပြန်ကြည့်ရင် လွမ်းစရာတွေ အတိနဲ့ပါ။
အခုတော့ ရေဆန်ဆိုတဲ့ မန်းရှာလားဖန်းရဲ့ အရိုးပြာကို သူ့ရဲ့ ရဲဘော်ရဲဘက်တွေက သောင်ရင်းမြစ်ရေလျဉ်ထဲမှာ မျှောချနေကြပြီ အတီးရေ။
အတီးရဲ့ အရိုးပြာထဲမှာ ကရင်ပြည်သူတွေနဲ့အတူ တိုင်းရင်းသား လူမျိုးပေါင်းစုံကိုချစ်တဲ့ အတီးရဲ့ အချစ်တွေပါတယ်။ မြန်မာပြည်သူလူထုတရပ်လုံး နအဖ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရမယ်ဆိုတဲ့ အတီးရဲ့ ယုံကြည်ချက်တွေပါတယ်။
စစ်အာဏာရှင်စနစ် မုချကျဆုံးရမယ်ဆိုတဲ့ အတီးရဲ့ ယုံကြည်ချက်တွေပါတယ်။

သာင်ရင်းမြစ် ရေလျဉ်ကြောမှာ မန်းရှာလားဖန်းရဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေ စီးမျောနေပြီ အတီးရေ။ အတီးရဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေဟာ သောင်ရင်းမြစ်ထဲကနေ သံလွင်မြစ်မကြီးထဲကို စီးမျောသွားလိမ့်မယ်။ သံလွင့်မြစ်မကြီးရဲ့ မြစ်လက်တက်၊ မြစ်ခွဲတွေဆီကတဆင့် အတီးရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေက ဧရာဝတီမြစ်ကြီးထဲကို စီးဝင်ရောက်ရှိသွားလိမ့်မယ်။ ဧရာဝတီမြစ်ကြီးထဲ ရောက်ရှိသွားတဲ့ အတီးရဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေဟာ ရပ်တန့်မနေဘဲ မြန်မာနိုင်ငံတ၀န်းဆီကို ပျံ့နှံ့ရောက်ရှိသွား မယ်ဆိုတာ ကျမ အခိုင်အမာ ယုံကြည်နေပါတယ်။

ခိုင်မာကျော်ဇော